မြန်မာဆိုက်ဘာ လုံခြုံရေး ပြင်ဆင်ဖွဲ့စည်း

မြန်မာနိုင်ငံမှာ ဆိုက်ဘာ လုံခြုံရေး အတွက် ဖွဲ့စည်းထားတဲ့ mm-CERT လို့ အတိုကောက် ခေါ်တဲ့ Computer Emergency Response Team ခေါ် ကွန်ပြူတာ အရေးပေါ် တုံ့ပြန်ရေး အဖွဲ့ ကို မြန်မာ နိုင်ငံ ရဲ့ ပြောင်းလဲ လာတဲ့ ခေတ် နဲ့ အညီ ပြင်ဆင် ဖွဲ့စည်းတော့ မှာပါ။
နိုင်ငံတိုင်းမှာ CERT Team ဆိုတာရှိကြောင်း၊ Computer Emergency Response Team က ဟက်ကာ တခု က တိုက်ခိုက်မှု လုပ်တယ် ဆိုတာနဲ့ သူ က အရင်ဆုံး သိရမယ့် အဖွဲ့ လို့ မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် ရဲ့ ဥက္ကဌ ဦးခွန်ဦး က ဘီဘီစီ ကို ပြောပါတယ်။ ဒါတွေ သိရဖို့ နည်းပညာပိုင်း ဆိုင်ရာ စနစ်တကျ ရှိဖို့ လိုကြောင်း၊ အခု အခါမှာ e-commerce လုပ်နေပြီ ဖြစ်လို့ mm-CERT ကို စနစ်တကျ နဲ့ ခိုင်ခိုင်မာမာ ဖွဲ့ထားဖို့ လိုပုံ တွေ လည်း ဦးခွန်ဦး က ရှင်းပြပါတယ်။
မြန်မာနိုင်ငံ မှာ ဟက်ကာ တိုက်ခိုက်မှု အနေနဲ့ သမ္မတ ရုံး တိုက်ခိုက်ခံရမှု နောက်ပိုင်း မကြားရသေးကြောင်း၊ လက်ရှိ အနေအထား အရတော့ mm-CERT ရဲ့ အခြေအနေ က နိုင်ငံတကာ နဲ့ နှိုင်းယှဉ် ရင်၊ နည်းပညာ အရရော၊ ပစ္စည်း ကိရိယာ ပိုင်းမှာပါ အားနည်း နေသေးတယ် လို့ ယူဆပုံ၊ ဒါပေမယ့် ဆိုက်ဘာ တိုက်ခိုက်မှု လည်း ကြီးကြီးမားမား မခံရသေးတဲ့ အကြောင်း တွေ ရှင်းပြပါတယ်။
ကွန်ပြူတာ အွန်လိုင်း ပေါ်ကနေ ငွေကြေးနဲ့ ပတ်သက်လို့ အသုံးများ လာရင်တော့ ခိုးဖို့ ချောင်းနေတဲ့ လူတွေ က လစ်တာနဲ့ လုပ်ကြမှာမို့၊ ဆိုက်ဘာ လုံခြုံရေး နဲ့ ပတ်သက်လို့ ဥပဒေ ရှိရမယ်၊ ပြည်သူတွေ အကျိုးစီးပွား ကာကွယ်ဖို့ အတွက် တခြား နိုင်ငံတွေ မှာလို၊ ဆိုက်ဘာ လုံခြုံရေး ဥပဒေ အရေးတကြီး လိုအပ်ကြောင်း မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် ရဲ့ ဥက္ကဌ ဦးခွန်ဦး က ဘီဘီစီ ကို ပြောပါတယ်။




