ရန်ကုန်လေဆိပ် အဆင့်မြှင့်ဦးမယ်

ဟံသာ၀တီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် ကြီးကို တည်ဆောက်ဖို့ စတင် နေကြတဲ့ အချိန်မှာပဲ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ကိုလည်း ဒေါ်လာ သန်း ၁၅၀ လောက် သုံးလို့ ပုဂ္ဂလိက ကုမ္ပဏီ တခုဖြစ်တဲ့ ပိုင်အိုနီးယား အဲရိုဒရုမ်း ဆားဗစ္စ နဲ့ အဆင့်မြှင့်သွားမယ်လို့ သိရပါတယ်။
မလှမ်းမကမ်း မှာ ခရီးသည် ၁၂ သန်း အထိ ဝန်ဆောင်မှု ပေးမယ့် လေဆိပ် အသစ်ကြီး တည်ဆောက်မယ့် အချိန်မှာ ရန်ကုန် လေဆိပ်ကို ဘာကြောင့် တိုးချဲ့တာလဲ ဆိုတာနဲ့ ပတ်သက်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကို ဆက်သွယ် မေးကြည့်တော့ လက်ရှိ အချိန်မှာ ရန်ကုန် လေဆိပ်က ခရီးသည် ၂.၇ သန်းပဲ ဝန်ဆောင်နိုင်လို့ ခရီးသည် ၆ သန်း အထိ ဝန်ဆောင် နိုင်အောင် မြှင့်တင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် လေဆိပ်ဟာ လာမယ့် ၂၀၁၇ အထိ ပင်မ လေကြောင်း ဝင်ပေါက် အဖြစ် ရှိနေဦးမှာ ဖြစ်ပြီး ဟံသာဝတီ လေဆိပ် တည်ဆောက်ပြီး တဲ့ အချိန်မှသာ ပင်မ ဝင်ပေါက် အဖြစ်လွှဲပေး ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ရန်ကုန်လေဆိပ် ကလည်း နိုင်ငံတကာ လေဆိပ် တခု အဖြစ် ဆက်ရှိနေပြီး ဝန်ဆောင်မှုတွေ ဆက်ပေး နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခု လေဆိပ်တွေကို အဆင့်မြှင့်တာ တိုးချဲ့ တည်ဆောက် တာတွေနဲ့ ပတ်သက်လို့ လာရောက် လုပ်ကိုင်မယ့် တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီ တွေကသာ ငွေကို စိုက်ထုတ် လုပ်ကိုင် ရမှာ ဖြစ်ပြီး အစိုးရက မြေပဲ စိုက်ထုတ်တာ ဖြစ်ကြောင်း နဲ့ ရလာတဲ့ အကျိုးအမြတ် ကိုတော့ ခွဲဝေယူကြမှာ ဖြစ်တယ်လို့ ဖြေပါတယ်။
အဲဒီလို လေဆိပ် တွေကြောင့် ပြည်ပက ဝင်ရောက်မယ့် လေကြောင်းလိုင်းတွေနဲ့ ခရီးသွားတွေ ပိုများလာမှာ ဖြစ်လို့ လူတဦးချင်း ဝင်ငွေနဲ့ သုံးစွဲနိုင်တဲ့ အဆင့်အတန်း တွေလည်း မြင့်တက် လာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ နိုင်ငံခြားက ခရီးသွား တွေကြောင့် ပြည်တွင်းက လေကြောင်းလိုင်း တွေမှာလည်း အကျိုးရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
အရင် တံတားဦးလေဆိပ် ကြီးကို တည်ဆောက်တုန်း ကလည်း အခုလို ပြည်ပ လေကြောင်းလိုင်းတွေ အများအပြား လာကြလို့ အကျိုးများမယ်လို့ ပြောခဲ့ကြပေမယ့် အခုထက်ထိ ဖြစ်မလာ နိုင်သေးတာကြောင့် အခု လေဆိပ် တွေကိုရော ဒီလို အဖြစ်မျိုး ထပ်မကြုံ ရအောင်ဘယ်လို လုပ်နိုင်မလဲ ဆိုတဲ့ အခါမှာတော့ အဲဒီ မန္တလေး လေဆိပ်ကြီးကို ဆောက်လုပ်စဉ်က နိုင်ငံရေးနဲ့ နိုင်ငံတကာ နဲ့ ထိတွေ့ဆက်ဆံ မှုအပိုင်း တွေမှာ အဲဒီတုန်းက အခြေအနေနဲ့ အခုနဲ့ မတူတော့ဘူးလို့ ဆိုပါတယ်။
မြန်မာ နိုင်ငံဟာ ပထဝီနိုင်ငံရေး သဘောအရ ဆိုရင် ဘုရားပေးထားတဲ့ နေရာလို့တောင် ပြောလို့ ရတဲ့ အကြောင်း၊ ရန်ကုန်နဲ့ မန္တလေး တို့ကို ဗဟိုပြုလို့ စက်ဝိုင်းနဲ့ တိုင်းကြည့်ရင် လေကြောင်းနဲ့ ဆိုရင် အချိန် ၇ နာရီ ဝန်းကျင်နဲ့ ဥရောပ ဒါမှမဟုတ် အာရှနဲ့ ပစိဖိတ် ဒေသတွေ ဆီကို သွားနိုင်တဲ့ အကြောင်း ပြောပါတယ်။
ဒီလို အခြေအနေကို ပိုင်ဆိုင်ထားပေမယ့် အရင်က အခြေအနေတွေနဲ့ နိုင်ငံတကာက ပိတ်ဆို့ခဲ့မှု တွေကြောင့် အသုံးမချနိုင်ခဲ့ပေမယ့် အခုတော့ ပေါ်ပေါက်လာပြီ ဖြစ်တဲ့ အခွင့်အရေး တွေကို ရအောင်ယူရမှာ ဖြစ်တယ်လို့ ဖြေကြား သွားခဲ့ပါတယ်။







