နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်

မြန်မာ အစိုးရ ကနေ အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသား ၅၆ ယောက်ကို အောက်တိုဘာလ ၈ ရက်နေ့က ပြန်လွှတ် ပေးလိုက် ပါတယ်။
ပြန် လွတ်လာသူတွေ ထဲမှာ ကချင်နဲ့ ရှမ်း လက်နက်ကိုင် အဖွဲ့တွေက မတရား အသင်း ပုဒ်မနဲ့ အရေးယူ ခံထားခဲ့ရ သူတွေ အများ အပြား ပါဝင် ပါတယ်။
လားရှိုးထောင် တခုတည်း ကနေ ၁၇ ဦးပြန်လွတ်လာတယ်လို့ ရန်ကုန် က နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့က ကိုတိုးကျော်လှိုင်က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ် တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရွာသူ ရွာသားတွေ နဲ့ တောင်သူ လယ်သမား တွေလည်း ပြန်လွတ် လာကြောင်း သူက ပြောပါတယ်။
ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခဲ့တဲ့ အတွက် ပုဒ်မ ၁၈ နဲ့ ဖမ်းဆီး ခံထား ရသူ အယောက် ၅၀ လောက် ကတော့ ပြန်လွတ် လာတဲ့ အထဲမှာ မပါဘူးလို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် ဟာလည်း အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန် လွှဲပြောင်း ရယူဖို့ ဘရူနိုင်းကို ထွက်ခွာ တဲ့ နေ့မှာ အကျဉ်းသားတွေ လွတ်လာတာ ဖြစ်ပါ တယ်။




