လက်ပံတောင်း သပိတ်ဖြိုခွဲခံရမှု တနှစ်ပြည့် ဆန္ဒပြ

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ သပိတ် စခန်းတွေ အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရတာ တနှစ်ပြည့်ပြီ
ဓာတ်ပုံ ပုံစာ, လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ သပိတ် စခန်းတွေ အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရတာ တနှစ်ပြည့်ပြီ

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ သပိတ် စခန်းတွေ အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရတာ တနှစ်ပြည့်တဲ့ သောကြာနေ့မှာ လက်ပံတောင်း အရေး စိတ်ဝင်စားသူ ၃၀ ကျော်က ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

လက်ပံတောင်း အကြမ်းဖက်မှု တရားခံတွေ ဖေါ်ထုတ် ပေးရေး၊ စီမံကိန်းကို တာဝန်ယူ ဆောင်ရွက် နေတဲ့ ဝမ်ပေါင် ကုမ္ပဏီ မြန်မာ နိုင်ငံက ထွက်သွားရေး၊ ပုဒ်မ ၁၈ နဲ့ အရေးယူ ထားသူတွေ လွှတ်ပေးရေး စတဲ့ တောင်းဆိုချက် ဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ ဆန္ဒပြသူတွေဟာ ရန်ကုန် မြို့တော်ခန်းမ ဘေးကနေ ပြည်ထောင်စု ရိပ်သာ လမ်းမှာ ရှိတဲ့ တရုတ် သံရုံးရှေ့ကို လမ်းလျှောက် ဆန္ဒပြခဲ့ ကြတာပါ။

ဆန္ဒပြသူတွေဟာ သက်ဆိုင်ရာ ဆီက ဆန္ဒပြခွင့် မတောင်းဘဲ ဆန္ဒပြကြ တာမို့ နယ်မြေခံ ရဲတွေက တရုတ် သံရုံးရှေ့ထိ ဝင်ခွင့် မပေးဘဲ တားဆီးခဲ့ပါတယ်။ ဆန္ဒပြတဲ့ သူတွေဟာ တားဆီးခံရတဲ့ တရုတ် သံရုံး နားမှာပဲ ထိုင်ပြီးတော့ ဟောပြော တာတွေ လုပ်သလို တရုတ် နိုင်ငံ အလံကို မီးရှို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီစီမံကိန်းဟာ နိုင်ငံတော် စီမံကိန်း ဖြစ်တဲ့အလျောက် ဒါဟာ ပြည်သူ့ စီမံကိန်း ဖြစ်လို့ ပြည်သူ ကျေနပ်မှ၊ ဆက်လုပ်ရ မှာ ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ အကျိုး ဆောင်ကွန်ယက်ရဲ့ တာဝန်ခံ တယောက်ဖြစ်တဲ့ ကိုအောင်စိုးက ပြောပါတယ်။

ဆန္ဒပြသူ တွေက စီတန်း လှည့်လည်ခြင်း ဥပဒေဟာ မတရားတဲ့ ဥပဒေ ဖြစ်လို့ ဆန္ဒပြခွင့် မတင်တာလို့လည်းပြောပါတယ်။ လက်ပံတောင်း အရေး မုံရွာမှာ စီတန်း လမ်းလျှောက်လို့ ထောင်ချ ခံရပြီး မကြာသေးခင် ကမှ ပြန်လွတ် လာတဲ့ ဒေါ်နော်အုံးလှက မတရားတဲ့ ဥပဒေတွေ ပြင်ဖို့နဲ့ မတရား ဖမ်းဆီး တရားစွဲ ခံရသူတွေ လွှတ်ပေးဖို့ ဆန္ဒပြပွဲမှာ ပါဝင်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေကို သက်ဆိုင်ရာက တားဆီး တာမျိုးပဲ လုပ်ခဲ့ပေမယ့် ဖမ်းဆီး တရား စွဲဆို တာတွေတော့ မရှိသေးပါဘူး။ ရန်ကုန်မှာ ဆန္ဒပြ သလိုဘဲ လက်ပံတောင်း တောင် ဒေသက မိုးကြိုးပြင် အလယ်ရွာ မှာလည်း စီမံကိန်း ထဲမှာ ပါတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံတွေဟာ လယ်လုပ်သူ လယ်ပိုင်စေရေး ၊ အစိုးရ အကြမ်းဖက် ဝါဒ ချုပ်ငြိမ်းစေရေးနဲ့ ဒေသခံတွေ ဆန္ဒမပါဘဲ ကုမ္ပဏီဘက်က လုပ်ငန်းတွေ ဆောင်ရွက် နေတာ ရပ်တန့်ရေးတွေ အတွက် လူထု တွေ့ဆုံပွဲ လုပ်ပြီး ဆန္ဒထုတ် ဖေါ်ခဲ့ကြတယ်လို့ ဇီးတော ရွာဦးကျောင်း ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

ဝမ်ပေါင် ကုမ္ပဏီနဲ့ စီမံကိန်း တာဝန်ရှိသူ တွေကတော့ နစ်နာ သူတွေ အတွက် သင့်တော်တဲ့ လျော်ကြေးတွေ ပေးပြီး ဖြစ်လို့ စီမံကိန်းကို ဆက် လုပ်သွားမယ်လို့ ဆိုပါတယ်။ လက်ပံတောင်း ဒေသခံတွေ ကတော့ လျော်ကြေး ကိစ္စတောင်မှာ လက်ပံတောင်း စုံစမ်း စစ်ဆေးရေး ကော်မတီရဲ့ အစီရင်ခံစာ အတိုင်း တိတိ ကျကျ လုပ်ပေး တာမျိုး မရှိတဲ့ အတွက် လုပ်ငန်း ဆက်လုပ် နေတာ မရပ်မချင်း ဆက်လက် ကန့်ကွက် သွားမယ်လို့ ပြောကြပါတယ်။