ရခိုင်မှာ အေအေနဲ့ စစ်ကောင်စီကြား အပြန်အလှန်ဖမ်းဆီးမှုတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ ပုဏ္ဏားကျွန်းမြို့ မြောက်ဦးမြို့တို့မှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ဖမ်းဆီးမှု တွေရှိနေပြီး မြို့ခံအရပ်သားတွေလည်း ဖမ်းဆီးခံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့မှာတော့ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ဖမ်းဆီးနေတဲ့အတွက် တစ်မြို့လုံးအသွားအလာတွေ တိတ်ဆိတ်နေပြီး ဈေးနဲ့ ကျောင်းတွေကိုပါ ပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မနက်ပိုင်းက ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ဖမ်းဆီးသွားခဲ့ပြီးနောက် မြို့က အရပ်သား ၃၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့နယ် အတွင်းမှာလည်း အေအေဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးမှုတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း ဒေသခံတွေကို ပြန်လည် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရဆိုရင် ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာကို ကျောက်တော်မြို့ပေါ်မှာ အချုပ်ကားတွေနဲ့ ဝင်လာပြီး မြို့ခံ အများစုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးတဲ့ အထိကို လုပ်နေကြတယ်လို့ သိရပါတယ်။
အဲဒီလိုဖမ်းဆီးမှုတွေနဲ့ တစ်ဆက်တည်းမှာပဲ ကျောက်တော်မြို့ပေါ်က တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းကိုလည်း နေအိမ်မှာထမင်းစားနေရာကနေ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဦးဇော်ဝင်းရဲ့ အမျိုးသမီး ဒေါ်ခင်လှစံက အတည်ပြုပြောဆိုပါတယ်။
စစ်တပ်ဘက်က အခုလိုဖမ်းဆီးမှုတွေလုပ်နေသလို ဇွန်လ ၂၀ ရက် မနေ့ညနေပိုင်းကလည်း ကျောက်တော် မြို့မရဲစခန်းရှေ့ စားသောက်ဆိုင်ထဲက ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ကို အေအေကနေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဘက်က ပြောဆိုနေကြပါတယ်။
ဒါ့အပြင် နေ့လယ်ပိုင်းမှာလည်း ကျောက်တော်မြို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက လှည့်ပတ်သွားလာနေပြီး ဈေးဆိုင်ရောင်းနေတဲ့အမျိုးသမီးတွေ၊ မသင်္ကာသူတွေနဲ့ သံသယရှိသူတွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတွေ ကပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မနက်ပိုင်းက ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် အေအေဘက်ကနေ ဖမ်းဆီးသွားခံခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ML
ဖမ်းဆီးခံလိုက်ရတဲ့ စစ်သားနဲ့အတူ အရာရှိအဆင့်ရှိသူတစ်ဦးတို့ဟာ အဲ့ဒီနေ့က ဖမ်းဆီးခံထားရတဲ့ ဦးဘလှိုင်ရဲ့ ဈေးဆိုင်ကနေ ကြိုးတွေလာဝယ်ပြီး ပြန်ထွက်သွားတဲ့အချိန် လမ်းမှာ အေအေတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီးတော့ ရုန်းရင်းဆန်ခတ်တွေဖြစ်ကြတယ်လို့ ပြောဆိုပါတယ်။
အခင်းဖြစ်ပွားပြီး နာရီဝက်ခန့်အကြာမှာ ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းက စစ်သားတွေရောက်ရှိလာခဲ့ပြီး ဈေးဆိုင်ပိုင်ရှင်ဦးဘလှိုင်ကို စစ်ဆေးစရာတွေရှိတယ်ဆိုပြီးတော့ ခေါ်ဆောင်သွားခဲ့တာဟာ ဒီကနေ့ထိ ပြန်မလွတ်လာသေးဘူးလို့ ဇနီးသည် ဒေါ်အေးအေးခိုင်က ပြောပါတယ်။
သူတို့ကိုင်ဆောင်တဲ့ ဖုန်းတွေကိုလည်း စစ်တပ်က သိမ်းဆည်းထားပြီး လက်ရှိမှာတော့ ဦးဘလှိုင်အပါအဝင် ၈ ဦးတို့ကို အေအေရဲ့ အမာခံတွေဖြစ်တယ်ဆိုပြီး စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲရေးနဲ့ စစ်ဆင်ရေးတပ်ရင်း (ဒကစ)ကို ပြောင်းရွှေ့လိုက်ပြီဖြစ်တယ်လို့ သိရကြောင်း ဒေါ်အေးအေးခိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ARAKANARMY
အခုလို ဖမ်းဆီးခံလိုက်ရပြီး အေအေရဲ့အမာခံအဖြစ် စွပ်စွဲခံထားရတာဟာ မတရားစွပ်စွဲခံရတာသာဖြစ်ပြီး အမြန်ဆုံးပြန်လည်လွှတ်ပေးစေချင်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုပါတယ်။
ရခိုင်မှာ အေအေနဲ့ စစ်ကောင်စီကြား တစ်နှစ်ကျော်ကြာ အပစ်ရပ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ မေလဆန်းကစလို့ တစ်ဖက်နဲ့ တစ်ဖက်ကြား တင်းမာမှုတွေရှိလာခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် အေအေဟာ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခကို ဖိတ်ခေါ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ULA/AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့ ယန္တရားတွေကို ထိခိုက်မှု စစ်ကောင်စီ တပ်တွေရဲ့ အနှောင့်အယှက်ပြုမှုတွေကြောင့် ဒေသတွင်း နှစ်ဖက်တပ်တွေအကြား တင်းမာမှုတွေလည်း မြင့်တက်လာနေသလို တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တယ်လို့ အေအေဘက်က မေလအတွင်း ရခိုင်ပြည်နယ်က နေထိုင်သူတွေကို သတိပေးပြောဆိုထားခဲ့ပါတယ်။








