မဲဆောက်မှာ အလှူခံတဲ့ မြန်မာ ဘုန်းကြီးတွေ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လိုက်လံ အလှူခံ နေတဲ့ မြန်မာ ဘုန်းကြီး ၁၄ ဦး ဟာ ကြာသပတေးနေ့ က ထိုင်းအာဏာပိုင် တွေရဲ့ ဖမ်းဆီးခြင်း ခံရပြီး မြန်မာပြည်ကို ပြန်ပို့တာ ခံခဲ့ ကြရ ပါတယ်။
မဲဆောက်မြို့ရဲ့ ရပ်ကွက် နဲ့ ဈေးတွေ ထဲ လိုက်လံ အလှူခံနေတဲ့ မြန်မာ ဘုန်းကြီးတွေ နဲ့ သီလရှင် တွေဟာ လိုက်လံ ဆွမ်းခံပြီး ရတာတွေ ကို လိုက်လံ ရောင်းချတာ နဲ့ တနေကုန် အလှူခံ တာတွေ ရှိနေလို့ ထိုင်း နိုင်ငံသား တွေက မဲဆောက် မြို့ပိုင် ကို တိုင်တန်းတဲ့ အတွက် အခုလို အလှူလိုက်ခံနေတဲ့ မြန်မာ ဘုန်းကြီး တွေကို လိုက်လံ ဖမ်းဆီး ရတာလို့ ထိုင်း အာဏာပိုင် တွေ က ဘီဘီစီ ကို ပြောပါတယ်။
ထိုင်း လူမျိုးတွေ ရဲ့ တိုင်တန်းချက် အရ တပ်ခရိုင် သာသနာရေး ဦးစီးဌာန က တာဝန် ရှိသူ တွေကို စေလွှတ်ပြီး အဲဒီ မြန်မာ ဘုန်းကြီး တွေကို စစ်ဆေးတဲ့ အခါ မြန်မာ သံဃာ့ မှတ်ပုံတင် မပြနိုင်တဲ့အတွက် ရပ်ကွက် သံဃာ အဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ဝပ်ချွန်ဖိုး ဘုန်းကြီး ကျောင်း ဆရာတော် က သူတို့ ကို လူဝတ် လဲ ပေးပြီး မြန်မာ နိုင်ငံ ကို ပြန်ပို့ လိုက်တယ် လို့ မဲဆောက် မြို့ပိုင် က ဘီဘီစီ ကို ပြောပါတယ်။
လူဝတ်လည်းပြီး ပြန်ပို့ခံရတာ က ၁၁ ဦး ဖြစ်ပြီး ကျန် ဘုန်းတော်ကြီး ၃ ပါး ကိုတော့ ထိုင်း ဘုန်းကြီးကျောင်း က စာရွက်စာတမ်းတွေ ပြနိုင်လို့ နောက် အလှူ မခံ နဲ့ လို့ သတိပေးကာ ပြန်လွှတ်ပေး လိုက်ပါတယ်။
မြန်မာပြည် မြဝတီခရိုင် သံဃာ့ မဟာ နာယက အဖွဲ့ ဥက္ကဌ ဆရာတော် အရှင် စက္ကိန္ဒ က မြန်မာ ဘုန်းကြီးတွေ မဲဆောက်မှာ သွားပြီး ဈေးတွေ ရပ်ကွက်တွေထဲ ဝိနည်းနဲ့မညီ အလှူခံတာ ကို လိုက်ပြီး အရေးယူ ဖို့ရာ ခက်တဲ့အကြောင်း တကယ်လို့ အဲဒီလို ဘုန်းကြီး တွေကို သက်ဆိုင်ရာက အပ်ရင်တော့ ဆရာတော်တို့ အနေနဲ့ အရေးယူမှာ ဖြစ်တယ် လို့ ဘီဘီစီကို မိန့်ကြား ပါတယ်။
မဲဆောက်မြို့မှာ ဝိနည်းနဲ့ မညီ အိမ်ငှားပြီး နေကြတဲ့ မြန်မာ ဘုန်းကြီးတွေ နဲ့ သီလရှင်တွေ ကိုလည်း လိုက်လံ ဖမ်းဆီး အရေးယူသွားမယ့် အကြောင်း ကိုလည်း မဲဆောက် မြို့ပိုင် က ပြောပါတယ်။




