အခြေခံ ဥပဒေ အသစ်ရေးဖို့ တိုင်းရင်းသားတွေ လိုလား

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ စုစုပေါင်း ၄၀ကျော် ပါဝင်တဲ့ ၃ရက်ကြာ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပါပြီ။
ဒီဆွေးနွေးပွဲ အပြီးမှာ တနိုင်ငံလုံ အပစ်အခတ် ရပ်စဲရေး၊ မတရားသင်း အက်ဥပဒေတွေ အပါအဝင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီတဲ့ ဥပဒေတွေ အားလုံးကို ရုတ်သိမ်းပေးရေး၊ တန်းတူ ညီမျှပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံ စိတ်ဓါတ်ကို အခြေခံတဲ့ ညီလာခံကြီးတရပ် ကျင်းပရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဒါမှမဟုတ် ပြန်လည် ရေးဆွဲရေး စတဲ့ သဘောထား ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။
ဒီအချက်တွေဟာ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ ဆန္ဒလို့ ပြောလို့ ရကြောင်း၊ အစိုးရနဲ့ တွေ့တဲ့အခါ ဒီအချက်တွေကို တင်ပြပြီး နောက်ထပ် တဆင့်ချင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း SSPP/SSA အဖွဲ့ ပြန်ကြားရေး တာဝန်ခံ စိုင်းဖုန်းဟန်က ဘီဘီစီကို ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စကို အများက စိတ်ဝင်စားကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ထက် အသစ် ပြန်လည် ရေးဆွဲလိုတဲ့ သဘော ဆန္ဒ အများစုမှာ ရှိတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။




