ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပလက်ဝမှာ တိုက်ပွဲဖြစ်ပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ထား
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပလက်ဝမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေ ၆ နာရီက နေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားကြောင်း ပလက်ဝ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ကုန်းလမ်းရော ရေလမ်းပါ အသွားအလာမပြုဖို့ စစ်ကောင်စီကနေ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားတာဖြစ်တယ်လို့ လည်းသူက ပြောပါတယ်။
လတ်တလောမှာတော့ ပလက်ဝမြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ တာဝန်ကျနေတဲ့ ဆရာဆရာမတွေ မြို့ပေါ်မှာ လာရောက်သင်တန်းတက်နေကြရပြီး မူလတန်းနဲ့အလယ်တန်းအဆင့် ဆရာဆရာမအများစုတို့ဟာ ပုဒ်မ ၁၄၄ ထုတ်ပြီး အသွားအလာ ကန့်သတ်လိုက်တာကြောင့် ပလက်ဝမှာ ပိတ်မိနေကြတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
ပလက်ဝမြို့နယ်ဟာ ကုန်းလမ်းဆက်သွယ်ရေးခက်ခဲပြီး ကုလားတန်မြစ်ကြောင်းတစ်ခုတည်းကိုပဲ အသုံးပြုသွားလာနေကြ ရတဲ့ဒေသဖြစ်ကာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တာကြောင့် လမ်းခရီးမှာ ညအိပ်သွားလာရတဲ့ ဆရာဆရာမတွေ နေရပ်မပြန်နိုင်ကြတာဖြစ်ပါတယ်။
ကျောင်းအပ်လက်ခံတဲ့ မေလ ၂၆ ရက်နေ့မနက်ပိုင်းမှာပဲ မြို့ပေါ်နဲ့ တစ်မိုင်ခန့်သာကွာဝေးတဲ့ အဘောင်သားကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ပလက်ဝမြို့ခံမဟုတ်တဲ့ ဆရာဆရာမ တချို့တို့ဟာလည်း သူတို့ရဲ့နေရပ်အသီးသီးကို ပြန်သွားခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အခြေအနေတွေ ဆိုရွားတဲ့ အနေအထားမရှိတာကြောင့် ကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရကြောင်း ပလက်ဝမြို့ပေါ်မှာနေထိုင်တဲ့ ဦးဦးစိုးလှက ပြောပါတယ်။
ဇွန်လ ၂ ရက်နေ့မှာဆိုရင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံကျောင်းတွေကို ပြန်လည်ဖွင့်လစ်တော့မှာဖြစ်သလို့ အခု မေလ ၂၆ ရက်နေ့ကစလို့ ကျောင်းအပ်လက်ခံနေပြီလည်း ဖြစ်ပါတယ်။
အခုလို ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်စတင်လက်ခံတဲ့နေ့မှာပဲ ချင်းပြည်နယ်ပလက်ဝ မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွား ခဲ့ကြတာဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအပြီး နိုဝင်ဘာလကစလို့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက်သဘောတူညီချက်နဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တစ်နှစ်ကျော်အကြာမှာ နှစ်ဖက်တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကျောင်းအပ်လက်ခံတဲ့ ၂၆ ရက်နေ့မှာတော့ ကလေးငယ်တွေကို ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်ထားကြပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကြောင့် ကျောင်းတွေပြန်လည် ဖွင့်နိုင်မလားဆိုတာ မသိရသေးဘူးလို့ ပလက်ဝမြို့ပေါ်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
"ကျွန်မမှာက ကျောင်းသားလေးတစ်ယောက်ရှိတယ်။ ကျောင်းအပ်လို့ရပြီဆိုတော့ ၂၆ ရက်နေ့မှာ ကျောင်းအပ်ထားပြီ။ တိုက်ပွဲဖြစ်ထားတော့ ကျောင်းတွေဖွင့်မလား မဖွင့်ဘူးလားတော့ မသိသေးဘူး။"လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
"ကျောင်းတွေတော့ ဖွင့်မယ်လို့ သိရတယ်။ ဒါပေမဲ့ ဆရာဆရာမတွေတော့ အဲ့ဒီနေ့ကတည်းက အိမ်ပြန်သွားကြတာတွေ ရှိတယ်။ ပြန်မရောက်ကြသေးဘူး။"လို့ ကျောင်းသားမိဘ ဦးဦးစိုးလှက ပြောပါတယ်။
လာမယ့် ဇွန်လ ၂ ရက်နေ့မှာ ကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်ပေမယ့် တိုက်ပွဲကြောင့် နေရပ်ပြန်သွား ခဲ့ကြတဲ့ ဆရာဆရာမတွေနဲ့ မြို့ပေါ်မှာ ပိတ်မိနေကြတဲ့ ဆရာဆရာမတွေဟာ တာဝန်ကျရာကျောင်းတွေကို အချိန်မီ ရောက်ရှိဖို့ အခက်အခဲရှိနေတယ်လို့ ပလက်ဝမြို့ခံတွေက ပြောဆိုကြပါတယ်။
အခုလိုအခြေအနေတွေကြောင့် ပလက်ဝမြို့ပေါ်က ကျောင်းတွေကို သတ်မှတ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်ပေမယ့် ကျေးလက်ကကျောင်းတွေကတော့ ပုံမှန်အတိုင်း ဖွင်လှစ်နိုင်ဖို့ဆိုတာ အခက်အခဲတချို့ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
ကျောင်းတွေကို ပြန်ဖွင့်နိုင်တယ်ဆိုပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာတွေကြောင့် ကျောင်းသားတွေစုံစုံလင်လင် ကျောင်းတက်ဖို့ရောက်နိုင်ကြမှာ မဟုတ်သေးဘူးလို့ နောက်ထပ် ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ယခင်နှစ်တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကာလတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ဆက်သွယ်သွားလာရေးတွေ ပိတ်ဆို့ထားတာကြောင့် ကျောင်းတွေကိုပါ ပိတ်ထားခဲ့ရပြီး စာမေးပွဲစစ်ခါနီး သုံးလလောက်မှ ပြန်လည်ဖွင့်ပေးခဲ့တာတွေလည်း ရှိခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။
ဒါ့ကြောင့် အခုနှစ် ကျောင်းဖွင့်ရာသီမတိုင်ခင်မှာလည်း မြို့နယ်အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနေတော့ ကျောင်းတွေ ပိတ်လိုက်ရမှာကို ကျောင်းသားမိဘတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
"လက်နက်ကြီးတွေပစ်ရင်တော့ စိုးရိမ်မှုရှိတာပေါ့။ တိုက်ပွဲတွေ ဆက်ဖြစ်လာလို့ ကျောင်းတွေပိတ်သွားရင်လည်း မတတ်နိုင်ဘူး။ ကလေးတွေ တစ်နှစ် ကျောင်းပိတ်ခံရမှာကိုတော့ စိုးရိမ်တယ်။ တစ်နှစ် ကျောင်းမတက်ရဘူးဆိုရင်လည်း နစ်နာမှုတွေက များတယ်။ ဒါပေမဲ့ ဖြစ်ရင်လည်း ဖြစ်သလိုပဲပေါ့"လို့ မြို့ပေါ်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် ပလက်ဝမြို့ပေါ်မှာ အရင်ကလို လူတွေ သွားလာမှုတွေမရှိတော့သလို နေ့လယ် ၁၂ နာရီလောက်ဆိုရင် မြို့ခံတွေလောက်သာ အသွားအလာရှိပြီး တခြားကျေးရွာတွေက လာရောက်သူတွေမရှိတော့တာကြောင့် တမြို့လုံးခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
ယခင်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်ကြောင်းသွားလာမှုတွေကို ကန့်သတ်ထားဆဲဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့ ပလက်ဝမြို့ပေါ်မှာ အခုတခါ ပြန်လည်ပြီး တိုက်ပွဲတွေဖြစ်ပွားလာတဲ့တာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ချိန်မှာ စားရေးနေရေးတွေက ပိုမိုပြီးတော့ ခက်အခဲသွားတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။