ရခိုင် ကျောက်တော်က စစ်ဘေးရှောင်စခန်းတချို့မှာ ကျောက်ရောဂါဖြစ်ပွားနေ

ကျောက်တော်က စစ်ဘေးရှောင်စခန်းတချို့မှာ ကျောက်ရောဂါဖြစ်ပွားနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက တောင်မင်းကုလား စစ်ဘေးရှောင်စခန်းနဲ့ ဝါးတောင်စစ်ဘေးရှောင်စခန်းတွေ မှာ ကျောက်ရောဂါ ဖြစ်ပွားမှုတွေရှိနေတယ်လို့ ကျောက်တော်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက အတည်ပြုပြောဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကျောက်ရောဂါဟာ ရေကျောက်အမျိုးအစားဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေမရှိပေမဲ့ လူအချင်းချင်း တစ်ဦးကနေတစ်ဦးကူးစက်မှုတွေဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်တယ်လို့ သူကဆိုပါတယ်။

တောင်မင်းကုလား စစ်ဘေးရှာင်စခန်းမှာ ဖြစ်ပွားသူ ၄၀ ခန့်ရှိပြီး ဝါးတောင်စခန်းမှာလည်း ဖြစ်ပွားနေသူတွေရှိနေသလို ငါးနှစ်အောက်ကလးငယ်တွေအပါအဝင် လူကြီးတွေမှာလည်း ဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

အဲ့ဒီရောဂါဟာ အခု မတ်လ ၅ ရက်နေ့ကစ ဖြစ်ပွားနေတာဖြစ်ပြီး လတ်တလောမှာတော့ ဒီကနေ့သွားရောက် စစ်ဆေးချက်တွေအရ အသစ်ကူးစက်ခံရသူတွေမတွေ့ရှိရဘူးလို့ ကျောက်တော်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။

"ဒီရောဂါက ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့လောက်ကစပြီးတော့ ဖြစ်ပွားနေကြတာပါ။ လတ်တလော အသစ်ကူးစက်ထားသူတွေတော့ မရှိဘူး။ အဖြစ်များတာက တောင်မင်းကုလားစခန်းမှာ ဖြစ်တာပါ။ ၄၀ လောက် ဖြစ်ကြတယ်။ ဝါးတောင်မှာတော့ နည်းပါတယ်"လို့ ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။

ကျောက်တော်က စစ်ဘေးရှောင်စခန်းတချို့မှာ ကျောက်ရောဂါဖြစ်ပွားနေ

ဓာတ်ပုံ ရင်းမြစ်, CJ

လူတွေအစုလိုက်အပြုံလိုက်နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်ခစန်းတွေမှာ အခုလိုကျောက်ရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ သိရတဲ့အတွက် ဆေးအဖွဲ့တွေကို သွားရောက်စစ်ဆေးမှတ်တမ်းယူဖို့ စေလွှတ်ထားတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သူ့ရဲ့သတင်းထုတ်ပြန်ရေး လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဆိုပါရောဂါဟာ လူအချင်းချင်း ထိတွေ့မှုတွေ၊ နှာချေ၊ ချောင်းဆိုးတာတွေက ကူးစက်မှုတွေဖြစ်ပွားပြီး အခုလိုနွေဦးရာသီတွေမှာ ဖြစ်ပွားတတ်တဲ့ရောဂါဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

အဲ့ဒီရောဂါကူးစက်ခံနေရသူတွေမှာ ကိုယ်ပေါ်မှာ အဖုလေးတွေကို စတင်တွေ့ရှိပြီး ယားယံတာတွေ၊ ဖျားနာတာတွေဖြစ်ပွားရာကနေ အနာကိုကုတ်ခြစ်ရာကတစ်ဆင့် အရေတွေကြောင့် တခြားနေရာတွေမှာပါ အဖုတွေအသစ်ထပ်ပေါက်တာတွေကို တွေ့ရတယ်လို့ တောင်မင်းကုလားစခန်းက ကိုယ်တိုင်ခံစားနေရသူ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့က အစပိုင်းမှာ အနာလေးတွေပေါက်တော့ ရေကြောင့်ဖြစ်တယ်လို့ထင်တာ။ နောက်ပိုင်းကျတော့ ဒါဟာ ရေကျောက်ပေါက်တာလို့ သိရတယ်။ အဖြစ်များတာကတော့ ကလေးငယ်တွေမှာ ပိုများပါတယ်။ ဖျားကြတယ်။ တစ်ကိုယ်လုံး အနာတွေ ပေါက်တယ်"လို့ တောင်မင်းကုလားစခန်းက စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့ပေါ်မှာလည်း အခုလို ရေကျောက်ရောဂါဖြစ်ပွားသူတွေရှိနေပြီး ဒါဟာ ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ ရောဂါတစ်ခုဖြစ်ကြောင်း ဒေါက်တာသန်းထွန်းဦက ပြောပါတယ်။

ရေကျောက်ဟာ ကူးစက်ရောဂါတစ်ခုဖြစ်ပေမဲ့ ရောဂါဖြစ်ပွားသူအများအပြားရှိနေတဲ့ စစ်ဘေးရှောင်ခစန်းကလူတွေကို အသွားအလာကန့်သတ်ထားတာမျိုးမရှိဘူးလို့ ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။