ကန်ပိုက်တီး လမ်းကြောင်း ကေအိုင်အေ ပိတ်ဆို့
တရုတ် မြန်မာ နယ်စပ် ကချင်ပြည်နယ် အတွင်း ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်က ထိန်းချုပ် ထားတဲ့ ကန်ပိုက်တီး ကုန်သွယ်ရေး လမ်းကြောင်းကို ကေအိုင်အေ ဘက်က ပိတ်ပင် ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kachin News Group
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်တဲ့ အနေနဲ့ အခုလို ပိတ်ဆို့တာ ဖြစ်ပြီး၊ ပြည်သူ အများစုက ကျယ်ကျယ် ပြန့်ပြန့် ကန့်ကွက်မှုတွေ မပြု လုပ်ခင် ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ကတည်းက ဒီစီမံကိန်းကို သဘော မတူ ကြောင်း ကေအိုင်အေ ဘက်က ပြောခဲ့ပြီး ဖြစ်တယ်လို့ ကေအိုင်အို ဗဟို ကော်မီတီဝင် ဦးလနန်က ဘီဘီစီကို ပြော ပါတယ်။
ကန်ပိုက်တီး ကုန်သွယ်ရေး လမ်းကြောင်း ကို ပိတ်ပင်တာဟာ မြစ်ဆုံ စီမံကိန်း အတွက် အသုံးပြုမယ့် ဘိလပ်မြေ၊ စက်သုံးဆီ စတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို သာ ပိတ်တာ ဖြစ်ပြီး ပြည်သူတွေ ကို ထိခိုက်စေနိုင်တဲ့ လူသုံးကုန် ပစ္စည်းတွေ၊ ရိက္ခာတွေ တင်သွင်းမှု ကိုတော့ တားဆီးခြင်း မရှိဘူး လို့လည်း ဦးလနန်က ပြောပါတယ်။
ကန်ပိုက်တီး လမ်းဟာ မြစ်ဆုံဆည် စီမံကိန်း အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အဓိက တင်သွင်းတဲ့ လမ်းကြောင်း ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အခုလို ပိတ်ပင်တာဟာ ပြည်သူ အများ ဆန္ဒ သဘော အရ ကေအိုင်အေ ဘက်က လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင် တာသာ ဖြစ်ပြီး နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ အတွက် အကြပ်ကိုင်တဲ့ သဘော မဟုတ်ဘူး လို့လည်း ဦးလနန်က ပြောပါတယ်။
အခုအချိန် အထိတော့ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် ကြားမှာ အပစ်အခတ် ရပ်စဲတဲ့ အဆင့် အထိ မရောက်နိုင်ပဲ တင်းမာ နေဆဲ ဖြစ်ပြီး တိုက်ပွဲ တွေလည်း ကြိုးကြား ဖြစ်နေ ပါတယ်။




