ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိဘမဲ့နဲ့ HIV ကလေးတွေ မျှော်နေတဲ့ အဘရာဇာ
"သမီးတို့ရောက်တာ ကြာပြီ၊ ကလေးဘဝကတည်းက ရောက်တယ်၊ ရောက်လာတုန်းကဆို သေသူ အဖြစ်နဲ့ ရောက်လာတယ်၊ သမီးဆို အဖေ၊ အမေက ငယ်ငယ် လေးကတည်းက ဆုံးတာပေါ့နော်၊ ပြီးတော့ ဒီ HIV ရှိပြီးတော့ သေသူ အဖြစ်နဲ့ ရောက်လာတာဆိုတော့၊ ဒီရောက်တော့မှ အသက် ဆက်ရှင်ခွင့်ရတယ်၊ ကျောင်းဆက်တက်ခွင့် ရတယ်၊ ပြောမယ်ဆို ဒီမှာ အဘတို့မွေးလို့ သမီးရှင်တယ်ပေါ့နော်"
မသဲသဲလို မိဘမဲ့ ကလေးတွေ၊ HIV/AIDS ဝေဒနာရှင်ကလေးနဲ့ လူကြီးတွေကို စောင့်ရှောက်ပေးနေတဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Nurture Aid Care ဂေဟာမှာ တာဝန်ယူ စီမံခန့်ခွဲပေးနေတဲ့ အသက် ၄၄ နှစ်အရွယ် ကိုရာဇာတစ်ယောက် အခုတော့ သူချစ်တဲ့၊ သူ့စောင့်ရှောက်မှု လိုအပ်နေတဲ့ ကလေးတွေနဲ့ ဝေးရာကို ရောက်နေပါတယ်။
ခိုကိုးရာမဲ့ ဒီကလေးတွေကို မထားခဲ့နိုင်လို့ ရပ်ဝေးမှာ နေတဲ့ မိခင်နဲ့ အစ်မတွေဆီတောင် ကိုရာဇာက ပုံမှန်သွားတွေ့လေ့ မရှိဘူးလို့ သူ့ရဲ့ အစ်မက ပြောပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က အရှေ့ဒဂုံရဲစခန်းက တာဝန်ရှိသူတွေက အရပ်ဝတ်တွေနဲ့ စောင့်ရှောက်ရေး ဂေဟာကို ရောက်လာကြပြီး ကိုရာဇာကို မေးစရာရှိလို့ ၄၅ မိနစ်လောက် စခန်းကို လိုက်ခဲ့ပါလို့ ခေါ်သွားခဲ့ပြီး ပြန်မလွှတ်တော့ဘဲ ဖမ်းထားတာ နှစ်ပတ်ကျော်ရှိသွားပါပြီ။
သူ့ကို အွန်လိုင်းကတဆင့် ရုံးထုတ် ရမန်ယူမယ်လို့ ဂေဟာက လူတွေ သိရတဲ့အတွက် မသဲသဲ အပါအဝင် ဂေဟာ က မိသားစုဝင် ၅ ယောက် မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက ကိုရာဇာနဲ့ တွေ့ခွင့်ရဖို့ အရှေ့ဒဂုံမြို့နယ် ရဲစခန်းကို သွားခဲ့ကြရာမှာ သုံးယောက် တွေ့ခွင့်ရခဲ့ကြ ပါတယ်။
သူတို့ပြန်လာတဲ့ နေ့လယ် ၁ နာရီလောက် အထိတော့ ရမန်ယူဖို့ အွန်လိုင်းကနေ ရုံးထုတ်တာ မရှိသေးဘူးလို့ သူတို့က ပြောပါတယ်။
မိဘမဲ့ကလေးတွေနဲ့ အဘ ရာဇာ ကြားက သံယောဇဉ်
ကိုရာဇာခေါ် ကိုစိုးရာဇာထွန်းကို ဂေဟာက ကလေးတွေက အဘ ရာဇာလို့ ခေါ်ကြပါတယ်။
ကလေးတွေက "အဘ" လို့ ခေါ်တာ သူတို့မှာ မရှိတော့တဲ့ မိခင် ဖခင်တွေကိုယ်စား ဖခင်သဖွယ် ချစ်ခင် အားကိုးတဲ့စိတ်နဲ့ ခေါ်ကြတာပါ။
အသက်အငယ်ဆုံး နှစ်လသား အရွယ်လေးကနေ တက္ကသိုလ်ကျောင်း တက်တဲ့ အရွယ်အထိ ရှိကြတဲ့ ကလေးတွေထဲမှာ ငယ်ရွယ်ပြီး နားမလည်နိုင်သေးတဲ့ ကလေးတွေက သူတို့ရဲ့ အဘ ရာဇာကို မတွေ့တော့ တမေးတည်း မေးနေကြသူတွေ၊ မစားနိုင် မသောက်နိုင်ဖြစ်ကြတဲ့ ကလေးတွေ ရှိသလို ရောဂါ အခံ ရှိတဲ့ ကလေး တချို့ဆို ဆေးတွေ ထပ်တိုးရတဲ့ အခြေအနေရှိတယ်လို့ ဂေဟာမှာ စောင့်ရှောက် နေကြသူတွေက ပြောပါတယ်။
အလားတူပဲ ကိုရာဇာကလည်း သူ့ကို သွားတွေ့သူတွေကို မြင်လိုက်တာနဲ့ ကလေးတွေ ကျန်းမာရေးကောင်းရဲ့လားလို့ မေးပြီး ကလေးတွေကို ဂရုစိုက်ဖို့မှာတယ်၊ သူ့အတွက် စိတ်မပူဖို့နဲ့ သူလည်း နေကောင်းတယ်လို့ ပြောတဲ့အကြောင်း မသဲသဲက ဘီဘီစီကို ပြောပါတယ်။
ပြုစုပျိုးထောင်မှုရဲ့ အသီးအပွင့်တွေ
လွန်ခဲ့တဲ့ ၁၀ နှစ်က မိဘမဲ့ဘဝ၊ HIV ဝေဒနာရှင် သေသူအဖြစ်နဲ့ NAC ဂေဟာကိုရောက်လာပြီး ကိုရာဇာ အပါအဝင် ဂေဟာက လူတွေရဲ့ ပြုစု စောင့်ရှောက်မှုကြောင့် အသက်ဆက်ရှင်သန်ခွင့်ရခဲ့တဲ့ မသဲသဲက အခု အသက် ၂၃ နှစ် အရွယ်ရောက်လာပြီး တက္ကသိုလ်မှာ ပညာ သင်ကြားခွင့် ရနေပါပြီ။
ဂေဟာက ကလေးတွေထဲမှာ ၁၀ တန်း အောင်မြင်ပြီး တက္ကသိုလ် ပညာသင် အရွယ် ကလေး ၄ ယောက်ရှိပြီး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း အရွယ် ကျောင်းသားကျောင်းသူတွေလည်း ရှိကြတယ်လို့ လောလောဆယ် ဂေဟာမှာ တာဝန်ယူနေကြသူတွေက ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေဖြစ်ပြီးကာလနဲ့ အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာ သူတို့တွေ ဆက်လက် ပညာသင်ယူရေးမှာ အခက်အခဲတွေ ဖြစ်လာခဲ့ကြ ပါတယ်။
ပညာသင်ကြားဖို့ ဉာဏ်ရည်မီတဲ့ ကလေးတွေ ရှိသလို ပညာသင်ဖို့ စိတ်မဝင်စားတဲ့ ကလေးတွေတွက်လည်း ကားမောင်းသင်ပေးတာ၊ ဆံပင်ညှပ်ပညာ၊ စက်ချုပ်ပညာတို့လို သင့်တော်ရာ အသက်မွေး ဝမ်းကျောင်း ပညာတွေ သင်ပေးတယ်လို့ ၂၀၀၇ ခုနှစ်ကတည်းက စတင်ပြီး ကိုရာဇာနဲ့အတူ HIV ဝေဒနာရှင်တွေကို အတူတကွ ကူညီစောင့်ရှောက်လာတဲ့ မနန္ဒာက ပြောပါတယ်။
တချို့ဆိုလည်း ဂေဟာကို ရောက်လာ၊ ဂေဟာရဲ့ အရိပ်ကို ခိုလှုံပြီး လူမှုအသိုင်းအဝိုင်းထဲမှာ သာမန်လူတွေလိုပဲ ဝင်ဆံ့တဲ့ အနေအထား ရှိနေကြတဲ့အပြင် အိမ်ထောင်ပြုပြီး ဘဝကို ထူထောင်နိုင်တဲ့ အခြေအနေတွေလည်း ရှိနေကြပါပြီ။
ဂေဟာရဲ့ စောင့်ရှောက်မှုကို ခံယူပြီး သူတို့ဘဝတွေကို ပျိုးထောင်ခဲ့ပြီး ကြီးပြင်းလာကြသူတွေက နောက်ထပ်ရောက်လာတဲ့ သူတို့လို ဘဝတူ ကလေးတွေကို တဖန်ပြန်လည် စောင့်ရှောက်ပေးတဲ့ တာဝန်တွေကို ယူလာကြပါတယ်။
အခုလို အခြေအနေအထိ ရောက်လာပြီး HIV ဝေဒနာရှင်တွေ ကို ကူညီစောင့်ရှောက်ရေး ဂေဟာ အဖြစ် ထူထောင်နိုင်လာတာက လွယ်လွယ်နဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်က NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ပြန်လွတ်မလာခင် အချိန်အထိ အခက်အခဲ အမျိုးမျိုးကြားကနေ ရုန်းကန် ရပ်တည်လာခဲ့ရတာဖြစ်ပါတယ်။
စောင့်ရှောက်ရေးဂေဟာ ဖြစ်လာရေး ကြိုးပမ်းခဲ့ရမှုများ
NAC Nurture Aid Care ဆိုတဲ့ HIV/AIDS ဝေဒနာရှင် စောင့်ရှောက်ရေး လုပ်ငန်းကို စတင် လုပ်ခဲ့သူက အခု CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင်ဖြစ်တဲ့ NLD ပါတီရဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်တုန်းက NLD ပါတီ လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်အရ HIV ရောဂါ ကာကွယ်စောင့်ရှောက်ရေး သင်တန်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP မှာ တက်ရောက်ခဲ့တဲ့ NLD လူငယ် ၂၀ နီးပါးထဲမှာ ဒေါ်ဖြူဖြူသင်းက တစ်ယောက် အပါအဝင်ပါ။
သင်တန်းတက်ပြီးနောက် NLD ရဲ့ လုပ်ငန်းစဉ်တစ်ခု အနေနဲ့ NLD ရုံးမှာ HIV/AIDS ရောဂါ ကာကွယ်ရေးအတွက် ပညာပေးဌာနလေးတစ်ခု စတင် ဖွင့်လှစ်ခဲ့ရာကနေ ဝေဒနာရှင်တွေရဲ့ မိသားစု အခက်အခဲ ဆေးဝါးကုသမှုအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ သူ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၀ ခုနှစ် ဝန်းကျင်ကာလက HIV ဝေဒနာရှင်တွေကို လူတွေက ခွဲခြားဆက်ဆံကြတာ၊ ရွံရှာကြတာတွေ ရှိပြီး သူတို့နဲ့ မပတ်သက်ချင်ကြပါဘူး။
ဒါကြောင့် ကူညီစောင့်ရှောက်ရေး လုပ်တဲ့ ကနဦးကာလ ၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက်က လူနာတွေ နေထိုင်ဆေးကုသဖို့ ရပ်ကွက်ထဲတွေမှာ အိမ်တွေငှားတဲ့အခါ လက်မခံဘဲ မောင်းထုတ်တာ ခံခဲ့ကြရတယ်၊ ကုသဆေးတွေလည်း အလုံအလောက်မရဘဲ ဖိအားတွေ အမျိုးမျိုးရှိခဲ့တယ်လို့ မနန္ဒာက ပြောပါတယ်။
ကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေကို NLD လူငယ်တွေနဲ့ စတင် တည်ထောင်ခဲ့တာဖြစ်လို့ အဲဒီအချိန်က အာဏာပိုင်တွေဘက်က ကူညီထောက်ပံ့မှု မပေးခဲ့တဲ့အပြင် ဟန့်တား နှောင့်ယှက်တာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်းမှာတော့ မူလက ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ လျော့ပါးသွားပြီး အတော် အဆင်ပြေလာခဲ့ပါတယ်။ HIV ရောဂါသည်တွေ အပေါ် လူ့အသိုင်းအဝိုင်းရဲ့ အမြင်ကလည်း ပြောင်းလဲ လာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
ဂေဟာ တာဝန်ခံ
HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်သူ ဒေါ်ဖြူဖြူသင်းလို့ ပြောလိုက်ရင် သူနဲ့ အတူ တွဲပါလာတာက ကိုရာဇာပါ။ ရင်ဆိုင်ရသမျှ အခက်အခဲတွေကို ဒီလူငယ် နှစ်ယောက်က အတူ ကိုင်တွယ် ဖြေရှင်းလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်ဖြူဖြူသင်း ရွေးကောက်ခံရပြီး လွှတ်တော်ထဲ ရောက်သွားတော့ လွှတ်တော် လုပ်ငန်းတာဝန်တွေနဲ့ အလုပ်များလာတဲ့အတွက် HIV ဝေဒနာရှင်တွေ စောင့်ရှောက်ရေး လုပ်ငန်းက ကိုရာဇာရဲ့ ပုခုံးပေါ် ပုံကျလာခဲ့ပါတယ်။
ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ ၂၀၁၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ လူ ၁၆၀ ကို စောင့်ရှောက်ထားတဲ့ စောင့်ရှောက်ရေးဂေဟာ တစ်ခုလုံးအတွက် ကိုရာဇာ ကိုယ်တိုင် တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဒေါ်ဖြူဖြူသင်းကို စစ်တပ်က ဖမ်းဝရမ်းထုတ်ခဲ့ပြီး သူပါဝင်တဲ့ CRPH ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
ဘာကြောင့်လာဖမ်းတာလဲ
ကလေးတွေကိုစောင့်ရှောက်ပေးရင်း ပျော်နေတတ်တဲ့ ကိုရာဇာကို မတ်လ ၂ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ရဲစခန်းက ခဏဆိုပြီး ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
လာဖမ်းတုန်းက အွန်လိုင်းပေါ်မှာ ရေးသားတဲ့ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး မေးစရာရှိလို့ ဆိုပြီး နေ့လယ် ၂ နာရီက ခေါ်သွားတာပါ။ ဂေဟာက လူတွေ လိုက်လာနိုင်တယ် ပြောလို့ လိုက်သွားကြပါတယ်။ ညနေ ၆ နာရီ အထိ စောင့်နေခဲ့ပြီးမှ ပြန်မလွှတ်တော့ဘူးဆိုလို့ ဖမ်းထားလိုက်ပြီ ဆိုတာ သေချာသွားခဲ့ကြပါတယ်။
သူတို့ရဲ့ ခဏက အခု သီတင်း နှစ်ပတ်ကျော်လာပြီဖြစ်ပြီး ချုပ်ရက် ရမန်ယူ တရားစွဲဆိုဖို့ပါ ပြင်ဆင်နေပြီလို့ ကိုရာဇာက သူ့ကို အခု မတ်လ ၁၈ ရက်နေ့က ရဲစခန်းမှာ သွားတွေ့တဲ့ ဂေဟာက လူတွေကို ပြောခဲ့တယ်လို့ သူတို့က ဘီဘီစီကို ပြန်ပြောပါတယ်။
ရုံးမတင်ရသေးပေမဲ့ နိုင်ငံတော် ပုန်ကန်မှု ဆိုင်ရာ ပုဒ်မ ၅၀ ည နဲ့ တရားစွဲမယ်လို့ သိရကြောင်း ပြောပါတယ်။
အွန်လိုင်းမှာ တင်ထားတဲ့ ကိစ္စ စစ်ဆေးချင်လို့ ဆိုပြီး ခေါ်သွားပြီးနောက် သူ့ရဲ့ ဖုန်းကို ယူစစ်ဆေးတဲ့အခါ မသုံးတော့တဲ့ အရင်က အကောင့်ဟောင်းမှာ တင်ထားတဲ့ ပို့စ်တွေအရ ပုဒ်မ ၅၀ ည နဲ့ တရားစွဲမှာလို့ ရဲစခန်းက ပြောတာကို ကိုရာဇာက သူ့ကို သွားတွေ့သူတွေကို ပြန်ပြောပြခဲ့ ပါတယ်။
ပုဒ်မ ၅၀ (ည) ဆိုတာက အကြမ်းဖက်အဖွဲ့ အဖြစ်ကြေညာထားခြင်းခံရသူ (သို့မဟုတ်) အကြမ်းဖက်သမားကို ငွေကြေးဆိုင်ရာ အကူအညီပေးတယ် ဆိုရင် စွဲဆိုတဲ့ ပုဒ်မ ဖြစ်တယ်လို့ ရှေ့နေ တစ်ယောက်က ပြောပါတယ်။
အမြင့်ဆုံး ပြစ်ဒဏ် အနေနဲ့ ထောင်ဒဏ် တစ်သက်အထိ ချနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
သားဖြစ်သူက သူ့ကို လာမတွေ့နိုင်တာကို နားလည်ပေးနိုင်တဲ့ ကိုရာဇာရဲ့ မိခင်က သူ့သား အဖမ်းခံရတုန်းက ပရဟိတ လုပ်နေတဲ့ သားလေးကို လာဖမ်းသွာတာ ဘာကြောင့်မှန်း နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ အခုလို ကြီးလေးတဲ့ ပြစ်ဒဏ် ကျနိုင်တဲ့ ပုဒ်မမျိုး အတပ်ခံရမယ် ဆိုတာကိုလည်း သူနားလည်နိုင်မှာ မဟုတ်ပါဘူး။
HIV စောင့်ရှောက်ရေးဂေဟာက ကလေးတွေ အဖို့လည်း သူတို့ရဲ့ အဘ ရာဇာ၊ ကိုရာဇာခေါ် ကိုစိုးရာဇာထွန်း ဖမ်းဆီးခံထားရတယ် ဆိုတာ နားလည်နိုင်တဲ့ အရွယ်လေးတွေ မဟုတ်ကြသေးတော့ အဘရာဇာ ဘယ်မှာလဲ၊ ဘယ်တော့ ပြန်လာမလဲလို့ မေးရင်း မျှော်ရင်း မျှော်လင့်နေကြပါတယ်။
ကလေးကြီးလေး တစ်ယောက်ဖြစ်တဲ့ မသဲသဲ ကတော့ အရမ်းကျပ်တည်းခဲ့တဲ့ ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီး ကာလတွေမှာ မားမားမတ်မတ်ရပ်တည်နေတဲ့ အဘ ရာဇာ ရှိနေခဲ့တယ်။ အခု အခြေအနေမှာ အကျပ်အတည်းဖြစ်လာရင် ဘယ်သူ့ကို သွားပြောရပါ့မလဲလို့ စိုးရိမ်ပူပန် နေပါတယ်။
"သမီးက ဒီစင်တာကို သေလူ အဖြစ် ရောက်လာတာ အဘတို့ မွေးလို့ အသက်ဆက်ရှင်တာ" ဆိုတဲ့ မသဲသဲက "သမီးဆို ကလေးအကုန်လုံးထဲမှာ အကြီးဆုံးပေါ့၊ အဘက အခုလိုမျိုးဖြစ်နေတာကို အငယ်လေးတွေကိုတော့ ပြောပြလို့ မရဘူးလေ၊ တခါတလေ အရမ်းစိတ်ထိခိုက်လို့ မျက်ရည် ကျချင်ရင်တောင်မှ သူတို့ရှေ့မှာ ကျလို့ မရတဲ့ အနေအထားပေါ့ " လို့ ပြောပါတယ်။