သမ္မတ ဦးသိန်းစိန်နဲ့ ကလင်တန် တွေ့ဆုံ

US Burma

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မြန်မာ နိုင်ငံ စီးပွားရေး အနာဂတ်နဲ့ ပတ်သက်တဲ့ အစီအစဉ် တွေကို ကြားချင်တယ်လို့ ဆို

သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ကမ္ဘောဒီးယား နိုင်ငံ Siem Reap မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။

မစ္စစ် ကလင်တန်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ အကြိမ် တွေ့ဆုံ ခဲ့တာ ဖြစ်သလို အမေရိကန် ကုမ္ပဏီ တွေကို မြန်မာ နိုင်ငံမှာ ရင်းနှီး မြှုပ်နှံခွင့် ပြုခဲ့ ပြီးတဲ့နောက် ရက်ပိုင်း အကြာမှာ တွေ့ဆုံခဲ့ ကြတာပါ။

အမေရိကန်နဲ့ အာဆီယံ တို့ကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ညီလာခံကို တက်ရောက် လာရင်း သီးခြား တွေ့ဆုံ ကြစဉ်မှာ မစ္စစ် ကလင်တန် က ဦးသိန်းစိန် နဲ့ တွေ့ဆုံဖို့ နာမည်ကျော် ကုမ္ပဏီ တွေကို သူခေါ် လာကြောင်းနဲ့ သမ္မတဆီက မြန်မာ နိုင်ငံရဲ့ စီးပွားရေး အနာဂတ်နဲ့ ပတ်သက်တဲ့ အစီအစဉ် တွေကို ကြားရဖို့ မျှော်လင့်ကြောင်း ပြောခဲ့ ပါတယ်။

အာဆီယံ အမေရိကန် စီးပွားရေး ညီလာခံ ကို အမေရိကန် ဖက်က ကမ္ဘာကျော် ကုမ္ပဏီတွေ ဖြစ်တဲ့ ကိုကာကိုလာ၊ ဖို့ဒ်၊ General Electric၊ General Morors၊ Goldman Sachs နဲ့ Google တို့က ကိုယ်စားလှယ်တွေ တက်ရောက် ကြမှာ ဖြစ်ပါတယ်။

စောစောပိုင်း တုန်းကလည်း မစ္စစ် ကလင်တန်က မြန်မာ အပါအဝင် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယားနဲ့ ထိုင်း နိုင်ငံတွေမှာ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အရေးတွေ ဆောင်ရွက်ဖို့ ဒေါ်လာ သန်း ၅၀ ကူညီ ထောက်ပံ့မှာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။