တိုင်းရင်းသား ခေါင်းဆောင်တွေ ရှေ့လ တွေ့ဆုံမယ်

လာမယ့် ဇန်နဝါရီလ အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိတ်သီး ဆွေးနွေးပွဲ ပြုလုပ်ပြီး မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နဲ့လည်း ဘားအံ မြို့မှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေနဲ့ ဖွဲ့စည်း ထားကြတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိုနှိုင်းရေး အဖွဲ့ NCCT အဖွဲ့ဝင်တွေ တနင်္ဂနွေ နေ့က ထိုင်းနိုင်ငံ ချင်းမြိုင် မြို့မှာ ဆွေးနွေး ခဲ့ကြ စဉ်အတွင်း ရက်သတ်မှတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ NCCT အဖွဲ့ဝင် နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖဒ်ဒရယ် ကောင်စီရဲ့ တွဲဖက် အတွင်းရေးမှူး-၂ ဦးခွန်ဥက္ကာကို မေးကြည့်တော့ အခု ဆွေးနွေးပွဲမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား နှစ်ဘက်ရေး ထားတဲ့ မူတွေကို နှိုင်းယှဉ်ပြီးတော့ တူတဲ့ နေရာတွေကို ချန်၊ မတူတဲ့ နေရာတွေကို ပြန်ညှိ ကြတာ ဖြစ်ကြောင်း ပြောပါတယ်။
လာမယ့် ဇန်နဝါရီ ၂၀၊၂၁နဲ့ ၂၂ ရက် တွေမှာ ကေအန်ယူ နယ်မြေ မှာ ကျင်းပမယ့် တိုင်းရင်းသား ထိတ်သီး ဆွေးနွေးပွဲမှာ တင်ပြ သွားမှာ ဖြစ်ပြီး ဖြစ်နိုင်တယ် ဆိုရင် အဲဒီမူကို ကိုင်ပြီး ဘားအံ ဆွေးနွေးပွဲကို သွားမယ်လို့ ပြောပါတယ်။
ဘားအံ ဆွေးနွေးပွဲမှာ ခိုင်မာတဲ့ မူတခု ရဖို့ ကတော့ အခု တိုင်းရင်းသား အဖွဲ့တွေ ဆွေးနွေး ကြတဲ့ အခါမှာ အရင် တခါ ကချင် ဌာနချုပ် လိုင်ဇာမှာ ဆွေးနွေး ခဲ့ကြတုန်းက သဘောတူပြီးသား ၁၁ ချက်အပေါ်မှာ အခြေခံလို့ တချို့ အချက် တွေကို အပြောင်းအလဲ လုပ်မှာဖြစ်လို့ တိုင်းရင်းသား အဖွဲ့တွေ ဘက်မှာ သဘောတူဖို့ မခက်တော့ဘူးလို့ ပြောပါတယ်။
ဘားအံ ဆွေးနွေးပွဲကိုတော့ ဇန်နဝါရီလ ၂၄ ရက် ကနေ ၂၆ ရက်တွေ အတွင်း ကျင်းပနိုင်ဖို့ လျာထား တယ်လို့ ပြောပါတယ်။
အစိုးရဘက်က ဘားအံ မှာ အပြီးသတ် ဆွေးနွေး ကြဖို့ မျှော်လင့် နေသလို တိုင်းရင်းသား တွေဘက်ကလည်း ဒုတိယ နောက်ဆုံး အဖြစ်မျှော်လင့် ထားပြီး ဖားအံမှာ ညှိပြီး ကြရင် နောက်တကြိမ်မှာ လက်တွေ့ တပြည်လုံး အတိုင်းအတာ လက်မှတ် ထိုးနိုင်မယ့် အခြေအနေကို ချီတက် နိုင်မယ်လို့ ဆိုပါတယ်။ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး နိုင်ဖို့ နီးစပ်နေပြီလို့ ပြောနိုင်တယ် လို့လည်း ပြောပါတယ်။




