ကုလ သံတမန် ဘက်လိုက်မှု ကင်းရဲ့လားလို့ အစိုးရက မေးခွန်းထုတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒုချီးရားတန်း ဖြစ်ရပ်မှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ယူဆနိုင်တဲ့ အခြေ အနေရှိနေလို့ ကုလသမဂ္ဂနဲ့ ပူးပေါင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ မြန်မာနိုင်ငံ လူ့ အခွင့် အရေးဆိုင်ရာ အထူး သံတမန် မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို မြန်မာ အစိုးရ ဘက်က ပယ်ချလိုက် ပါတယ်။
မစ္စတာ ကင်တားနား ကိုယ်တိုင်ကရော ဘက်လိုက်မှု ကင်းရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
လွတ်လပ်တဲ့ ကော်မရှင် ဆိုတာကို လုပ်ထုံး လုပ်နည်းတွေ အရသာ ဆုံးဖြတ်သင့်ပြီး ကိုယ်ပါဝင်စေချင်သူတွေ မပါလို့ မလွတ်လပ်ဘူး ပြောတာကတော့ ဘက်လိုက်ပြီး နိုင်ငံတကာ စံတွေနဲ့ မကိုက်ညီဘူးလို့ သတ်မှတ်ရမှာ ဖြစ်ကြောင်းသူက ပြောပါတယ်။
မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာပေမယ့် လိုအပ်နေတာတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူး သံတမန် အဖြစ် မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်တဲ့ ခရီးစဉ်မှာ မစ္စတာ ကင်တားနားက ပြောခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်က အခြေအနေတွေဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုကို ထိခိုက်စေ နိုင်တယ်လို့ သူ့ခရီးစဉ်အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ဦးရဲထွဋ်ကတော့ မစ္စတာ ကင်တားနားဟာ သူတို့ဘက်က ရှင်းလင်း ပြောပြတာတွေကိုပါ ထည့်သွင်း စဉ်းစား ပြောဆိုမှု မရှိဘဲ ဒီကို မလာခင် သူရထားခဲ့တဲ့ အချက်အလက်တွေ၊ စိတ်မှာ ကြိုတင် ပိုင်းဖြတ်ထားပြီးသား တွေကိုသာ အများဆုံး အခြေခံ ပြောသွားတယ်လို့ မြင်ပါတယ်။
မီဒီယာသမားတွေကို ဖမ်းဆီးတဲ့ ကိစ္စမှာလည်း အစိုးရဘက်က ဥပဒေနဲ့ အညီ လုပ်ဆောင်ခဲ့တာတွေကို ပြောပြခဲ့ပေမယ့် မစ္စတာ ကင်တားနားက ဒါကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။




