အလဲဗင်း သတင်းစာကားတွေ ပိတ်ပင်ခံရ

Eleven
ဓာတ်ပုံ ပုံစာ, ပိတ်ပင်ခံရတဲ့အပေါ် Eleven က သတင်းထုတ်

ရန်ကုန် နေပြည်တော် အမြန်လမ်းမမှာ The Daily Eleven သတင်းစာပို့တဲ့ ကားတွေကို အင်္ဂါနေ့က စလို့ အာဏာပိုင်တွေက ဖြတ်သန်းခွင့် ပိတ်ပင် လိုက်တယ်လို့ သတင်းစာ ထုတ်ဝေတဲ့ Eleven Media Group ဘက်က သတင်း ထုတ်ပြန်ပါတယ်။

ဒီလို ပိတ်ပင်ခံရတာဟာ မကြာခင်ကာလတွေက ဒီအမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မ တော်တဆမှုတွေမှာ ယာဉ်မောင်းရဲ့ပေါ့ဆမှု၊ ကားတွေရဲ့ ကြံ့ခိုင်မှုတွေ အားနည်းတာ အပြင် ဒီအမြန်လမ်းမရဲ့ အားနည်းချက်၊ လိုအပ်ချက် တွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပြီး အယ်ဒီတာ့ အာဘော်မှာ ဝေဖန်ထောက်ပြမှုတွေ လုပ်ခဲ့တာကြောင့် အပိတ်ခံရတာလို့ သိရကြောင်း The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးက ဘီဘီစီကို ပြောပါတယ်။

တနင်္လာနေ့ညက ရန်ကုန်ကနေ နေပြည်တော်ကို သတင်းစာတွေ သွားပို့စဉ် ဒီလမ်းမကို အင်္ဂါနေ့ကစလို့ အသုံးပြုခွင့် မရှိတော့ဘူးဆိုပြီး ဘီးခွန် စခန်းကနေ ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မေလ ၂၅ ရက် မနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမမှာ ယာဉ်မတော်တဆမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

အခုလို သတင်းစာ ပို့တဲ့ကားတွေ ပိတ်ပင်ခံရတာဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်သလို ဒီလို တားဆီးဖို့ အာဏာပိုင် အဖွဲ့အစည်းတွေ အများအပြား ပါဝင်ပတ်သက် နေသလားလို့ ယူဆစရာ ရှိကြောင်း ကိုဝေဖြိုးက ပြောပါတယ်။

အင်ဂျင်နီယာမှူးကြီးက တုံ့ပြန်

ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်း ဆိုင်ရာ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ကတော့ အခု သတင်းစာ ကားတွေ ညပိုင်း သွားလာခွင့် တားဆီးဖို့ ဆုံးဖြတ်ချက်ဟာ သူကိုယ်တိုင် ချမှတ်ခဲ့တာ ဖြစ်ပြီး ခရီးသည် ကားတွေရဲ့ ဘေးကင်း လုံခြုံရေးအတွက် ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဦးမျိုးမြင့်က သူ့အနေနဲ့ The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်ကို မဖတ်ခဲ့ရသလို ဒီဝေဖန်ထောက်ပြမှုကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အရင်က ခြွင်းချက်နဲ့ ခွင့်ပြုခဲ့ပေမဲ့ အခုတော့ ဘေးအန္တရာယ်ပိုမို ကင်းစေရေးအတွက် အလဲဗင်း သတင်းစာ ကားတွေသာမက ညပိုင်း ဖြတ်သန်းသွားမယ့် ဘယ်ကုန်ကားမဆို ပိတ်ပင်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။