မြန်မာ့အရေး Chatham House မှာ သမ္မတရှင်း

လန်ဒန်ရောက် မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ မနေ့ က ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၊ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိခ်၊ ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်မွန်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး ဂျပ်စတင် ဂရင်းနင်း တို့နဲ့ တွေ့ဆုံ ပြီးနောက် Chatham House မှာ မြန်မာ့ အရေးကို ရှင်းလင်း ပြပါတယ်။
Chatham House မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ နဲ့ ပညာရှင် တွေ ဟာ ပထဝီ နိုင်ငံရေး နဲ့ ပညာရပ် ဆိုင်ရာ တွေ ရှင်းလင်း တင်ပြလေ့ ရှိတဲ့ အတွက် မြန်မာ ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး သမ္မတ ဦးသိန်းစိန် မြန်မာအရေး တင်ပြ ရှင်းလင်း ခြင်းဟာ ထူးခြားတဲ့ အကြောင်း၊ ဘီဘီစီ မြန်မာ ဌာန ဌာနမှူး ဒေါ်တင်ထားဆွေ က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အဓိက ရှင်းပြ သွားတဲ့ အချက်တွေ အနက် မြန်မာ နိုင်ငံ ဟာ အထီးကျန် ဘဝ နဲ့ ပိတ်ဆို့ အရေးယူမှု တွေ ခံရတဲ့ အတွက် ဒီမိုကရေစီ ပြောင်းလဲရေး မှာ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ခဲ့ရပုံ တွေ၊ ခေတ်နောက်ကျ နေပြီဖြစ်တဲ့ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံကို ထူထောင်ရာမှာ တွေ့ရတဲ့ အခက်အခဲ၊ နောက်တခု က လူတွေရဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ် ဟောင်းတွေ ပြုပြင်ရတဲ့ နေရာမှာ ကြီးမားတဲ့ စိန်ခေါ်မှု တွေ နဲ့ ရင်ဆိုင်ရတဲ့ အကြောင်း၊ ဒါကြောင့်မို့ ပိတ်ဆို့မှု သာ မပြုကြရင် ဒီမိုကရေစီ ပြောင်းလဲရေး ဟာ အခုထက် မြန်ဆန် နိုင်တယ် လို့ ရည်ညွှန်း ပြောဆိုပုံ ရကြောင်း ဒေါ်တင်ထားဆွေ က သုံးသပ်ပါတယ်။
မြန်မာ အစိုးရ ဘက်က အကောင်အထည်ဖေါ်မယ့် အစီအစဉ်တွေ ထဲမှာတော့ အဓိက အချက် အနေနဲ့ ပြည်သူတွေ ကို ဆင်းရဲတွင်းက ကယ်ထုတ်ဖို့၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ နိုင်ငံတကာ နဲ့ ဆက်ဆံရေး မှာ တိုးမြှင့် ဆောင်ရွက်ရေး၊ အထူးသဖြင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မယ် လို့ သမ္မတ ဦးသိန်းစိန် က ပြောသွားတဲ့ အတွက် ဒီအချက်ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အစွန်းရောက် ဝါဒီတွေ ရဲ့ လှုပ်ရှားမှု၊ နယ်စပ် ကနေ ပြည်တွင်း ကျွံဝင်လာမှု တွေ ပေါ်ပေါက် ရင် နိုင်ငံတကာ နဲ့ ပူးပေါင်းမှသာ ပိုပြီး ထိရောက်၊ အကျိုးရှိနိုင်မယ် လို့ ရည်ရွယ်ပုံ ရကြောင်း ဘီဘီစီ မြန်မာဌာန ဌာနမှူး ဒေါ်တင်ထားဆွေ က သုံးသပ်ပါတယ်။




