အေအေနဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီက ရှာဖွေမှုတွေလုပ်၊ စစ်တွေက အုပ်ချုပ်ရေးမှူးအချို့ ဖမ်ဆီးခံရ

no tag

ဓာတ်ပုံ ရင်းမြစ်, ML

ရခိုင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီက ရှာဖွေမှု၊ စစ်ဆေးမှုတွေကို အခုလအတွင်း တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီအစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့နယ်အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ တောင်ကုတ် စတဲ့မြို့နယ်တွေ အတွင်းမှာလည်း ကျေးရွာတချို့တို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စစ်ဆေးမှု ပြုလုပ်တာတွေကို ခံနေကြရတယ်လို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

မေလ ၇ ရက်နေ့ည ၈ နာရီလောက်က စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့အတူ ထွေအုပ်၊ ရဲ၊ လဝက၊ မီးသတ်တပ်ဖွဲ့တို့ပါဝင်တဲ့အဖွဲ့က ဝင်ရောက်လာခဲ့ပြီး စစ်ဆေးမှုတွေပြလုပ်ခဲ့ကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြု ပြောဆိုပါတယ်။

ကံ့ကော်ကျွန်းကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်သာရှိပြီး စစ်တွေ တပ်နယ်အတွင်းမှာ တည်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ကာ ညအချိန် စစ်ကားတွေ ကျေးရွာအတွင်း ဝင်ရောက်လာခဲ့ကြပြီး စစ်ဆေးမှုတွေ ပြုလုပ်တာကြောင့် ကျေးရွာသားများ စိုးရိမ် ကြောက်လန့်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

လူအင်အား ၇၀ နီးပါး ပါဝင်တဲ့အဖွဲ့ဟာ ကျေးရွာအတွင်းနေအိမ်တွေကို အိမ်ထောင်စုစာရင်း ဝင်စစ်တာတွေ ပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရတာတွေတော့ မရှိဘူးလို့ ကံ့ကော်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေလှက ပြောပါတယ်။

၂၀၂၀ အောက်တိုဘာလက လည်း စစ်တွေက အုပ်ချုပ်ရေးမှူးတစ်ဦးသံသယနဲ့ ဖမ်းဆီးခံရမှု ဥပဒေနဲ့အညီဖြစ်ဖို့ စစ်တွေက အုပ်ချုပ်ရေးမှူးတွေတောင်းဆိုခဲ့

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ၂၀၂၀ အောက်တိုဘာလက လည်း စစ်တွေက အုပ်ချုပ်ရေးမှူးတစ်ဦးသံသယနဲ့ ဖမ်းဆီးခံရမှု ဥပဒေနဲ့အညီဖြစ်ဖို့ စစ်တွေက အုပ်ချုပ်ရေးမှူးတွေတောင်းဆိုခဲ့

"သူတို့ မနေ့ကည ၈ နာရီကျော်လောက်မှာ ဝင်စစ် သွားတာပါ။ ၉ နာရီလောက်တော့ ပြန်သွားကြတယ်။ ဘာလို့စစ်လဲတော့ မသိဘူး။ အိမ်ထောင်စုစာရင်း စစ်မယ်ဆိုပြီးတော့ ထွေအုပ်က ဖုန်းလာတယ်။ ဖုန်းဆက်လို့ သိပ်မကြာဘူး သူတို့ရောက်လာကြတယ်။"လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေလှက ပြောပါတယ်။

ရွာမှာ ဧည့်သည်တွေ ရောက်လို့ရှိရင် ဧည့်စာရင်း တိုင်ကြားရမှာ ဖြစ်ပြီး အဲ့ဒီတိုင်ကြားချက်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက တစ်ဆင့် အထက်ကို သတင်းပေးတိုင်ကြားရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သူကပြောပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်အတွင်းက ဘောဒူဘကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်အား မေလ ၄ ရက်နေ့ည ၈ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားခဲ့သလို ရွာသစ်ကေ ရခိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်လည်း မေလ ၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်း ခံလိုက်ရတယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရက်နေ့ကလည်း အောင်ဒိုင်ကျေးရွာအုပ်စုက မွတ်ဆလင် သုံးဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

မေလ ၃ ရက်နေ့ကလည်း စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ မွတ်ဆလင်ကျေးရွာတွေဖြစ်တဲ့ ဒါးပိုင်၊ ဘောဒူဘ၊ သက္ကယ်ပြင်စတဲ့ ကျေးရွာတွေက မွတ်ဆလင်ငါးဦးတို့ကို အေအေနဲ့ ဆက်စပ်သူတွေဆိုပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဘောဒူဘကျေးရွာသားတစ်ဦးက ပြောပါတယ်။

စစ်တွေမြို့အနီးက မွတ်ဆလင်ဒုက္ခသည် စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့အနီးက မွတ်ဆလင်ဒုက္ခသည် စခန်းတစ်ခု

မေလ ၅ ရက်နေ့မှာတော့ မွတ်ဆလင်ကျေးရွာသား ငါးဦးတို့ကို ဖမ်းဆီးထားရာကနေ ပြန်လည်လွှတ်ပေးခဲ့ပြီး အုပ်ချုပ်ရေးမှူးနှစ်ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားကာ စစ်တွေမြို့ အမှတ် ၁ မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရကြောင်း ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

"ကျွန်တော်တို့ ဘောဒူဘ အုပ်ချုပ်ရေးမှူးကို သူတို့အိမ်ရှေ့မှာရှိတဲ့ စစ်တပ်စခန်းက တာဝန်ကျစစ်သားတွေက လာခေါ်သွားတာပါ။ ဒီနေ့ထိ ပြန်မလွတ်သေးဘူး။ အမှတ် ၁ စခန်းမှာ ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ သူ့ကိုဖမ်းသွားတာက ကျွန်တော်တို့ သိရသလောက်တော့ အေအေကို အခွန်ဆောင်လို့ဖမ်းသွားတာလို့ ကြားတယ်။"လို့ ဘောဒူဘကျေးရွာသားတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ အုပ်ချုပ်ရေးမှူးနှစ်ဦးအနက် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးဟာ စီးပွားရေးလုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ကန်ထရိုက်လုပ်ငန်းတွေ လုပ်ကိုင်တယ်လို့ သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ ကျေးရွာသားတွေအပြင် IDP စခန်းတွေမှာနေထိုင်သူတွေလည်း စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ ပြောဆိုကြပါတယ်။

ရွာသစ်ကေ ရခိုင်ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသွားခဲ့ပြီး နောက်တစ်ရက်မှာတော့ သူ့ပိုင်ဆိုင်တဲ့ သစ်ခွဲစက်နဲ့ သစ်ခွဲသားတွေကိုလည်း သစ်တောဌာနကနေ လာရောက် သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

အခုလို ဖြစ်စဉ်တွေဟာ ရခိုင်ပြည်နယ်တောင်ပိုင်းဘက်က တောင်ကုတ်မြို့နယ်အတွင်းမှာလည်း ကြုံတွေ့နေကြရပြီး မေလ ၆ ရက်နေ့မှာ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတစ်ခုက ဆားပြင်ကျေးရွာကို ဝင်ရောက်လာခဲ့ပြီး ULA/AA ရဲ့အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အင်အား ၄၀ နီးပါးပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာအတွင်းမှာရှိတဲ့ တချို့နေအိမ်တွေကို သူတို့မှာပါလာတဲ့ စာရင်းတွေနဲ့ ဝင်ရောက်ရှာဖွေတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး နှစ်ညခန့်ကျေးရွာအတွင်းမှာ စခန်းချနေခဲ့ကာ မေလ ၈ ရက် ဒီကနေ့မနက်ပိုင်းမှာတော့ ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်လို့ အဲ့ဒီအမျိုးသမီးက ပြောပါတယ်။

"ULA နဲ့ ဆက်စပ်သူတွေကို စာရင်းတောင်းပြီးတော့ နောက်တစ်ရက်နေ့မှာ အဲ့ဒီနေအိမ်တွေကို လိုက်ပြီးဝင်ရှာတယ်။ ဓာတ်ပုံတွေရိုက်တယ်။ အိမ်တွေကို ဝိုင်းပြီးတော့ ရှာတာတွေလုပ်တယ်။ အိမ်ပေါင်း ၂၀ ကျော်လောက်ကို သူတို့ ရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။"လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

စစ်တပ် ဝင်ရောက်လာခဲ့တဲ့အချိန်မှာ ULA ခေါင်းဆောင်တွေက ထွက်ပြေး တိမ်းရှောင်ခဲ့ကြတဲ့အတွက် ဖမ်းဆီးခံရတာ တွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

အခုလိုမျိုး စစ်တပ်က လူနာမည် အိမ်နံပါတ်တွေနဲ့ လိုက်လံရှာဖွေမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ကျေးရွာသားတွေက စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေကြတယ်လို့ ပြောဆိုကြပါတယ်။

အေအေ ဗိုလ်ချုပ် ထွန်းမြတ်နိုင်

ဓာတ်ပုံ ရင်းမြစ်, STR/AFP VIA GETTY IMAGES

ဓာတ်ပုံ ပုံစာ, အေအေ ဗိုလ်ချုပ် ထွန်းမြတ်နိုင်

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၅ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာသား ငါးဦးတို့ကို စစ်တပ်ရဲ့ ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရပြီး အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆို ခံခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့နယ် လမုမော်ရွာ၊ ဘူးရွှေမော်၊ ငှက်ပျောတော စတဲ့ကျေးရွာတွေမှာလည်း ပြီးခဲ့တဲ့တစ်ပတ်လောက်က အခုလိုမျိုး ဝင်ရောက်ရှာဖွေမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ တရားဝင် ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ရခိုင်က မြို့နယ်တချို့တို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အခုလို အင်အားသုံးပြီး ရှာဖွေမှုတွေ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အခုလို ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ အေအေရဲ့တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲ့ Twitter စာမျက်နှာမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို သူနေတဲ့နေရာအထိ ဝင်ရောက်တိုက်ခိုက်မယ်လို့ သတိပေးစာတစ်ခု မေလ ၆ ရက်နေ့က ရေးသားခဲ့ပါတယ်။