ဖွဲ့စည်းပုံမပြင်ရင် ငြိမ်းချမ်းရေး မရနိုင်လို့ NLD ပြော

2008 Consitution
ဓာတ်ပုံ ပုံစာ, လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ မေလက လူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုခဲ့

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲရေးဟာ ပြည်တွင်း ငြိမ်းချမ်းရေးရနိုင်ဖို့အရေးနဲ့ ခွဲခြားမရအောင် ဆက်စပ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြေငြာချက် ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား ၁၁ ပါတီတို့ ရန်ကုန်မြို့မှာ စနေနေ့က တွေ့ဆုံဆွေးနွေးပြီး အဲဒီလို ဆုံးဖြတ်ချက် ချ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီက ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း စတဲ့သူတွေ တက်ရောက်ကြပြီး တိုင်းရင်းသား အဖွဲ့တွေထဲမှာတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား ပါတီ တချို့ ပါဝင်ပါတယ်။ ပါတီ အများအပြားက ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီတွေလည်း ဖြစ်ပါတယ်။

အခြေခံဥပဒေထဲမှာ တိုင်းရင်းသား အခွင့်အရေးတွေအတွက် အာမခံချက်တွေ မပါဝင်တဲ့အတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုရင်တောင် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဆီ မသွားနိုင်သေးဘူးလို့ ကိုယ်စားလှယ်တွေက ဆွေးနွေးကြကြောင်း NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ပုသိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးဝင်းမြင့်က ပြောပါတယ်။

ဖွဲ့စည်းပုံဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ အစည်းအဝေး တက်ရောက်သူ တချို့က ပြင်ဆင်ချင်ပေမယ့် တချို့ကလည်း အသစ်ပြန်လည် ရေးဆွဲဖို့ ဆန္ဒရှိကြောင်း သူက ပြန်ပြောပြပါတယ်။

တကယ့် ဒီမိုကရေစီရေးဆီ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒအမှန်တကယ်ရှိရင် ဖွဲ့စည်းပုံကို တစ်လအတွင်း ပြင်ဆင်လို့၊ ရေးဆွဲလို့ ရတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

NLD အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ပတ်သက်ပြီး တိုင်းရင်းသား အားလုံးနဲ့ ဆက်လက် ဆွေးနွေးပြီး အားလုံးနဲ့ ဘုံသဘောတူညီချက်ရအောင် ဆက်ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။