အမ်းမြို့နယ်က ကျေးရွာပေါင်း ၅၀ ကျော် ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသ အမ်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၅၀ ကျော်တို့ဟာ ရိက္ခာသယ်ယူခွင့်တွေ ကန့်သတ် ပိတ်ဆို့ခံနေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အဲ့ဒီကျေးရွာတွေကို အခုလ ၆ ရက်နေ့ကစလို့ စစ်ကောင်စီက ဆန်နဲ့ စားသောက်ကုန်ရိက္ခာတွေကို သယ်ယူခွင့်ပိတ်ဆို့ထားတာဖြစ်ကြောင်း အမ်းမြို့ခံ ဦးမျိုးလွင်က ပြောပါတယ်။
အခုလို ရိက္ခာသယ်ယူခွင့် ပိတ်ဆို့ခံထားရတဲ့ နေရာကတော့ အမ်းမြို့နယ် အနောက်ဘက် ရန်ကုန်-စစ်တွေကားလမ်းမရဲ့ အရှေ့မြောက်ဘက် ဒါးလက်ချောင်း အထက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။
အဲဒီကျေးရွာတွေအားလုံးဟာ ဒါးလက်ကျေးရွာအုပ်စုအတွင်းမှာ ပါဝင်ပြီး ပြည်ထဲရေးဌာနရဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ ကျေးရွာပေါင်း (၄၇)ရွာနဲ့ နောက်ထပ်တိုးချဲ့ချထားတဲ့ ကျေးရွာတချို့လည်း ပါဝင်တယ်လို့ ဦးမျိုးလွင်က ပြောပါတယ်။
ဒါးလက်ချောင်း ကျေးရွာတွေအတွင်းက ထွက်ရှိတဲ့ ဆန်စပါးတွေနဲ့ ဖူလုံမှုမရှိတာကြောင့် အဲဒီဒေသခံ ကျေးရွာသားတွေဟာ ဆန်နဲ့တခြား စားသောက်ကုန်ပစ္စည်းတွေကို မြေပုံမြို့နယ် ကမ်းထောင်းကြီး၊ အမ်းမြို့နဲ့ မင်းပြားမြို့နယ်တို့က ဝယ်ယူပြီး စားသုံးနေကြရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
"အဓိကက စစ်ကောင်စီကနေပြီးတော့ မေလ ၆ ရက်နေ့ကနေ တားဆီးလိုက်တယ်ပေါ့နော်။ သွားလာမှုတွေ မလုပ်ရဆိုပြီး လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ တားမြစ်လိုက်တာရှိတယ်။ တားမြစ်လိုက်တဲ့အကြောင်းရင်းကိုတော့ ကျွန်တော်တို့ အသေးစိတ်တော့ မသိနိုင်သေးဘူး။"လို့ အမ်းမြို့ခံ ဦးမျိုးလွင်က ပြောပါတယ်။
စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြပြီး အဲ့ဒီဒေသကကျေးရွာတွေကို အခုလိုမျိုး ရိက္ခာသယ်ယူခွင့်၊ သွားလာခွင့်တွေ တားမြစ်မှု ပြုလုပ်တာတွေလည်း ရှိခဲ့ဖူးတယ်လို့ သူကပြောပါတယ်။
ဒါးလက်ကျေးရွာအနီး ကဇူးကိုင်းတံတားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ တားဆီးထားတာဖြစ်ပြီး အခုလို အခက်အခဲတွေနဲ့ ကြုံနေရတာ တစ်လလောက်ကြာနေပြီဖြစ်ကာ အခုလ ၆ ရက်နေ့မှ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲ့ဒီဒေသဟာ အမ်းမြို့နယ်အတွင်း ဧရိယာအကျယ်ပြန့်ဆုံးနဲ့ လူဦးရေတစ်သောင်းကျော်ခန့် နေထိုင်လျက်ရှိပြီး ချင်းတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းနဲ့ ရခိုင်တိုင်းရင်းသား ၃၀ ရာခိုင်နှုန်းခန့် နေထိုင်ကြတဲ့ ဒေသတစ်ခု ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါးလက်ချောင်း အထက်ပိုင်းမှာနေထိုင်တဲ့ ကျေးရွာသားတွေဟာ ကုန်းလမ်းနဲ့ရေလမ်းနှစ်ခုကို အသုံးပြုကြရပေမယ့် အဲ့ဒီလမ်းနှစ်ခုစလုံးဟာ စစ်ကောင်စီ တပ်စခန်းတည်ရှိတဲ့ ကဇူးကိုင်းကိုဖြတ်သန်းပြီးမှ သွားလာလို့ရရှိကြတာဖြစ်ပါတယ်။

"စားသောက်ကုန်တွေ ကျတော့ ကျွန်တော်တို့က ကမ်းထောင်းကြီးကနေ လှေနဲ့သယ်တယ်။ ပြီးတော့ ကားနဲ့သယ်တဲ့ဟာလည်း ရှိတယ်။ အခုလိုလုပ်လိုက်တော့ အခက်အခဲအများကြီးတွေ့တာပေါ့။ စားဝတ်နေရေး အကျပ်အတည်း ဖြစ်တာပေါ့။"လို့ ဦးမင်းထွန်းခိုင်က ပြောပါတယ်။
အခုလို ရိက္ခာသယ်ယူခွင့်တွေ ပိတ်ဆို့ထားတာနဲ့ ပတ်သက်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို မေးမြန်းခဲ့ပေမယ့် ဘာကြောင့် အခုလိုလုပ်ရတယ်ဆိုတာ သူ့အနေနဲ့ မသိဘူးလို ပြောဆိုပါတယ်။
မြို့ပြဒေသတွေကို မှီခိုရပ်တည်နေကြရတဲ့ ဒေသခံတွေအတွက် အခုလို ရိက္ခာ သယ်ယူခွင့်ပိတ်ဆို့ ထားလို့ရှိရင် အခက်အခဲတွေ နဲ့ ကြုံလာရနိုင်တယ်လို့ ဒါးလက်ကျေးရွာသား ဦးမင်းထွန်းခိုင်က ပြောပါတယ်။
အဲ့ဒီဒေသမှာ နေထိုင်သူတွေကို တစ်ပတ်မှာ နှစ်ကြိမ်လောက်တော့ သွားလာခွင့်ရရှိကြပေမယ့် ဆန်တစ်ကြိမ်သာ သယ်ယူခွင့် ရရှိပြီး တစ်ပတ်မှာ လှေတစ်စီးကို ဆန်သုံးအိတ်သာ သယ်ခွင့်ပြုတယ်လို့ ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အသွားအလာတွေ ကန့်သတ်ထားပေမယ့် အဲ့ဒီဒါးလက်ချောင်းဖျားကို မှီခိုလုပ်ကိုင်နေကြတဲ့သူတွေကိုတော့ တားမြစ်ထားတာမျိုးမရှိဘဲ ဝါးဖောင်တွေ မျှောနေတာတွေကို တွေ့နေရသေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် မကြာသေးခင်ကပဲ အမ်းမြို့ပေါ်မှာ လာရောက်ခိုလှုံနေကြတဲ့ ဒါးလက်ချောင်းအတွင်းက စစ်ဘေးရှောင် ကျေးရွာသားတွေကို စစ်ကောင်စီကနေ နေရပ်ပြန်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။
နေရပ်ပြန်လည်သွားရောက်ခဲ့ကြတဲ့ စစ်ဘေးရှောင်ကျေးရွာသားတွေဟာ လက်ရှိမှာ ပျက်စီးသွားတဲ့ သူတို့ရဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်ဆောက်လုပ်နေကြရတဲ့ ကာလလည်းဖြစ်သလို စီးပွားရေးအလုပ်အကိုင်တွေလည်း မရှိသေးတဲ့အချိန်မှာ အခုလို ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံလိုက်ရတော့ ပိုပြီးအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောဆိုကြပါတယ်။
အဲ့ဒီဒေသဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲကာလအတွင်းမှာလည်း အခုလို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ သစ်သီးသစ်ရွက်တွေကို စားသုံးခဲ့ကြရတဲ့အထိ အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဦးမျိုးလွင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒေသခံတွေဟာ တစ်နေ့စာတစ်နေ့ လုပ်ကိုင်ရှာဖွေ စားသောက်နေကြရသူတွေ ဖြစ်တဲ့အတွက် ဆန်ရိက္ခာတွေကို အများအပြား စုဆောင်းထားနိုင်ခြင်းမရှိကြတာကြောင့် ကျေးရွာတွေကဆန်ဆိုင်တွေမှာ ရှိနေတဲ့ဆန်တွေ ကုန်သွားလို့ရှိရှိရင် ဒေသတစ်ခုလုံး အငတ်ဘေးနဲ့ကြုံရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဒေသတွင်းစစ်ပွဲဖြစ်ပွားတာတွေလည်း မရှိသလို ယာယီအပစ်ခတ်ရပ်စဲထားတဲ့ကာလမှာ အခုလိုမျိုး လုံခြုံရေးအကြောင်းပြပြီး လုပ်နေတာဟာ ပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်ရေးတွေကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ထောက်ပြပြောဆိုကြပါတယ်။








