မြန်မာ့ လူ့အခွင့်အရေး အခြေအနေပိုဆိုးနေ

ဓာတ်ပုံ ရင်းမြစ်, BBC World Service
Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံ တွေရဲ့ လူ့အခွင့် အရေးနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်ထွက် အစီရင် ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ အတူ လူ့အခွင့် အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ အကြောင်း ကို အသေးစိတ် ထုတ်ဖော်ထား ရာမှာ မြန်မာနိုင်ငံမှာတော့ ချိုးဖောက်မှုတွေက ပိုတောင်ဆိုးလာသေး တယ်လို့ ပြောထား ပါတယ်။
အထူးသဖြင့် သူတို့ ရည်ညွှန်းပြောတာကတော့ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တဲ့နေရာတွေမှာ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး၊ စစ်သားတွေက အရပ်သားတွေအပေါ် လိင်မှုဆိုင်ရာ မတော်မတရားမှုတွေလုပ်လို့ လူ့အခွင့် အရေးချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
နောက်ပြီး စစ်ဖြစ်လို့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေဆီ အထောက်အပံ့ အကူအညီတွေ ပေးသူတွေ ရှိခဲ့ရင်တောင်မှာ အာဏာပိုင်တွေက ပိတ်ဆို့ဟန့်တားမှုတွေ ရှိခဲ့တယ်လို့လည်း ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့တနှစ် အတွင်း နိုင်ငံရေးနဲ့ စီးပွားရေးဘက် ပြုပြင်ပြောင်းလဲရေးတွေ ရှိခဲ့ပေမယ့်လို့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေတွေကို တိုင်းရင်းသားတွေနေတဲ့ အရပ်မှာ ချိုးဖောက်မှုတွေက တိုးလို့လာတယ် လို့လည်း သူတို့က ပြောပါတယ်။
နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့တဲ့ ကချင်ပြည်နယ်မှာ မနှစ်က စလို့ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ အကြား တိုက်ပွဲတွေ ဖြစ်ပြီးနောက်မှာ တရားမဲ့ သတ်ဖြတ်မှုတွေ၊ ပစ်ခတ် တိုက်မှုတွေကြောင့် ကလေး သူငယ်တွေ သေဆုံးမှုတွေ၊ အတင်း အကျပ် လုပ်အားပေး ခိုင်းစေတာတွေနဲ့ ဒေသခံ တွေရဲ့ အိမ်မြေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်စီး တာတွေ လုပ်ခဲ့တယ်လို့ Amnesty International က ပြောပါတယ်။
ရှမ်းပြည်နယ်မှာလည်း အလားတူ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဆိုပါတယ်။




