ဖားကန့်၊ ဆယ်ဇင်းရွာ -လေယာဉ်ပျံကိုမုန်းကြသူများ

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပြည်တွင်းစစ်မီးတောက်လောင်လာပြီးနောက် ပြည်သူလူထုအမြောက်အမြားဟာ စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။ ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဟာ အဆိုးဆုံးဖြစ်ပြီး ကချင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ကျန်ဒေသတချို့မှာလည်း စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူတွေ အများအပြားရှိကြပါတယ်။

လေယာဉ်ပျံတွေကိုမုန်းတယ်

လေယာဉ်ပျံသံကြားလို့ စာသင်ကျောင်းထဲက ကလေးငယ်တွေ ငိုယိုကြောက်လန့်နေကြတာ၊ စာသင်ခန်းထဲဝပ်နေကြတာ၊ ခြေဦးတည့်ရာ ထွက်ပြေးကြတာတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုရုပ်သံမြင်ကွင်းတွေနဲ့ တွေ့ကြရပါတယ်။

ကျားမကြီးငယ်မရွေး ရွာသူရွာသားအများအပြားဟာ လေယာဉ်ပျံနဲ့ လာရောက်ဗုံးကြဲတာ၊ သေနတ်နဲ့ပစ်တာတွေကြောင့် အသက်လုထွက်ပြေးကြရတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။ သာမန်ပြည်သူအများအပြားဟာ လေယာဉ်ပျံသံကိုတောင် မကြားချင်လောက်အောင် ရွံမုန်းလာတယ်လို့ ထုတ်ဖော်ပြောဆိုကြပါတယ်။

ဆယ်ဇင်းရွာမှာလေယာဉ်တွေလာပြီ

သြဂုတ်လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင် PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ အထိအခိုက် အကျအဆုံးများပြားခဲ့ပြီး လေကြောင်းကနေ စစ်ကူရောက်လာပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အသက်လုပြေးခဲ့ရတဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာသူ အမျိုးသမီးတယောက်က သူ့အတွေ့အကြုံတွေ ဘီဘီစီကိုပြောပြပါတယ်။

"သူများကပြောတာ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖြစ်ကြမယ်လို့ပြောတာ။ ကျွန်မတို့ကလည်း အဲသလောက်ကြီးမဖြစ်ဖူးထင်လို့ ဆယ်ဇင်းမှာနေကြတာ။ ၈ ရက်နေ့မှာ စဖြစ်တော့ ကျွန်မတို့နားက ပစ်ကွင်းများတယ်ဆိုပြီး သူများအိမ်မှာ သွားဝပ်နေရတယ်။ နေ့လယ် ၁၂ နာရီမထိုးခင် မတ်တင်းလောက်မှာ လေယာဉ်ကလာတာ။ အဲဒီကနေ တနေကုန်ပစ်တာ ၁၀ ခေါက်အကျော်လောက် ရှိတယ်။ ကျွန်မတို့က အိမ်တွင်းထဲမှာပဲ ဝပ်နေတာ။ ည ၈ နာရီလောက်ကျ အသားကုန်ပစ်ပြီးတော့မှ မီးလောင်သွားတာ။ ကျွန်မတို့ကလည်း မထွက်လို့ မဖြစ်တော့ဘူး။ မီးမီးမီး အော်တော့ ဘုန်းကြီးကျောင်းကို ထွက်ပြေးသွားတာ။ အရမ်းတော့ ကြောက်မိတယ်။"

စစ်သားတွေကမီးရှို့တယ်

စစ်ကောင်စီက လေယာဉ်ပေါ်ကနေ မီးလောင်ဗုံးကြဲလို့ မီးစလောင်ခဲ့တာလို့ တခြားရွာသားတဦးကပြောပါတယ်။ အဲသလိုမီးလောင်ခဲ့တာကို ရွာသားတွေက ရေစက်ခုတ်မောင်းပြီး မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လေယာဉ်တွေက ကာပစ်ပေးပြီး မြေပြင်ကနေ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပါတယ်။ မြေပြင်ကနေဝင်လာတဲ့စစ်သားတွေက ရွာကိုမီးရှို့တဲ့အခါမှာတော့ ရွာသားတွေ မီးမငြှိမ်းသတ်ရဲတော့ဘဲ ထွက်ပြေးကြရတယ်လို့ဆိုပါတယ်။

ရွာသားတွေကိုပစ်ခတ်သတ်ဖြတ်

"ကျွန်မတို့ဘုန်းကြီးကျောင်းထဲမှာရှိတုန်း ၉ ရက်နေ့မနက်မှာလည်း ဘုန်းကြီးကျောင်းနားတဝိုက်မှာတွင် လူတွေကို ပစ်သတ်တာလည်း တွေ့ရတယ်ရှင့်။ ကျွန်မက တခါမှလည်း မကြုံဖူးတဲ့အခါကျတော့ တကယ်ရော ဟုတ်မှဟုတ်ရဲ့လားလို့ ထင်မိတယ်ရှင့်။ လူတွေ တုံးလုံးပက်လက်လဲနေတဲ့ဟာမျိုးတွေပေါ့။ တချို့ကလည်းလေ ဗုံးစမှန်လို့ ခြေထောက်ပြတ်သွားတဲ့ဟာတွေတို့၊ ကိုယ့်အသိထဲကတွေဆိုတော့ စိတ်မကောင်းတွေတော့ ဖြစ်မိတယ်။ ကျွန်မတို့နားတဝိုက်က ဒေါက်တာတယောက်ရဲ့အမျိုးသမီးကလည်း အဲလိုနားထင်နဲ့နဖူးမှာမှန်ပြီး ချက်ချင်းသေသွားတာဆိုတော့ အဲသလိုမျိုးတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ တညလုံးကျွန်မတို့အိပ်လို့လည်း မပျော်ကြဘူး။ ကျွန်မတို့ဘုန်းကြီးကျောင်းထဲ နေတဲ့အခါမှာလည်း လေယာဉ်တွေက လာဝဲတော့ ဘုန်းကြီးကျောင်းကိုလည်း လုပ်မှာလားဆိုပြီး အဲဒါမျိုးတွေလည်း စိုးရိမ်မိတယ်။ ကျွန်မအသိထဲက ကလေးလေးတယောက်လည်း ဆုံးသွားတယ်။ သူ့အမေကတော့ ခြေထောက်နှစ်ဖက်စလုံး ဖြတ်လိုက်ရတယ်။ အဲသလိုမျိုးတွေ ဖြစ်တယ်။ ရပ်ကွက် ၅ ဘက်မှာဆိုရင် မိသားစု ၃ ယောက် အဲသလိုမျိုး ဒဏ်ရာရတာတို့သေတာတို့လည်း တွေ့ရတယ်။"

စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် စုစုပေါင်း လူပေါင်း ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆယ်ဇင်းဘုန်းကြီးကျောင်းထဲကဒုက္ခသည်များ

ဆယ်ဇင်းကျောင်းမှာ ယာယီခိုလှုံခဲ့ကြသူတွေဟာ လူပေါင်း ၄၀၀ ကျော် ၅၀၀ ခန့်ရှိခဲ့ပါတယ်။ ရုတ်တရက် အများအပြားရောက်လာတဲ့သူတွေကို ဘုန်းကြီးကျောင်းကလည်း ကျွေးမထားနိုင်ပါဘူး။ ဘုန်းကြီးကျောင်းမှာ ခိုအောင်းတဲ့ ၂ ရက်လောက်ကာလမှာ အစားအသောက် မစားခဲ့ရဘူးလို့လည်း ဆိုပါတယ်။

"ဘာမှစားစရာမရှိတော့ နည်းနည်းတော့ အခက်အခဲရှိတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းထဲကနေ ခြံဝင်းထဲကနေ အပြင်ကို မထွက်ရဘူး။ မြင်တာနဲ့ ပစ်သတ်မှာလို့ပြောလို့ မထွက်ရဲကြဘူး။ ဆယ်ဇင်း စားသောက်ဆိုင်တဆိုင်နားမှာ မီးရှို့တာလည်း ကျွန်မတို့ပြည်သူတွေက မီးသွားသတ်မယ်လို့ လုပ်တော့ သူတို့တွေက သေနတ်နဲ့ပစ်တယ်။ အဲဒီတော့ သွားမသတ်ရဲတော့ဘဲ ဒီတိုင်းကြည့်နေရတာရှင့်။ တချို့နောက်ကျမှရောက်လာတဲ့လူတွေကျ သူတို့ရောက်တဲ့အချိန်မှာ ဘုန်းကြီးကျောင်းကို ဆူးလေကြိုးတွေ ခတ်ထားပြီးသား ဖြစ်နေပြီ။ အဲဒီဆူးလေကြိုးတွေကို လက်နဲ့ဖြဲပြီးဝင်တော့ လက်မှာ တော်တော်များများ ဒဏ်ရာရကြတာလည်း ရှိတယ်ရှင့်။"

သြဂုတ်လ ၉ ရက် မွန်းလွဲ ၁ နာရီကျော်မှာ KIA ကချင်လွတ်လပ်ရေးတပ်မတော်က ဆယ်ဇင်းရဲစခန်းကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၉ စီးနဲ့ လေကြောင်းကနေ ပစ်ခတ်ဗုံးကြဲခဲ့တဲ့ အတွက် ရဲစခန်းကို မသိမ်းယူနိုင်ခဲ့ပါဘူး။

စစ်ကောင်စီကမီးရှို့တဲ့အတွက် လူနေအိမ် ၆၇၀ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ဘီဘီစီကို ပြောပါတယ်။ ဘုန်းကြီးကျောင်းထဲမှာ တိမ်းရှောင်နေတဲ့အမျိုးသမီးလည်း အိမ်မီးလောင်ကျွမ်းခံခဲ့ရပါတယ်။

"ကျွန်မတို့ ဆယ်ဇင်းမှာ ဘာမှလည်း တွယ်တာစရာမရှိတော့ဘူး။ ကိုယ့်အသက်ကလွဲလိုဆိုပြီးမှ။ အဲဒါကြောင့် အသက်ဘေးလွတ်အောင် တာမခန်ကို အသက်စွန့်ပြီးထွက်လာတာ။ ကျွန်မတို့က စားသောက်ဆိုင်လေးဖွင့်ပြီး ရောင်းတယ်။ အဲဒီဆိုင်တွေလည်း မီးလောင်တဲ့အထဲပါသွားတာရှင့်။ ကျွန်မတို့ ဆယ်ဇင်းဘုန်းကြီးကျောင်းမှာနေပြီးတော့ ဘာမှလည်း မစားရဆိုတော့ သြော် ကိုယ်ကတော့ လွတ်တော့မှာ မဟုတ်ဘူးထင်တယ်လို့။ အဲဒီနေ့ ၉ ရက်နေ့တောင် စစ်သားတွေက အများကြီး လာတာဆိုတော့။ တချို့ကလည်း ကလေးတွေပါရင် လွှတ်မှာလို့ပြောလို့ ထွက်လာတော့ စစ်သားတွေက ဘယ်သွားမလို့လဲ၊ ဘယ်ပြန်မလို့လဲ၊ မပြန်ရဘူးနော်၊ ဒီနေ့ကတဲ့။ ဘယ်သူမှ မပြန်ရဘူးတဲ့။ ဒီမှာပဲအိပ်ရမှာတဲ့။ ဒါပေမဲ့ ကျွန်မက ဒီဆယ်ဇင်းနားကလွတ်ရင်ပြီးရော၊ ဘယ်မှာပဲအိပ်ရ၊ အိပ်ရ ဆိုပြီးတော့ ခြေလျင်ခိုးထွက်လာခဲ့တာ။ အဲဒီနေ့က ဘုန်းကြီးကိုယ်တိုင်က အကုန်လုံးစုထွက်မယ်ဆိုတော့ တချို့တွေက ၉ ရက်နေ့မနက်မှာပဲ မထွက်ခိုင်းသေးဘဲနဲ့ မီးလောင်ပြင်ထဲမှာ ဖြတ်ပြေးကြတော့ တာမခန်ကို လူပေါင်း ၁၀၀ လောက် အရင်ရောက်တယ်။ အဲဒီတုန်းက ကျွန်မတို့က မထွက်ရဲသေးဘူး။ နောက်နေ့ကျတော့လည်း ထွက်ခွင့်မပေးဘူး။ အဲဒီမှာ ဆိုင်ကယ်နှစ်စီးက မောင်းထွက်သွားတော့ ကျွန်မတို့လည်း အရဲစွန့်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးခဲ့ရတာ။ ကိုယ့်ကို ဘယ်နားကနေများ ချောင်းပစ်မလဲဆိုပြီး ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့ရတာ။ ခြေလျင်ထွက်ပြေးခဲ့တာ။ လမ်းမှာကျ ချမ်းသာအေးနားမှာ ဆိုင်ကယ် ၂ စီးနဲ့တွေ့တော့ လိုက်မလားဆိုလို့ တယောက်တစီးစီနောက်ကထိုင်ပြီး လိုက်လာခဲ့တာ။ လမ်းမှာ ကျောက်ပုံနားရောက်တော့ ဆိုင်ကယ်က ဆီပြတ်သွားပြန်ရော။ အဲဒီမှာ တခြားကားတစီးတွေ့လို့ သူတို့နဲ့လိုက်လာပြီး တာမခန်ကို ရောက်လာတာ။"

သေကံမရောက်သက်မပျောက်တဲ့ အဲဒီအမျိုးသမီးဟာ ဖားကန့်မြို့နယ် တာမခန်ရွာဒုက္ခသည်စခန်းအထိ ရောက်အောင်ပြေးနိုင်ခဲ့ပါတယ်။ တာမခန်ဒုက္ခသည်စခန်းမှာ အခုအခါ နေရာ ၄ နေရာခွဲပြီး ဒုက္ခသည် ၈၀၀ ခန့်ခိုလှုံနေထိုင်နေကြဆဲ ဖြစ်ပါတယ်။