အေအေစစ်ဦးစီးချုပ်ရဲ့ တွစ်တာမှာ ပြောဆိုမှုအပေါ် စစ်ကောင်စီပြောခွင့်ရ တုံ့ပြန်ပြောဆိုချက်

ဗိုလ်ချုပ် ထွန်းမြတ်နိုင်

ဓာတ်ပုံ ရင်းမြစ်, STR/AFP via Getty Images

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး အမည်ကို တပ်ပြီး လူမှုကွန်ရက် တွစ်တာမှာ စိန်ခေါ် လိုက်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာမှာ အနောက်ပိုင်းတိုင်း တိုင်းမှူးကို နာမည်တပ်ပြီး သူ့ရဲ့လုပ်ရပ်တွေကြောင့် အာရုံနောက်နေရကြောင်း၊ သူနေတဲ့နေရာထိ လာတိုက်လို့ရတယ်ဆိုတဲ့ သဘောမျိုး စိန်ခေါ်တဲ့စာသား ရေးထားတာပါ။ အနောက်ပိုင်းတိုင်း တိုင်းမှူးရဲ့ လုပ်ရပ်တွေက ဘာတွေလဲဆိုတာတော့ သူ့ထဲမှာ ပြောမထားပါဘူး။

ရခိုင်ပြည်နယ်မှာ အပစ်ရပ်ထားတဲ့ကာလအတွင်း ရခိုင့်တပ်တော်AA ရဲ့ သြဇာအားကောင်းလာမှု အပေါ် စစ်ကောင်စီဘက်က ဟန့်တားမှုတွေ ဆက်တိုက်လုပ်ဆောင်လာချိန်မှာပဲ အခုလိုတင်းမာမှုတွေဖြစ်ပေါ်လာတာလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့အကြောင်းပြချက် ရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ၊ အခွန်ပေးဆောင်သူတွေကို ဖိအားပေးတာတွေ၊ ဒေသခံတချို့ကို ဖမ်းဆီးမှုတွေ စစ်ကောင်စီတပ်တွေက ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ရက္ခိုင့်တပ်မတော်

ဓာတ်ပုံ ရင်းမြစ်, ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန

ဒီနောက်ခံအခြေအနေတွေကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် သည်းမခံနိုင်တဲ့အကြောင်းတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားဟောင်း ဦးဦးထွန်းဝင်းက သုံးသပ်ပါတယ်။

ရွာတွေကို စစ်ကြောင်းတွေ အခါအားလျော်စွာ လှည့်လာတာ၊ စစ်ကားတွေဝင်လာတာ စတဲ့ အခြေအနေတွေကြောင့် ဒီလို တွစ်တာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့စာကို မတွေ့ရခင်ကတည်းက ဒီကာလတွေမှာ တစ်ခုခု ဖြစ်လာမလားလို့ စိုးရိမ်စိတ်ရှိတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ စကားပြောရာမှာ သိမ်မွေ့သူ ဖြစ်တာကြောင့် အခုလို တွစ်တာမှာ ပြောဆိုလိုက်တာဟာ မသိနိုင်တဲ့ တခြားအရာတွေ ရှိကောင်းရှိလာနိုင်တယ်လို့လည်း ဦးဦးထွန်းဝင်းက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ လူမှုကွန်ရက်ပေါ်ကစကားကြောင့် ရခိုင်ပြည်နယ်ထဲက မြေပြင်အခြေအနေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

ရခိုင်ပြည်နယ်က အခြေအနေအပေါ် စစ်ကောင်စီရဲ့သဘောထားကို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

တိုက်ပွဲ မဖြစ်တာက ဒေသခံတွေရော၊ တပ်မတော်ရော၊ EAO တွေအတွက်ရော အားလုံးအတွက် ပိုပြီး အကျိုးရှိကြောင်း၊ အားလုံးက ထိန်းသိမ်းဆောင်ရွက်ရင် ပိုအကျိုးဖြစ်ထွန်းမယ်လို့ မြင်ကြောင်းနဲ့ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ပြောဆိုထားတာလည်းရှိကြောင်း ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားချိန် ကေအိုင်အိုက မတက်ရောက်ဘူးလို့ကြောင်းပြန်ပြီးနောက်တစ်ရက်မှာ AA စစ်ဦးစီးချုပ်ရဲ့ စိန်ခေါ်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က တင်းမာမှုတွေနဲ့ ပတ်သက်ပြီး အေအေဘက်ကို ဘီဘီစီက မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အကြောင်းပြန်ကြားဖို့ ပြောထားတဲ့ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ပြောဆိုမှု ထွက်လာလည်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, AA ရဲ့ စစ်ဦးစီးချုပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကို တွစ်တာမှာ စိန်ခေါ်