ကုန်စျေးနှုန်းအပြောင်းအလဲကြောင့် နယ်က ကုန်စုံဆိုင်အချို့ အရင်းပြုတ်

no tag

မြန်မာနိုင်ငံမှာ ဒေါ်လာစျေးအပြောင်းအလဲကြောင့် ကုန်စျေးနှုန်းတွေ အချိန်နဲ့အမျှပြောင်းလဲနေပြီး အချို့ ဆန် ဆီ စတဲ့ အခြေခံလူသုံးကုန် ရောင်းချတဲ့ နယ်မြို့တွေက ကုန်စုံဆိုင်ပိုင်ရှင်တွေဟာ အခုရက်ပိုင်း အရင်းပြုတ်သွားကြောင်း မြစ်ကြီးနားမြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြော‌ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဖားကန့်မှာ ဆန် ဆီ စတဲ့ အခြေခံလူသုံးကုန်စည်တွေ စျေးတက်နေသလို အိမ်သုံးဆေးဝါးတွေလည်း ဈေးတက်နေတာကြောင့် လက်လီကုန်စည်ရောင်းချသူတွေရာ ဝယ်သူတွေမှာပါ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

"ဈေးကရောင်းတာလည်း ရောင်းရတယ်၊ ရောင်းရင်းနဲ့ အရင်းပြုတ်တာ၊ ဒီနေ့ကိုယ်က တစ်သောင်းနဲ့ဝယ်ပြီး တစ်သောင်းတစ်ထောင်နဲ့ ရောင်းလိုက်တယ်၊ နောက်တစ်နေ့ တစ်သောင်း သုံးထောင် သောင်း လေးထောင်ဖြစ်သွားတာ အဲလိုမျိုးပေါ့ ဆန်အိတ်တွေ ဆိုလို့ရှိရင်လည်း ကိုယ်က ခြောက်သောင်းခွဲဆို ခြောက်သောင်းခွဲနဲ့ ရောင်းတယ် ပြန်ဝယ်တဲ့ခါကျရင် ခုနှစ်သောင်း ရှစ်ထောင်၊ ခြောက်သောင်းရှစ်ထောင် ဖြစ်ကုန်တယ်"လို့ မြစ်ကြီးနားမြို့က ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးကပြောပါတယ်။

အခုလို ဖြစ်ရတာဟာ ကိုယ်ဝယ်ထားတဲ့ပစ္စည်း ကိုယ်ပြန်ရောင်းလိုက်ပြီး ပြန်ဝယ်မယ်ဆိုတော့ ဈေးက အဆမတန် များများလာတော့ ရှုံးမှန်းမသိ ရှုံးသွားတာဖြစ်တယ်လို့ လည်း သူတို့က ပြောပါတယ်။

ဒါအပြင် တချို့ ကုန်စုံဆိုင် ရောင်းတဲ့သူတွေကတော့ ကိတ်မုန့်ပေါင်မုန့် လို အထားမခံတဲ့ ကုန်စည်တွေရှိတာကြောင့် မဖြစ်မနေ ငွေပေါ်အောင် ဆက်လက် ဈေးရောင်းနေကြတာဖြစ်ပြီး ကုန်တွေ ပြတ်သွားရင်တော့ ဆိုင်ပိတ်ဖို့ စဥ်းစားသူတချို့လည်း ရှိနေကြတယ်လို့ ဆိုပါတယ်။

no tag

ဒါအပြင် မြစ်ကြီးနားနဲ့ ဖားကန့်မြို့တွေဘက်မှာ ဆန်စျေး ဆီဈေးတွေဘဲ တက်နေတာ မဟုတ်ဘဲ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဆေးတွေတော်တော်များများလည်း ဈေးတက်နေပြီး ဆေးမှာတဲ့အခါ လိုအပ်သလောက် မရတဲ့အပြင် ဆေးပစ္စည်းတွေ ရောက်ဖို့လည်း ခက်ခဲလာတယ်လို့ ဆေးဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

ကချင်ပြည်နယ်ဟာလည်း တစ်နိုင်ငံလုံးနဲ့ အတူ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ခံစားနေရတာဖြစ်ပါတယ်။ ကုန်စျေးနှုန်းတွေ အခြားနေရာထက် မြင့်လေ့ရှိတဲ့ ဖားကန့်မှာတော့ ဆန် ဆီ စတဲ့အခြေခံ စားသောက်ကုန် ဈေးနှုန်းမြင့်တက်မှုက တခြားနေရာတွေထက် ဈေးနှုန်းတွေ ပိုတက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဖားကန့်ဘက်ကို ဆန် ဆီ သယ်ယူစရိတ်ကလည်း အခုချိန်မှာ စက်သုံးဆီဈေးတွေ တက်နေတာကြောင့် အရင်က သယ်ယူခ ဆန်တစ်အိတ် ကျပ်ခြောက်ထောင် ဆိုရင် အခု တစ်သောင်းကျော် ပေးနေရတဲ့အတွက် တခြားနေရာထက် ဈေးနှုန်းပိုနေတာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

ဆန် ဆီ ဈေးတွေက ခေါင်ခိုက်နေပြီး ရွှေဘို ပေါ်ဆန်မွေးက အရင်က ရှစ်သောင်း အခုက တစ်သိန်းနဲ့ငါးထောင် ဖြစ်သွားကြောင်း အခြားဆန်နဲ့ ပဲဆီစျေးတွေလည်း တက်လာကြောင်း အဲဒီလိုဈေးတက်တော့ ဖားကန့်ကရွေ့ပြောင်းလုပ်သားတွေ အပါအဝင် အခြေခံလူတန်းစားတွေဟာ စားသောက်နေထိုင်ရေး အခက်အခဲတွေဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ကုန်စျေးနှုန်း အပြောင်းအလဲက ဝယ်ယူသူတွေတင်မကဘဲ ရောင်းချရသူတွေပါ အခက်အခဲ ဖြစ်ရတယ်လို့လည်း ဆိုကြပါတယ်။

"အရင်းက ပြန်စိုက်ရတာပေါ့ အရင်းထုတ်လိုက် ပြုတ်လိုက် ပြန်ထုတ်လိုက် ပြုတ်လိုက်ပေါ့ အဲဒီလိုမျိုးဖြစ်တာ "လို့လည်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် တချို့က လက်လုပ်လက်စား မိသားစုတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း တရိပ်ရိပ်တက်လာတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အခုကာလမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ဆီ ရဲ့ဈေးနှုန်းဟာ အတက်ကြမ်းနေလို့ အရင်ကထက် အခက်အခဲပိုတွေ့လာကြရတယ်လို့ ဆိုပါတယ်။

"မိုးလင်းလာလို့ အိပ်ရာထရင် ဒီဆန်စျေး၊ဆီစျေးကြောင့် အိမ်ရှင်မတစ်ယောက် အနေနဲ့ ဘယ်လိုမှ ပျော်ရွှင်မှု မရှိခဲ့တော့ပါဘူး။ အခု ကျွန်မတို့စားနေတဲ့ဆန်က တစ်အိတ် ခုနစ်သောင်းခွဲ ဖြစ်နေပါတယ်။ ခုနစ်သောင်းခွဲ မစားနိုင်တော့ အခု အောက်ဆုံးတန်း တတ်နိုင်တဲ့ဟာလေးပဲ စားနေရတာပေါ့ " လို့ အိမ်ရှင်မ ဒေါ်သီက ပြောပါတယ်။

"တစ်ခါတလေ ဟင်းကောင်းစားဖို့တောင် မဖြစ်လာနိုင်တော့ဘူး။ ဟင်းကြမ်းလေးတွေပဲ ဖြစ်သလိုပဲ ရှာကြံစားနေရတယ်။ ဗိုက်ဝဖို့အတွက်ပဲ ဆန်ကိုပဲ ဦးစားပေးနေရတာပေါ့" လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ကုန်စျေးနှုန်းတွေတက်တာကြောင့် စားဝတ်နေရေး အခက်အခဲ အားလုံးရင်ဆိုင်နေရပြီး ကချင် ကယား ချင်း ရခိုင် စတဲ့ ပြည်မကတင်ပို့တဲ့ ကုန်စည်တွေကို မှီခိုနေရတဲ့ ဒေသတွေမှာ စျေးနှုန်းတွေပိုပြီး သိသိသာသာတက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။