မြန်မာ အကြွေးတွေကို ဂျပန်က လျော်လိုက်ပြီ

နေပြည်တော်မှာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးနောက် ဂျပန် နိုင်ငံဟာ မြန်မာနဲ့ စီးပွားရေး အဆက် အသွယ် တိုးမြှင့်ဖို့ ရည်ရွယ် တဲ့ အနေနဲ့ ကြွေးဟောင်းတွေ ကို လျော်ပေး လိုက်ပြီး၊ ကြွေးသစ်တွေ ပေးဦး မယ်လို့ ကြေညာလိုက် ပါတယ်။
ကြွေးဟောင်း တောင်းတဲ့ ကြွေးပူ သတိပေး ချက်ကို ဖျက်သိမ်း လိုက်ပြီး၊ ကြွေးဟောင်း ထဲက ဒေါ်လာ ၁ ဒဿမ ၇၄ ဘီလျံ ကို လျော်ပေးခဲ့ တာ ဖြစ်ပါတယ်။ နောက်ထပ် ဒေါ်လာ သန်း ၅၀၀ အကြွေးသစ် ပေးမယ် ဆိုတာကိုလည်း ဒီခရီးစဉ် အတွင်းမှာပဲ ကြေညာ ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ အစိုးရရဲ့ အဓိက အလှူ ရှင်ကြီး ဖြစ်ခဲ့တဲ့ ဂျပန် နိုင်ငံဟာ စစ်အစိုးရ သက်တမ်း တလျှောက်လုံး မှာလည်း စီးပွားရေး အဆက် အသွယ် အလုပ် အကိုင် မပျက်ခဲ့ သလို လှူဒါန်း ကူညီမှုလည်း မပျက် ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီ့ထက် တိုးမြှင့်ဖို့ ခြေလှမ်း လာတာဖြစ်ပါတယ်။
မစ္စတာ အာဘေးရဲ့ ခရီးစဉ်ဟာ ၁၉၇၇ နောက်ပိုင်းမှာ ဂျပန် ဝန်ကြီးချုပ် တယောက်ရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်း ကလည်း ဂျပန်က မြန်မာ့ ကြွေးမြီ ဒေါ်လာ ၃ ဒဿမ ၄ ဘီလျံ ကို လျော်ပေးခဲ့ ပါသေးတယ်။ ဒါ့ကြောင့် အခု ကြေညာ ခဲ့တဲ့ ကြေညာ ချက် ဟာ ကျန်ကြွေး တွေကို ကြွေးဆုံး စာရင်း သွင်းပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။
အသစ်ပေးတဲ့ အကြွေးတွေ ကတော့ လမ်းတံတား လျှပ်စစ် အဆောက် အအုံ စတဲ့ ပင်မ အဆောက် အအုံတွေ တည်ဆောက်ရေး နဲ့ လျှပ်စစ်မီး ရရှိရေး တွေ အတွက် ဖြစ်တယ် လို့ ဆိုပါတယ်။
မစ္စတာ အာဘေးဟာ စနေနေ့မှာ ဂျပန် မြန်မာ ပူးပေါင်း ဆောက်လုပ်တဲ့ သီလဝါ ဆိပ်ကမ်းကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။
မစ္စတာ အာဘေးနဲ့ သမ္မတ ဦးသိန်းစိန်တို့ လက်မှတ် ရေးထိုး ခဲ့တဲ့ စာချုပ်တွေ ကတော့ ကြွေးမြီလျော်ရေး သဘောတူညီချက်၊ ဖွံ့ဖြိုးရေး စီမံကိန်း ၃ ရပ် သဘောတူ ညီချက် ရန်ကုန် မြို့တော် ရေပေးဝေရေး စနစ် တိုးတက် မြှင့်တင်ရေး စီမံချက်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုး တိုတက်ရေး ဆိုင်ရာ ပညာသင် ဆုပေး ရေး စီမံချက်တို့ ဖြစ်တယ် လို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထား ပါတယ်။




