ယူနတီ ဂျာနယ် သတင်းထောက် ထိန်းသိမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
ဇန္နဝါရီ ၂၅ ရက်နေ့ထုတ် ယူနတီ ဂျာနယ်မှာ ပေါက်မြို့မှာ ရှိတဲ့ ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ စက်ရုံ ဓါတ်ပုံကို မျက်နှာဖုံး မှာ ဖော်ပြမိလို့ တပြည်လုံးက ဖြန့်ချီရေးတွေကို သက်ဆိုင်ရာက လိုက်သိမ်းနေတယ်လို့ ယူနတီ ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းက ပြောပါတယ်။
ပေါက် မြို့က ယူနတီ ဂျာနယ် သတင်းထောက် ကိုလည်း ခေတ္တ ခေါ်ယူ မယ်ဆိုပြီး ဖမ်းထားတယ် ၊ အခုတော့ ရဲစခန်းမှာ စစ်ကြောနေလို့ အမှု မဖွင့်သေးဘူးလို့ သူက ဆိုပါတယ်။
ရန်ကုန် အခြေစိုက် တခြား အကြီးတန်း သတင်းထောက် နှစ်ယောက်နဲ့ အငယ်တန်း သတင်းထောက် တယောက်ကိုလည်း အိမ်တွေမှာ ရဲက လိုက်မေးနေတယ်လို့ သူက ပြောပါတယ်။
အဓိက ကတော့ ပေါက်မြို့မှာ ရှိတဲ့ လယ်ဧက သုံးသောင်း သုံးထောင် သုံးရာ ရှစ်ဆယ့် ခုနှစ် ဧက ပေါ်မှာ တည်ထားတဲ့ ဓါတု စက်ရုံ ကြီးနဲ့ ပတ်သက်လို့ ယူနတီက သတင်းထောက်တွေ စက်ရုံထဲ ဝင်ရောက် မေးမြန်းခဲ့တာတွေ လုပ်ခဲ့ပြီး ဂျာနယ်မှာ ဖော်ပြခဲ့လို့ အခုလို လိုက်လံ ဖမ်းဆီး အရေးယူမှုတွေ လုပ်နေတာလို့ သူက ရှင်းပြခဲ့ပါတယ်။
ဓါတု စက်ရုံ ဆိုတဲ့ အထောက်အထားတွေ ဆိုတာကတော့ သူတို့ကိုယ်တိုင် ထိပ်ဖူးလို့ ထင်ရတာတွေ တွေ့ရှိခဲ့ကြောင်း ၊ လှိုဏ်ခေါင်း ဓါတ်ပုံ ၁ဝဝလောက် သူတို့ ရိုက်ယူခဲ့ကြောင်းနဲ့ အလုပ်သမားတွေကိုလည်း မေးမြန်းခဲ့တယ်လို့ ဦးတင့်ဆန်းက ဆိုပါတယ်။
အဲဒီ စက်ရုံဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးဘဲလို့ အနားက ဒေသခံတွေက ပြောကြောင်း သူက ရှင်းပြပါတယ်။
ဒါ့အပြင် အဲဒီ စက်ရုံဟာ ပေါက်မြို့ထဲကနေ ၁၂မိုင်လောက် ဝေးပြီး တောင်ကြားမှာ ရှိတယ်လို့ သူက ပြောပါတယ်။
၂ဝဝ၈ ခုနှစ်တုန်းက စဆောက်ခဲ့တဲ့ ဒီစက်ရုံဟာ အခုဆို ပြီးသလောက် ရှိသွားပြီး ဖြစ်တဲ့အပြင် လယ်မြေတွေကို သိမ်းတုန်းက တဧကကို ကျပ်ငါးထောင်သာ လျော်ကြေးပေးခဲ့တာလို့ ဦးတင့်ဆန်းက ဆိုပါတယ်။








