ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကြွက်မနိုင် ကျီမီးရှို့ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဒေသ
စစ်ကောင်စီရေယာဥ်တွေဟာ မေလ ၂၅ ရက်နေ့က ချင်းတွင်းမြစ်ဘေး ကနီမြို့နယ်အတွင်းကို စတင်ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကနီမြို့နယ် ကင်းစံပြအုပ်စု မိချောင်းတွင်းကျေးရွာအနီး မြစ်ကမ်းဝဲယာမှာ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
ဒါ့အပြင် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ အထက်ကင်းရွာကို ရောက်လာခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် ချင်းတွင်းမြစ်ဘေးက ကင်းရွာအတွင်းမှာ နေအိမ်တွေ မီးလောင်မှုတွေရှိတယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း ချင်းတွင်းမြစ်အတွင်း မင်းကင်းနယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။
စစ်ကောင်စီရေယာဥ်တွေဟာ မင်းကင်းဒေသက သူတို့ကိုထောက်ခံတဲ့ တောင်ဖြူ ပန်ဆက်စတဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်ဝန်းကျင်က မြစ်အထက်ကနေ စုန်ဆင်းရောက်လာတာ ဖြစ်ပြီးတော့ မင်းကင်းနယ်ထဲက ဘင်၊ အုန္နဲဘုတ်၊ အနောက်တော၊ မုဿာ ၊မောက်တက် ၊သံပေါက် ၊ ဇင်ကလဲ စတဲ့ မြစ်ဘေးက ရွာ (၇)ရွာထက် မနည်း မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကြွက်မနိုင် ကျီမီးရှို့
ချင်းတွင်းမြစ်ဘေးကရွာတွေ မီးရှို့ခံရတဲ့နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲရက်ပိုင်း ကလေးဝဘက်ကနေ စုန်ဆင်းလာတဲ့ စစ်ရေယာဥ်အုပ်စုကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီ နယ်မြေရှင်းလင်းရေး အဖွဲ့တွေက အခုလို လုပ်တာဖြစ်ပြီး ဒေသခံတွေကတော့ အခုလိုလုပ်တာဟာ ကြွက်မနိုင်လို့ ကျီမီးရှို့ လုပ်ရပ်လို့ ပြောဆိုကြပါတယ်။
ကနီ မင်းကင်းနယ် ချင်းတွင်းမြစ်ဘေးဒေသတွေမှာ အထက်ချင်းတွင်း ခန္တီး ဟုမ္မလင်း ကလေးဝ ဘက်က စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရေယာဥ်တန်းကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ ချင်းတွင်းမြစ်ဘေးဒေသတွေဟာ ပြီးခဲ့တဲ့နှစ် မေလကစပြီး စစ်ကောင်စီတပ်တွေကို တူမီးလက်လုပ်သေနတ်တွေနဲ့ စတင် တိုက်လာခဲ့တာဖြစ်ပြီး အခု တစ်နှစ်ကျော်လာတဲ့အထိ ဒီဒေသတွေမှာ လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်ခုခံနေတဲ့ ဒေသကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ဒေသဖြစ်ပြီး ဒေသအတွင်း တူမီးနဲ့စတင်ပြီး တိုက်ခိုက်ခဲ့တာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။
အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်ထား
ချင်းတွင်းမြစ်ဘေးက မြို့နယ်တွေအပါအဝင် စစ်ကိုင်းတိုင်း ၃၇ မြို့နယ်မှာ အင်တာနက်တွေ ဖြတ်ခံရတာဟာလည်း လနဲ့ချီပြီး ကြာနေပြီဖြစ်ပါတယ်။
မနေ့က မေလ ၂၄ ရက်နေ့က မုံရွာအပါအဝင် ယင်းမာပင် ဆားလင်းကြီး ကန့်ဘလူနဲ့ ကနီမြို့နယ်တွေအပါအဝင် မြို့နယ် ၈ မြို့နယ်မှာ မိုဘိုင်းဖုန်းတွေ နာရီအတန်ကြာ ပြတ်တောက်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ အထက်ကင်းရွာ မီးရှို့ခံရတဲ့ဖြစ်စဥ်မှာ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ရွာထဲကို လုံခြုံရေး အကြောင်းပြ ဝင်ရောက်ပြီး မီးရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။
ဘာလို့ တိုက်တာလဲ
စစ်ရေယာဥ်တွေဟာ အထက်ချင်းတွင်း ခန္တီးဒေသရှိ စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေက ကျောက်စိမ်းကျောက်မျက် စတဲ့ တွင်းထွက်တွေကို တင်ပြီး မုံရွာအထိ စုန်ဆင်းလေ့ရှိပြီးတော့ ဒီလို စုန်ဆင်းတိုင်း ဒေသခံလက်နက်ကိုင်တွေက ပြီးခဲ့တဲ့နှစ်က စတင်ပြီး တိုက်ခိုက်လေ့ရှိပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်တွေ မြစ်ကြောင်းအတိုင်း ဆီးကြို တိုက်ခိုက်လေ့ရှိတာကြောင့် စစ်ကောင်စီရေယာဥ်တွေဟာ နောက်ပိုင်းမှာ လမ်းခရီးမှာ ရက်အတန်ကြာနားတာ၊ မြစ်ဘေးမှာ တပ်တွေခြံရံပြီးစုန်ဆင်းတာတွေ ပြုလုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က တူမီးသေနတ်တွေနဲ့ ဒီရေယာဥ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဒေသကာကွယ်ရေးတွေဟာ အခုအခါမှာ မိုဘိုင်းဖုန်း အသုံးပြုပြီး မြစ်အတွင်း မိုင်းထောင်တာ၊ ဒရုန်းအသုံးပြုပြီး သတင်းထောက်လှမ်းတာ၊ တိုက်ခိုက်ရေးမှာ သုံးတာတွေအထိ ရှိလာပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်တွေဘက်က အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေကို ဖြတ်တောက်ပြီ နယ်မြေရှင်းလင်းရေး လုပ်နေတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဘေးဒေသတွင်သာမကဘဲ ဒီပဲယင်း ရေဦး မြောင် အရာတော် ဘုတလင် တန့်ဆည် ကန့်ဘလူ ယင်းမာပင် စတဲ့ ဒေသတွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်ကလည်း တန့်ဆည်မြို့နယ်ထဲက အင်ပင်သာ၊ရွှေကျင်၊ ချောင်းရိုး၊ စိမ်းစား၊တပ်ကုန်း စတဲ့ရွာ ၅ ရွာဟာ ရွာလုံးကျွတ် နီးပါး မီးရှို့ခံခဲ့ရသလို ချောင်းရိုးကျေးရွာမှာလည်း နေအိမ် ၃၀၀ ကျော်၊ ကာပေါင်းကျရွာမှာ နေအိမ် ၁၀၀ ကျော်၊ တောဂျင်ရွာ စိမ်းစားရွာတွေက နေအိမ် ၅၀ ကျော်စီနဲ့ မြေခုရွာ၊ ရေရှင်ကုန်းရွာနဲ့ အင်ပင်သာရွာတွေက နေအိမ် ၄၀ ကျော်စီ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၂ သိန်းကျော်ရှိပြီး စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေဟာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာ အများဆုံးခံခဲ့ရပြီး နေအိမ် အလုံးပေါင်း ၇၅၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmr အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအရေအတွက်ဟာ နိုင်ငံတစ်ဝန်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။