မဟာစင်မုန်တိုင်း အားကောင်းလာ

mahasen
ဓာတ်ပုံ ပုံစာ, မဟာစင်မုန်တိုင်း အားကောင်းလာနေ

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင် ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မဟာစင် မုန်တိုင်းဟာ အင်အား ကောင်းလာ နေပြီး ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဖြစ်လာခဲ့ ပါတယ်။

အဲဒီ မုန်တိုင်းဟာ ဘယ်လောက် အထိ အားကောင်း လာနေပြီလဲ။ ဘယ်ကို ဦးတည်နေ သလဲ ဆိုတာကို မြန်မာ နိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ် မေးကြည့်တော့ လက်ရှိ အချိန်မှာ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၅၁၀ ခန့် အကွာ ပင်လယ်ပြင်မှာ ရှိနေပြီး အနောက်မြောက်ဘက် ကို ဆက်လက် ရွေ့လျား နေတယ်လို့ ပြောပါတယ်။

မုန်တိုင်းရဲ့ ဗဟိုချက်နား မှာတော့ လေတိုက်နှုန်းက မိုင် ၅၀ ကနေ မိုင် ၆၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

လာမယ့် ၂၄ နာရီ အတွင်း ပိုမို အားကောင်း လာနိုင်ပြီး အင်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဆင့်ကို ရောက်ရှိ နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ အချိန်မှာတော့ အနောက်မြောက်ကို ရွေ့နေလို့ မုန်တိုင်းသတိပေး အဝါရောင် အဆင့်ပဲ ရှိနေ သေးကြောင်း၊ မေလ ၁၃ ရက်နေ့ မှာတော့ အရှေ့မြောက်ကို ကွေ့ပြီး ၁၆ ရက်နေ့ နံနက် ပိုင်းမှာ မြန်မာ နိုင်ငံ ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေ ဒေသ များကို ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း ပြောပါတယ်။

လာမယ့် ၁၃ ရက်နေ့မှာ ပုသိမ်မြို့နဲ့ မိုင် ၃၅၀ လောက် အကွာကို ရောက်လာ မှာဖြစ်လို့ ကမ်းရိုးတန်း တလျှောက် နေထိုင်ကြ သူတွေ မိုးသက်လေပြင်း ကျတဲ့ ဒဏ်ကို ခံရမှာ ဖြစ်ပါတယ်။

လေပြင်း တိုက်တာတွေ၊ မိုးသီး ကျွေတာတွေနဲ့ မိုးသည်းထန် တာတွေကို ခံစား ရဖွယ် ရှိပါတယ်။ လေတိုက်နှုန်း ကလည်း တနာရီကို မိုင် ၆၀ နှုန်းလောက် အထိ တိုက်ခတ် လာနိုင်တဲ့ အတွက် ကြိုတင် ပြင်ဆင် မှုတွေ လုပ်ထားဖို့ လိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့ ကမ်းရိုးတန်း တလျှောက်နဲ့ ပင်လယ်ပြင် အတွင်းမှာ ရှိတဲ့ ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ အနေနဲ့လည်း မုန်တိုင်း အန္တရာယ်ကို ရှောင်ရှားဖို့ လိုမယ်လို့ ဆိုပါတယ်။

တကယ်လို့ ခန့်မှန်း ထားတဲ့ နေရာကသာ ဖြတ်သန်း မယ်ဆိုရင် ကုန်းတွင်းပိုင်း ဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း တွေမှာ မိုးသည်းထန်စွာ ရွာသွန်း နိုင်ကြောင်း ပြောကြား သွားခဲ့ပါတယ်။