ထိုင်းဝန်ကြီးချုပ် မြန်မာနဲ့ ဆွေးနွေး

ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝိချာချီဝ ဟာ တစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

thai prime minister
ဓာတ်ပုံ ပုံစာ, ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝိချာချီဝ

ခရီးစဉ်ကို စီစဉ်ခဲ့တာ ကြာနေပြီ ဖြစ်ပေမယ့် မြန်မာဘက်က အဆင်မပြေသေးလို့ သွားဖို့ အခွင့်မသာသေးဘဲ အခုလို မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာချိန်ကျမှ သွားခွင့်ရခဲ့တာဟာ ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။

အဖိစစ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိတာကြောင့် မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာ ၇ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး၊ ထိုင်းဝန်ကြီးချုပ်ကို မြန်မာက ရှင်းပြချင်လို့ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

ဒီသုံးသပ်မှုက ဖြစ်နိုင်ခေျရှိတာက အောက်တိုဘာလကုန်ပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာ ထိုင်းနိုင်ငံကို လာရောက်ဖို့ ရှိတာကြောင့် ဘန်ကီမွန်းကို မြန်မာကိုယ်စား ထိုင်းက တခုခု ပြောပေးနိုင်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်းမှာ မဲဆောက်-မြဝတီ နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့၊ ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးနဲ့ သဘာဝ ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ် ထုတ်ယူရေး ကိစ္စတွေ ပါဝင်တယ်လို့ သိရပါတယ်။ နှစ်နှစ်နိုင်ငံ နယ်ခြားလုံခြုံရေး ကိစ္စတွေလည်း ပါဝင်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။