ကယား စစ်ဘေးရှောင်တွေကို WFP က ကူပေမယ့် လိုအပ်တဲ့နေရာတွေကို ရောက်ရှိဖို့ အခက်အခဲရှိ

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP ရဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေ ကယားပြည်နယ်ကို ပြီးခဲ့တဲ့လပိုင်းမှာ စတင်ရောက်ရှိခဲ့ပြီး ဒုက္ခသည် ၈၀၀၀၀ ခန့်ကို စတင်‌ကူညီနေပြီလို့ WFP က ဇွန် ၁ ရက်မှာ ထုတ်ပြန်လာခဲ့ပါတယ်။

ပဋိပက္ခတွေ ပြင်းထန်နေပြီး လူသိန်းနဲ့ချီ စစ်ဘေးရှောင်နေရတဲ့ ကယားပြည်နယ်ထဲ WFP ရဲ့အကူအညီတွေက စစ်ဘေးရှောင်တွေအတွက် အမှန်တကယ်လက်လှမ်းမီရရှိတာ နည်းပါးနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကယားပြည်နယ်နဲ့ ကယားစစ်ရှောင်တွေရှိနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက နေရပ်စွန့်ခွာ စစ်ရှောင်တွေအတွက် ရိက္ခာတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို WFPက အကူအညီပေးခွင့် ကန့်သတ်မှုတွေရှိတဲ့ကြား တကယ်လိုအပ်နေသူတွေထံ ရိက္ခာတွေထောက်ပံ့ဖို့ ကြိုးစားဖြန့်‌ဝေနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကတည်းက စတင်ဖြန့်ဖြူးနေတယ်လို့ WFP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ WFP ရဲ့ အခုလို အထောက်အပံ့တွေကို အခွင့်မရှိဘဲ စီးပွားဖြစ်ရောင်းချတာကို လုံးဝလက်သင့်မခံကြောင်းလည်းပါရှိပြီး အကူအညီ တကယ်လိုအပ်နေသူတွေ ဆက်သွယ်ကြဖို့လည်း ဖုန်းနံပါတ်တွေကိုပါ ထည့်သွင်းထုတ်ပြန်လာပါတယ်။

ဒါနဲ့ပတ်သက်လို့ WFP က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Andersonက တော့ " လက်ရှိမှာ ကျွန်တော်တို့ WFP ဟာ ကယားပြည်နယ်မှာဆိုရင် မြို့တော်လွိုင်ကော်အတွင်းက ရပ်ကွက်တွေနဲ့ မြို့အနီးတစ်ဝိုက်က ဒေသတွေဆီကိုသာ လုံခြုံစွာ ဝင်ရောက်ကူညီနိုင်ခွင့် ရှိထားပါသေးတယ်။ အဲဒီဒေသတွေမှာ ကျွန်တော်တို့ဟာ ကယားပြည်နယ်ရဲ့ နေရာအနှံ့အပြားက နေရပ်စွန့်ခွာလာခဲ့ရတဲ့ မိသားစုတွေနဲ့ ပဋိပက္ခကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေကို ကယ်ဆယ်ရေးအကူအညီတွေ ပေးအပ်နေပါတယ်။ အကျိုးခံစားခွင့်ရသူအများစုဟာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။" လို့ ပြောပါတယ်။

အဲဒီလို ကူညီပေးတာတွေရှိပေမယ့် ဒေသခံအများစုကတော့ ရိက္ခာထောက်ပံ့တာတွေ မရရှိဘူးလို့ ဆိုကြပါတယ်။

" ကူညီနေတာတော့ လွိုင်ကော်မြို့ပေါ်မှာပဲ တွေ့တယ်။ တကယ် ဖြစ်နေတဲ့ ဖရူဆို ဘက်၊ ဖယ်ခုံဘက် မိုးဗြဲဘက်တွေတော့ မတွေ့ရသေးဘူး။ ကျွန်မက လွိုင်ကော်ရောက်နေတော့ လွိုင်ကော်မှာတော့ ရိက္ခာပေးတာတွေ တွေ့ရတယ်။ အဓိကကတော့ တကယ်လိုအပ်တဲ့နေရာတွေ မရောက်သေးဘူးလို့ ပြောလို့ရတယ်" လို့လက်ရှိမှာ လွိုင်ကော်မှာ WFP အကူအညီရရှိမှုနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်မှာ လက်ရှိ WFP ရဲ့ အထောက်အပံ့လုပ်ငန်းဟာ ကနဦးအဆင့်ဖြစ်ပြီး တစ်ဖက်မှာလည်း ပြည်နယ်အတွင်း ဒေသအနှံ့အပြားမှာ ပဋိပက္ခဖြစ်ပွားနေဆဲဖြစ်တာကြောင့် လက်လှမ်းမမီနိုင်သေးတဲ့ နေရာတွေ အများကြီးရှိသေးကြောင်းနဲ့ ကယားပြည်နယ်အတွင်းသာမက အခြားလိုအပ်ချက်ရှိတဲ့နေရာတိုင်းက အကူအညီ လိုအပ်သူအားလုံးဆီ သွားရောက်ကူညီနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ WFPရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်က ဆိုပါတယ်။

တစ်နှစ်ကျော်ကြာလာတဲ့ စစ်ပွဲတွေကြောင့် ကရင်နီ ပြည်ထဲမှာ ၂၀၂၂ ဧပြီလအထိ စစ်ရှောင်ဦးရေက ၂သိန်းနီးပါးရှိတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာကအစ ဆေးဝါး နေထိုင်ရေး အားလုံး အခက်အခဲနဲ့ကြုံနေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မေလတည်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်ရှိမှာလည်း နှစ်ဖက်တပ်တွေနယ်မြေစိုးမိုးဖို့ကြိုးစားနေတဲ့ ကရင်နီပြည်နယ်ထဲ တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။

အခုလို ထောက်ပံ့ရေး လုပ်ငန်းတွေ စတင်နေပေမယ့်လည်း တကယ်လိုအပ်နေတဲ့နေရာတွေနဲ့ စစ်ရှောင်စခန်းတွေဆီကိုတော့ ရောက်ရှိတာ မတွေ့ရတဲ့အကြောင်း စစ်ဘေးရှောင်တွေကို ကူညီနေသူတွေထံက သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဒါရိုက်တာ ကိုဗညားက" ကူညီနေပေမယ့် မြို့ပေါ်တွေပဲပေါ့။ တကယ်ဖြစ်တဲ့နေရာတွေကို မရောက်နိုင်ဘူး။ အခု ကူညီတာကျတော့ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ မြို့ပေါ် က သူတွေပဲ ရတာများတယ်။ တကယ် နှစ်ပေါက် စစ်ရှောင်နေရတဲ့ စစ်ရှောင်တွေဆီကို ဘာမှ မရောက်ဘူး။ " လို့ ပြောပါတယ်။

ဒါနဲ့ပတ်သတ်ပြီး WFP ဘက်က " ကျွန်တော်တို့ လက်ရှိ ရှိထားတဲ့ သွားရောက်ကူညီခွင့်ဟာ အကန့်အသတ်ရှိနေတာ အမှန်ပါပဲ။ ကျွန်ုပ်တို့ လက်ရှိကူညီခွင့်ရရှိထားတဲ့အတိုင်းအတာကို ကျော်လွန်ပြီး အရေးတကြီး လိုအပ်ချက်တွေရှိနေတာ ကျွန်တော်တို့ အပြည့်အဝ အသိအမှတ်ပြုပါတယ်။ လွိုင်ကော်မြို့မှာ အခုလို ထူးထူးခြားခြား ကူညီခွင့်ရတဲ့အနေအထားအပေါ်မှာမှ တိုးမြင့်ပြီး ပြည်နယ်အတွင်း အခြားနေရာတွေနဲ့ ပတ်ဝန်းကျင်ဒေသတွေအထိ သွားရောက်ကူညီခွင့်ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သွားရောက်ကူညီဖို့ ခွင့်ပြုချက်ရရှိပြီဆိုတာနဲ့ အထောက်အပံ့တွေကို ချက်ချင်းဖြန့်ဝေ ပေးသွားနိုင်ဖို့ လိုအပ်တဲ့ဒေသတွေနဲ့ အနီးအနားနေရာတွေမှာ အရေးပေါ် စားနပ်ရိက္ခာတွေကို အသင့်နေရာချထားပြီးဖြစ်တဲ့အကြောင်း အသိပေးချင်ပါတယ်။" လို့ WFPရဲ့ ဌာနေ ကိုယ်စားလှယ်က ဆိုပါတယ်။

ကယားပြည်နယ်မှာ တစ်နှစ်ကျော်အကြာ စစ်ပွဲတွေကြောင့် စစ်ရှောင်နေကြရတဲ့ စစ်ရှောင်တွေဟာ အာဟာရချို့တဲ့မှု တစ်ဆကျော် မြင့်တက်လာတာနဲ့ စိတ်ကျရောဂါကြောင့် သေဆုံးသူ သက်ကြီး ရွယ်အိုတွေလည်း ရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့သူတွေရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

" ကလေးတွေက လိုအပ်တဲ့အာဟာရမရဘူး။ ဆန်ရှိမယ်။ ဆီရှိမယ်။ စားဖို့ရတယ်ပေါ့။ ဒါပေမဲ့ ဆန်ဆီက လိုအပ်တဲ့ အာဟာရ အပြည့်အစုံမရဘူး။ ဒါကြောင့် အာဟာရချို့တဲ့တဲ့နှုန်းက တစ်ဆကျော် မြင့်တက်လာတာကို တစ်နှစ်အတွင်း တွေ့မြင်ရပါတယ်။ နောက်ပြီး ဒေသခံ သက်ကြီးရွယ်အိုတွေမှာလည်း အလုပ်မရှိတာတွေ၊ စစ်ပွဲတွေ၊ နေရာစုံပြောင်းရွှေ့တိမ်းရှောင်နေကြရတာကြောင့် ရောဂါမယ်မယ်ရရမရှိဘဲ စိတ်ကျ‌ရောဂါနဲ့ သေဆုံးသူ ၁၈ ဦး အထိ ရှိလာနေပါတယ်။ " လို့ စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

အခု မိုးတွင်းကာလမှာလည်း စစ်ဘေးရှောင်စခန်းတွေ စစ်ရှောင်တွေမှာ ၀မ်းပျက် ၀မ်းလျှော ရောဂါတွေ ခံစားနေကြရပါတယ်။ ဆေး၀ါးနဲ့ အစားအစာလိုအပ်ချက် ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လိုအပ်တဲ့ စစ်ရှောင်တွေဆီကို မရောက်ရှိလာတာကြောင့် လက်ရှိထောက်ပံ့နေတဲ့ရိက္ခာတွေကိုလည်း စစ်ကောင်စီနဲ့နီးစပ်ရာတွေပဲ ရရှိတယ်လို့ကြုံတွေ့ရသူတွေက ဆိုကြပေမယ့် WFP အနေနဲ့က‌တော့ လိုအပ်တဲ့နေရာတွေကို ကူညီခွင့်ရဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းရတာတွေရှိပြီး လက်တွဲဆောင်ရွက်တာ၊ပူးပေါင်းဆောင်ရွက်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အခုလို ကူညီတာတွေ ထောက်ပံ့တာတွေ ရှိပေမယ့်လည်း လတ်တလော အကူအညီတွေကတော့ နှစ်ပေါက် စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဆီ မရောက်ရှိသေးပါဘူးလို့ဆိုကြပါတယ်။ စစ်ရှောင်တွေဆီကို တကယ် အကူအညီတွေ တိုက်ရိုက် ရရှိဖို့ဆိုရင်တော့ စစ်ရှောင် ကူညီနေသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့လိုတယ်လို့ ထောက်ပြ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

WFP အနေနဲ့တော့ ကယားပြည်နယ်အတွင်းမှာ လိုအပ်တဲ့နေရာတွေကို ဆက်လက်ကူညီသွားမှာဖြစ်ပြီး ရှေ့ဆက်ပြီး ဦးစားပေးအနေနဲ့ စစ်ဘေးရှောင်တွေ အများဆုံးရှိတဲ့ နေရာတွေထဲမှာ ပါတဲ့ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်းတွေဘက်ကိုလည်း WFP ဘက်က ဆက်လက်ကူညီသွားမယ်လို့ သိရပါတယ်။