နယ်ခြားစောင့်တပ် အရေး သဘောမတူနိုင် ကြသေး

မြန်မာ နိုင်ငံက တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲဖို့ စစ် အစိုးရက သတ်မှတ် ပေးထားတဲ့ နောက်ဆုံးနေ့ ကျော်လွန်လာပြီ ဖြစ်ပေမဲ့ အားလုံးနဲ့ သဘောတူညီမှုကတော့ မရရှိသေးပါဘူ။

Ethnic soldier
ဓာတ်ပုံ ပုံစာ, စစ်ရေး ပြင်ဆင်မှုတွေ ကတော့ ရှိနေ

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို နောက်ဆုံးထား ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ မြန်မာ အစိုးရ က ပြောထားခဲ့ပေမဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ နဲ့ ကေအိုင်အေလို အင်အားကြီးမားတဲ့ တိုင်းရင်းသား အဖွဲ့တွေ အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ တချို့က လက်မခံကြသေးပါဘူး။

တပ်အသွင် ပြောင်းလဲရေး လက်မခံကြသေးပေမဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ကိစ္စကို မူအားဖြင့် သဘောတူတယ်လို့ အဖွဲ့ အားလုံးလိုလိုက ပြောထားခဲ့ကြပြီး တောင်းဆို ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။

အခုလို နောက်ဆုံး သတ်မှတ်ရက် ကျော်လွန် လာတဲ့ အချိန်မှာ UWSA အဖွဲ့က သူတို့ တောင်းဆိုထားတဲ့ မူဝါဒ အချက် ကိုးချက် အတိုင်းပဲ ဆက်လက် ဆုပ်ကိုင်ထားပြီး တည်ဆဲ ဝနယ်မြေ အားလုံးကို အသိအမှတ် ပြုပေးဖို့ တနင်္ဂနွေ နေ့ကပဲ မြန်မာ အစိုးရကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့ နယ်ခြားစောင့်တပ် ဖွဲ့ရေး ကိုတော့ အစိုးရထံ အကြောင်း မပြန် ခဲ့ဘူးလို့ UWSA ပြောရေးဆိုခွင့် ရှိသူ ဦးစံကွန်းက ဘီဘီစီကို ပြောပါတယ်။

Kachin soldiers
ဓာတ်ပုံ ပုံစာ, ဗိုလ်လောင်းတွေကို ကေအိုင်အေ လေ့ကျင့် ပေးနေ

ကေအိုင်အို အဖွဲ့ကလည်း လောလောဆယ် နယ်ခြားစောင့်တပ် ဖွဲ့ရေး ကို ငြင်းဆန်ထားပြီး ပင်လုံစာချုပ်ပါ အချက်တွေ အတိုင်း မရမချင်း သူတို့ လက်မခံဘူးလို့ ပြောခဲ့ပါတယ်။ သူတို့ ဘယ်လို ရှေ့ဆက် သွားမယ် ဆိုတာ ကိုတော့ အင်္ဂါနေ့ မှာ ပြုလုပ်မယ့် ဗဟို ကော်မီတီ အစည်း အဝေးမှာ ဆုံးဖြတ်ကောင်း ဆုံးဖြတ် နိုင်ပါတယ်။

တခါ နယ်ခြားစောင့် တပ် အဖြစ် ပြောင်းလဲရေးကို လက်မခံနိုင်ဘူးလို့ ပြောထားပြီး ဖြစ်တဲ့ မွန် ပြည်သစ် ပါတီ ကိုတော့ ဇူလိုင်လ နောက်ပိုင်းက စပြီး ဝ တပ်ဖွဲ့ နဲ့ ကချင် အဖွဲ့ တွေလို မြန်မာ အစိုးရ ဘက်က ဖိအား ဆက်ပေးတာ မတွေ့ရပါဘူး။

KPF ခေါ် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့၊ DKBA တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ တို့လို နယ်ခြားစောင့်တပ် ဖွဲ့ရေး သဘောတူ ထား ပြီးသား အဖွဲ့ တွေ က သူတို့ ဘယ်တော့ ပြောင်းလဲ ဖွဲ့ရမလဲ လို့ အသင့် ဖြစ်နေကြပါပြီ။

သဘော ထား မတူနိုင်ကြသေးတဲ့ အဖွဲ့တွေ နဲ့ ပတ်သက်လို့ လောလောဆယ် သူတို့ ဘက်ကလည်း မလျှော့ စစ် အစိုးရ ဘက်ကလည်း လိက်လျောမယ့် အနေ အထား မတွေ့ရလို့ နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်သွားပေမဲ့ ပြေလည်မှု ကတော့ မရရှိသေးဘူးလို့ ပြောနိုင်ပါတယ်။