ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံ ပြန်ထုတ်ဖို့ လွှတ်တော်မှာတင်

မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ ပိုက်ဆံတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့ ရိုက်နှိပ် ဖေါ်ပြဖို့ အဆိုကို ပြည်သူ့ လွှတ်တော်မှာ တင်သွင်း ခဲ့တာကို ဗဟိုဘဏ်က အလျဉ်းသင့် သလို လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။
ပိုက်ဆံတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ ရိုက်နှိပ် ဖေါ်ပြဖို့ အဆိုကို သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံအတွင်းက လက်ရှိ ငွေစက္ကူတွေမှာ ခြင်္သေ့ ပုံထည့် ထားတာဟာ နိုင်ငံရေး ပါတီ တခုရဲ့ အမှတ် တံဆိပ်နဲ့ တူနေတယ် လို့လည်း သိန်းညွန့်က ထောက်ပြပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ရှင်းပြတာက ခြင်္သေ့ တံဆိပ်ကို ဗဟိုဘဏ်က အရင် သုံးတာ ဖြစ်ပြီး နိုင်ငံရေးပါတီက နောက်မှ ယူသုံးတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
နိုင်ငံတော်က အမြတ်တနိုး ထားတဲ့ ပုံတွေကို အသုံးပြုတာ မျိုးသာဖြစ်ပြီး နောင်ကျရင် နိုင်ငံတော်မှာ ထင်ရှားတဲ့ ခေါင်းဆောင် တွေရဲ့ပုံတွေနဲ့ အစားထိုး ရိုက်နှိပ်သွားဖို့ ရှိတယ်လို့ ရှင်းပြခဲ့ပါတယ်။
ထင်ရှားတဲ့ ခေါင်းဆောင်တွေ ဆိုတဲ့ နေရာမှာ အများပြည်သူ ကြည်ညို လေးစားတဲ့ ခေါင်းဆောင် ဖြစ်ဖို့တော့ လိုတယ်လို့ ပြောဆိုမှု တွေရှိ နေပါတယ်။




