သန်းခေါင်စါရင်းအကြို တိုင်းရင်းသားဆွေးနွေးလို

ethnic_myanmar_
ဓာတ်ပုံ ပုံစာ, သန်းခေါင်စါရင်းနဲ့ တိုင်းရင်းသားလိုလားချက်

လာမယ့် မတ်လကုန်မှာ တပြည်လုံး အတိုင်းအတာ နဲ့သန်းခေါင် စာရင်း ကောက်ခံမယ့် အစီအစဉ် နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့ ကြိုတင် ညှိနှိုင်း ဆွေးနွေး ဖို့အတွက် ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စတဲ့ လူမျိုးစု တွေ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်း ၃၀ က စုပေါင်းပြီး ကြေညာချက် တရပ်ထုတ်ပြန်လိုက်ပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေ ဖက် ကအပြောအရ အခုသန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်ဟာ တိုင်းရင်းသား တွေအတွက် ထိခိုက် နစ်နာ စေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရှိတယ်လို့ သတ်မှတ်ပြီး သက်ဆိုင်ရာ လူမျိုးစုအလိုက် code နံပါတ်တွေ သတ်မှတ်ထားတဲ့ အစီအစဉ်ကို သူတို့က ကန့်ကွက်နေတာပါ။ အခု လက်မှတ်ထိုးတဲ့အဖွဲ့အစည်း ၃၀ ကိုယ်စား ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဆလိုင်း အိုင်ဆက်က် ခန် က၊တိုင်းရင်းသား လူမျိုး ၁၃၅ ရှိတယ် ဆိုတာ အမှန် မဟုတ်တဲ့ အကြောင်း၊ ဒါ ကို ဝန်ကြီးလည်း ပြောပြီးသား၊ ဒီလို လွဲနေတာ ကို မပြင်ဘဲ သုံးမယ် ဆိုတာကို နားမလည်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုတိုင်းရင်းသားတွေ တောင်းဆို နေတာက ဒီကုဒ်နံပါတ် သတ်မှတ်ချက်တွေ ကို ပြင်ဆင်ဖို့အတွက် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့တွေ့ဆုံ ညှိနှိုင်းဖို့ အစိုးရ ကိုတိုက်တွန်းနေတာပါ။ တကယ်လို့ အဲဒီလို တွေ့ဆုံ လိုက်မယ် ဆိုရင် ဒီအခက် အခဲ ဟာအလွယ်တကူနဲ့ ပြေလည် သွားနိုင်တယ် လို့လည်း ဆလိုင်းအိုင်ဆက်ခန် ကပြောပါတယ်။

အဲဒီလို ဆုံးဖြတ်ဖို့ အတွက် တွေ့ဆုံမှုတွေ ကို သန်းခေါင်စာရင်းကောက်မယ့် မတ်လကုန် မတိုင်ခင် လုပ်ဖို့ ဖြစ်နိုင်တယ်လို့ တိုင်းရင်းသားအဖွဲ့ တွေ ဖက်က ပြောနေ ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ကတော့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိတယ် ဆိုတာ ကို ဗြိတိသျှ ကိုလိုနီခေတ် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ် ကတည်းက အသုံးပြုခဲ့ပြီး၊ နောက်ပိုင်း ၁၉၇၃ခု နဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်းစာရင်း ကောက်ယူစဉ် ကာလတွေတုန်း က လည်း ဆက်ပြီး သုံးခဲ့တယ်လို့ ဖြေရှင်းခဲ့ ဘူးပါတယ်။ ဒါ့အပြင် ဒီသတ်မှတ်ချက် ဟာ ပုံသေ မဟုတ်ဘဲ ပျောက်ကွယ်သွားတဲ့ လူမျိုးစု၊ ဒါမှမဟုတ် အရင်က မကောက်ယူမိလို့ တိုးလာတဲ့ လူမျိုးစုတွေ ရှိတယ် ဆိုရင်လည်း သန်းခေါင်စာရင်း ကောက်ယူပြီးတဲ့ အခါမှာ ပြန်လည် ဆန်းစစ်ရမှာ ဖြစ်တယ်လို့ ဆလိုင်းအိုင်ဆက်ခန် က ပြောပါတယ်။

အခုလို တိုင်းရင်းသားတွေဖက် က တွေ့ဆုံဖို့ တောင်းဆိုတာကို အစိုးရဖက် က လည်းတွေ့ဆုံချင်ပါတယ်လို့ ပြန်ကြားတာရှိကြောင်း ဆလိုင်းအိုင်ဆက်ခန် က ပြောပါတယ်။ ဒါပေမယ့် ၁၂ ရက်ကြာ သန်းခေါင် စာရင်း စကောက်မယ့် မတ်လ ၃၀ ရက်ကို နောက်ထပ် ရွှေ့ဆိုင်း မှာ မဟုတ်ဘူးလို့ အစိုးရက ပြောထားတာ မို့ အဲဒီရက်ကို နီးလာတာနဲ့အမျှ တိုင်းရင်းသားတွေ တောင်းဆိုသလို စာရင်း မကောက်ခင်မှာ တိုင်းရင်းသား လူမျိုးစုကိစ္စ တွေကို ဆွေးနွေး အဖြေရှာနိုင်ဖို့က ပိုပြီး ခက်ခဲ လာနိုင်ပါတယ်။