ဦးကွီထန်းကို ဝန်ကြီးစာရင်းက ပယ်ဖျက်

ဓာတ်ပုံ ရင်းမြစ်, bbc
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးကနေ ပြည်နယ်ဝန်ကြီး တစ်ဦးဖြစ်သူ ဦးကွီထန်း ကို အသက် မပြည့်သေးတဲ့ အတွက် ဝန်ကြီး စာရင်းက ပြန်ပယ်လိုက်ပါတယ်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းလာ တဲ့ ပြည်နယ်ဝန်ကြီး တစ်ဦးဟာ အသက် ၃၅ နှစ် မပြည့်သေးတဲ့အတွက် ချင်းပါတီတွေက စုပေါင်း ကန့်ကွက်လို့ ဒီနေ့ အစည်းအဝေးခေါ်ပြီး အဲဒီ ဝန်ကြီး အမည်စာရင်းကို ပယ်လိုက်တာဖြစ်ပါတယ်။
ချင်းပြည်နယ်ဝန်ကြီး ၉ ဦးကို မနေ့က အတည်ပြုလိုက်တဲ့ အထဲက၊ ကန်ပက်လက် မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကွီထန်းဟာ ၃၅ နှစ်ပြည့်ဖို့ ၁၉ ရက်လိုသေးတာကြောင့် ချင်းပါတီ ၃ ခုက ကိုယ်စားလှယ် ၁၁ ဦး လက်မှတ်ထိုးပြီး လွှတ်တော်ဥက္ကဌကတဆင့် သမ္မတဆီကို တင်ပြခဲ့တာ ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် အမတ် ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ဘီဘီစီကို ပြောပါတယ်။
အခုလိုပယ်ဖျက်ပေးဖို့ တင်ပြတာ အောင်မြင်သွားတဲ့အတွက် ဒါဟာ ချင်းသမိုင်းမှာ ပထမဦး ဆုံး ချင်းလူထုအတွက် လုပ်ပေးနိုင်တဲ့ အောင်ပွဲတခု ဖြစ်တယ်လို့ ဦးဇိုဇမ်က ပြောပါတယ်။ သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးခန့်ထားမယ်ဆို တာကိုတော့ မသိရသေးပါဘူး။
နောက်ပြီး ပြည်နယ်ဝန်ကြီးတွေ ခန့်အပ်ရာမှာ ချင်းအမျိုးသားပါတီနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆောင်ရွက်တာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ သူ့သဘောနဲ့သူ ပြည်နယ်ဝန်ကြီးတွေကို ခန့်အပ်တယ်လို့ ယူဆရကြောင်း ဦးဇိုဇမ်က ဆက်ပြောပါတယ်။




