၈ လေးလုံး နဲ့ စစ်မှန်တဲ့ အပြောင်းအလဲ

၈ လေးလုံး လှုပ်ရှားမှု အပြည့် အဝ မအောင်မြင် ခဲ့ပေမယ့် အဖူးအပွင့်ကို စမြင် ရပြီ၊ အပြောင်းအလဲ အတွက် ဒီမိုကရေစီ အင်အားစု တွေ ညီဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တယောက် ဖြစ်တဲ့ မင်းကိုနိုင် က ဘီဘီစီကို ပြောကြား ပါတယ်။
ပြည်သူတွေ ခံစား နေရတဲ့ မပြည့်စုံမှု၊ မငြိမ်းချမ်းမှု တွေ ပပျောက်မှသာ စစ်မှန်တဲ့ အပြောင်းအလဲ ရမယ် လို့လည်း သူက ပြောပါတယ်။
စစ်မှန်တဲ့ ပြောင်းလဲမှု ရဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးမှာ မစွက်တဲ့ ပရိုဖက်ရှင်နယ် စစ်တပ် ဖြစ်ဖို့ တွေ လိုတယ်လို့ သူက ထောက်ပြ ပါတယ်။
၈၈ လှုပ်ရှားမှု တုန်းက လမ်းစဉ် ပါတီ အစိုးရက ပါတီစုံ ရွေးကောက်ပွဲ ကမ်းလှမ်း ပေမယ့် အတိုက်အခံ လက်ခံ နိုင်တဲ့ ဖွဲ့စည်းပုံ ဥပဒေ မရှိ၊ သက်တမ်းရှည် အာဏာရ ပါတီနဲ့ မယှဉ်လို တဲ့ အတွက် ရွေးကောက်ပွဲကို ပယ်ချပြီး ကြားဖြတ် အစိုးရ တောင်းခဲ့ ရာက မညှိနှိုင်း နိုင်ဘဲ အာဏာ သိမ်းခံရ တယ်လို့ မင်းကိုနိုင်က ရှင်းပြ ပါတယ်။
ဆုံးဖြတ်ချက်ချ
ရန်ကုန်မှာ ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတု ဆွေးနွေးပွဲ ကနေပြီး
- ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး
- ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အသစ် ပြန်လည် ရေးဆွဲရေး
- အားလုံး ပါဝင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ညီလာခံ တရပ် ကျင်းပရေး
အချက်တွေကို သြဂုတ်လ ၇ ရက် နေ့က ဆုံးဖြတ်ချက် ချခဲ့ ကြတယ် လို့ သိရပါတယ်။
ဒီကနေ့ အခမ်းအနားကို ၈ လေးလုံး က ပေါ်ထွက်လာတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
၈ လေးလုံး အုံကြွမှု အတွင်း သိန်းနဲ့ချီတဲ့ နိုင်ငံသားတွေ ပါဝင် လှုပ်ရှား ခဲ့ပြီး စစ်အာဏာသိမ်း အစိုးရရဲ့ ချေမှုန်းမှု ကြောင့် ကျရှုံး ခဲ့ရပါတယ်။
ကျင်းပနေတဲ့ ၈ လေးလုံး ပွဲဟာ မြန်မာ့ ပြုပြင် ပြောင်းလဲရေး ရဲ့ အရေးကြီးတဲ့ ပြယုဂ် ဖြစ်ကြောင်း ဘီဘီစီ အရှေ့တောင် အာရှ သတင်းထောက် က ပြောကြား ပါတယ် ။








