ပင်လယ်ထဲမျောနေတဲ့ ရေလုပ်သား ၅၀၀ ကို ကယ်ဆယ်

ဓာတ်ပုံ ရင်းမြစ်, bbc
မုန်တိုင်းကြောင့် ပင်လယ်ထဲ ငါးရက်ကြာ မျောနေတဲ့ ဧရာဝတီတိုင်းက ဖောင်စီး ငါဖမ်း ရေလုပ်သား ၅၀၀ ကျော်ကို မြန်မာ ရေတပ်သင်္ဘောနဲ့ ဂျိုးနသန်ကုမ္ပဏီ ငါးဖမ်း လှေကြီးတွေက ဆယ်ယူနိုင်ခဲ့ပါတယ်။
ပင်လယ်ပြင်ကနေ မျောပါလာတဲ့ ဒုက္ခသယ်တွေ ဟာ ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ မြောင်မြ၊ လပွတ္တာ၊ မအူပင်နဲ့ အမာမြို့နယ်က မြစ်ဝမှာ ဝါးဖောင်တွေနဲ့ ငါဖမ်းကြတဲ့ လုပ်သားတွေ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ (၁၁) ရက်နေ့မှာ ရုတ်တရက်မုန်းတိုင်ကျပြီး သူတို့ဟာ ပင်လယ်ပြင်မှာ (၅) ရက် နီးပါး မျောနေခဲ့ကြတာ ဖြစ်ပါတယ်။
ဝါးဖောင်တွေနဲ့ ရေလုပ်ငန်း လုပ်ကိုင်နေပေမယ့် မောင်းစရာ စက်မရှိတဲ့ အကြောင်း အမာ မြို့နယ်က ဒုက္ခသည် ဖောင်စီးရေလုပ်သားတဦးက ဘီဘီစီကို ပြောပါတယ်။
ဝါးဖောင်တစီးမှာ ၄ ဦး ကနေ ၇ ဦးထိ ပါတယ်လို့သိရပြီး ဒီဖောင်တွေဟာ သူတို့ကိုယ်ပိုင် မဟုတ်ဘူးလို့ ပြောပါတယ်။
မြန်မာ ရေတပ်သင်္ဘောကနေ ပင်လယ်ထဲ မျောလာတဲ့ ဒုက္ခသည် ၁၇၈ ဦးကို ကယ်ဆယ်ခဲ့ပြီး ဟိုင်းကြီးကျွန်းပေါ် တင်ထားခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ညသန်းခေါင်ကျော်အထိ ကော့သောင်းမြို့ကို ရောက်လာတဲ့ဒုက္ခသည် အရေအတွက် ဟာ ၃၅၀ ကျော် ရှိနေပြီး၊ သေဆုံးသူနဲ့ ပျောက်ဆုံးသူ အများအပြား ရှိနေတယ်လို့ ဒုက္ခသည် တွေက ပြောပါတယ်။
အခုအချိန်မှာတော့ ကော့သောင်းမြို့ တာ၀န်ရှိသူတွေနဲ့ မြို့မိမြို့ဖတွေက ဒီဒုက္ခသည်တွေကို တမိုင်အောင်သုခ အထက်တန်းကျောင်းမှာ စခန်းဖွင့် စောင့်ရှောက်ထား တယ်လို့ သိရပါ တယ်။








