ဂျာကာတာ မြန်မာသံရုံးကို တိုက်ခိုက်မယ့် အစီအစဉ် ဖေါ်ထုတ်နိုင်

မြန်မာ သံရုံးနဲ့ သံအမတ် နေအိမ်ကို လုံခြုံရေး တိုးချထား ပါတယ်
ဓာတ်ပုံ ပုံစာ, မြန်မာ သံရုံးနဲ့ သံအမတ် နေအိမ်ကို လုံခြုံရေး တိုးချထား ပါတယ်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်သူ နှစ်ဦးကို အင်ဒို နီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ဖေါ်ထုတ် နိုင်ခဲ့ ပါတယ်။

ဗုံးခွဲဖို့ ကြံစည်တယ်လို့ သံသယရှိမှုနဲ့ ၂၉ နှစ် အရွယ် Sefa Riano နဲ့ ၂၂ နှစ်သား Achmad Taufik တို့ကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲအဖွဲ့က ကြာသပတေးနေ့ ညက ဖမ်းဆီး လိုက်တာ ဖြစ်ပါတယ်။

အဲဒီ့နေ့ ည ၉ နာရီ လောက်က မော်တော်ဆိုင်ကယ် စီးလာတဲ့ မသင်္ကာသူ ၂ ယောက်ကို Sudirman လမ်းဆုံ နားမှာ ရဲက ဖမ်းမိ ခဲ့တယ်လို့ အင်ဒိုနီးရှား ရဲဘက် ပြောခွင့်ရ ဗိုလ်မှူးချုပ် Boy Rafi Amar က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို ပါတယ်။

အကြမ်းဖက် ကွန်ယက်တွေနဲ့ ဆက်နွယ် နေတယ်လို့ ယူဆရတဲ့ ဖမ်းမိသူ ၂ ယောက် ငှားရမ်း နေထိုင်တဲ့ အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရှာဖွေ တဲ့အခါမှာ လက်လုပ် ပိုက်ဗုံး ၅ လုံးနဲ့ အကြမ်းဖက် ဖောက်ခွဲ ရာမှာ သုံးမယ်လို့ ယူဆရတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ဖမ်းဆီး ရမိ ခဲ့တယ်လို့ Rafi Amar က ပြောပါတယ်။

ဒီအမှုကို ရဲက စုံစမ်း စစ်ဆေးဆဲ ရှိပြီး အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲအဖွဲ့ အကြီး အကဲ Ansyad Mbai ကတော့ မြန်မာ နိုင်ငံမှာ ဖြစ်ပွား နေတဲ့ ဘာသာရေး ပဋိပက္ခတွေ အတွင်း အစ္စလာမ် ဘာသာဝင် တွေကို ဗုဒ္ဓ ဘာသာတွေက တိုက်ခိုက် မှုတွေ ရှိနေတယ်လို့ ယူဆတဲ့ အတွက်ကြောင့် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ဒီဖမ်းမိ သူတွေက ကြံစည် ခဲ့ကြောင်း ပြောကြား ပါတယ်။

ဖမ်းမိသူတွေက ဂျီဟတ် ဘာသာရေး စစ် ဆင်နွှဲတဲ့ ပုံစံမျိုး ဆောင်ရွက်ဖို့ ကြံစည် ကြောင်းလဲ ပြောပါတယ် ။

သောကြာနေ့ နှောင်းပိုင်း ကလဲ မြန်မာ သံရုံးရှေ့မှာ အဝတ်ဖြူတွေ ဝတ်ဆင်ထားတဲ့ အစ္စလာမ် ကာကွယ် သူများ တပ်ဦးက ရာနဲ့ချီတဲ့ ဆန္ဒပြသူ တွေဟာ မြန်မာ ပြည်မှာ လူမျိုးတုံး သတ်ဖြတ် နေမှုတွေ ရပ်တန့်ဖို့နဲ့ ဘာသာရေးစစ် ဆင်နွှဲလိုကြောင်း ကြွေးကြော် စုရုံးခဲ့ကြ ပါတယ်။

မြန်မာ သံရုံးနဲ့ သံအမတ် အိမ်နား မှာလည်း ရဲသား ၂ ထောင် လောက်ထိ လုံခြုံရေး ချထား ရပါတယ်။

မကြာခင် နှစ်တွေ အတွင်းက အင်ဒိုနီးရှားမှာ နိုင်ငံခြားသားတွေ ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုကြီးတွေ လျော့ပါး လာပြီး အစိုးရနဲ့ ရဲတပ်ဖွဲ့ တွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လေးတွေသာ ရှိခဲ့ပါတယ်။