သမ္မတနဲ့ တပ်ချုပ် ဘယ်သူက အထက်လဲ
စစ်တပ်က အချိုးအစားတခုပါတဲ့ ပါလီမန်ဒီမိုကရေစီခေတ် အစိုးရအကြီးအကဲ ဖြစ်တဲ့ သမ္မတဟာ နိုင်ငံတော်မှာ အကြွင်းမဲ့ အာဏာရှိသူ ဖြစ်ပေမယ့် အာဏာ တချို့ကို စစ်တပ်အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ခွဲပေးထားရတယ်လို့ ၂၀၀၈ အခြေခံဥပဒေကို စောကြောထားသူတဦးက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REUTERS
ပြည်ထောင်စုအစိုးရသစ်မှာ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနဲ့ လိုအပ်တဲ့ ရာထူးအကုန်ကို သမ္မတက ခန့်အပ် တာဝန်ပေးအပ် နိုင်တယ်လို့ ယေဘူယျ ဆိုနိုင်ပေမယ့် ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေကို ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်း လာတဲ့ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးတွေကိုပဲ သမ္မတက ခန့်အပ်ရမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာနရဲ့ မြန်မာ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်ရေးရာတွေကို စောင့်ကြည့် လေ့လာထားတဲ့ သတင်းထောက် ကိုထက်အောင်က ပြောပါတယ်။
သမ္မတဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ကဏ္ဍမှာ အာဏာအရှိဆုံးဖြစ်ပြီး၊ ကာကွယ်ရေးဦးစီး ချုပ်ကိုတောင် ခန့်အပ်နိုင်တယ် ဆိုပေမယ့် တကယ်တမ်းမှာတော့ သမ္မတက ဥက္ကဌအဖြစ် ပါဝင်တဲ့ အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီက ရွေးချယ်အမည်စာရင်း တင်သွင်း သူကိုသာ ခန့်အပ်ရမှာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
လက်ရှိအနေအထားမှာတော့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုရော အစိုးရမှာပါ ထိန်းချုပ်ထားတဲ့အတွက် လွှတ်တော်နဲ့အစိုးရကြားမှာရှိသင့်တဲ့ အပြန်အလှန်ထိန်းကျောင်းမှု ပျောက်နေတယ်လို့လည်း ကိုထက်အောင်က လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ပြောပြပါ တယ်။
လာမယ့်အစိုးရအဖွဲ့မှာ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍဟာ ဘယ်နေရာမှာ ရှိနိုင်မှာပါလဲဆိုတဲ့ မေးခွန်းကိုတော့ နောက်ကွယ်ကပဲ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ကိစ္စတွေကို အကြံပေး အနေနဲ့ သြဇာလွှမ်းမိုးမှု ရှိနိုင်တယ်လို့ သုံးသပ်ချက်တွေ ရှိတဲ့အကြောင်း ဧရာဝတီ သတင်းဌာနရဲ့ သတင်းထောက်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။




