ခြိမ်းခြောက်မှုပေါင်းစုံရင်ဆိုင်နေရတဲ့တောင်သူတွေရဲ့ တောင်သူလယ်သမားနေ့

တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၅ ခုနှစ်ကစပြီး တောင်သူလယ်သမားနေ့လို့ သတ်မှတ်ခံထားရတဲ့ ဒီကနေ့ မတ် ၂ ရက်ကို စစ်ကိုင်းတိုင်းထဲက တောင်သူတွေ အမှုမဲ့အမှတ်မဲ့သာ ကျော်ဖြတ်နေရပါတယ်။

စစ်အာဏာသိမ်းခံထားရပြီးနောက် အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အထဲ စစ်ကိုင်းတိုင်းလည်းအပါအဝင်ဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေကနေ့တိုင်းလိုလိုရှိနေတာပါ။

နေ့တိုင်း အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတာ၊ ရွာလုံးကျွတ်မီးရှို့ခံရတာ၊ အိမ်တွေအဖျက်ဆီးခံရတာ၊ စိုက်ပျိုးထားတဲ့သီးနှံတွေ မီးရှို့ခံရတာ၊ အပါဝင် ခြိမ်းခြောက်မှုမျိုးစုံနဲ့ ရင်ဆိုင်နေနေကြရတာဖြစ်ပါတယ်။

အလုပ်သမားခ၊ စက်သုံးဆီခ၊ မြေဩဇာဈေးနှုန်း မြင့်တက်နေတဲ့ကြားကနေ ခက်ခက်ခဲခဲ စိုက်ပျိုးခဲ့ရတဲ့ စပါးအပါဝင် နှမ်း၊ ပဲ စတဲ့ စားသုံးသီးနှံတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ မီးရှို့မှုတွေကြောင့် ပျက်စီးသွားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံလိုက်ရတဲ့ မုဿာရွာက တောင်သူအမျိုးသမီးတစ်ယောက်က အခုလို ရင်ဖွင့်ပါတယ်။

"လက်ရှိကတော့ အိုးအိမ်ကလည်းမရှိ၊ ဆန်စပါးကလည်းမရှိ၊ သူများလှူတာဒါန်းတာလေးနဲ့ တောထဲ ပြေးနေရတဲ့သူနဲ့၊ တချို့ကတော့ မနေရဲလို့ ထွက်သွားတဲ့သူတွေနဲ့ တကွဲတပြားတွေပါပဲ။ ကိုယ့်ရိက္ခာကိုယ်တောင် မစားရတဲ့ဘဝမျိုးရောက်သွားတော့ ဝမ်းနည်းနေတာတစ်ခုပဲ။"

တောင်သူတွေအများစုဟာ ရိတ်သိမ်းပြီးတဲ့ သီးနှံတွေကို နေအိမ်တွေမှာ သိုလှောင်ထားကြတာပါ။ ကျေးရွာတွေ မီးရှို့ခံလိုက်ရတဲ့အခါ အဲ့ဒီသီးနှံတွေပါ မီးလောင်ခံလိုက်ရတာရှိသလို တချို့ရွာတွေမှာတော့ စပါးကျီတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ခံလိုက်ရတာတွေလည်း ရှိနေကြတာပါ။

ဒါ့ပြင်တချို့ တောင်သူတွေက သူတို့ရဲ့သီးနှံတွေ ရင့်မှည့်နေပေမဲ့ အနီးနားမှာ ပျူစောထီးရွာရှိနေတဲ့အတွက် မရိတ်သိမ်းရဲကြပါဘူး။ ရိတ်သိမ်းပြီးတဲ့ သီးနှံတွေကိုလည်း ဈေးကောင်းရတဲ့အချိန်အထိ မသိုလှောင်ရဲတော့တဲ့အခြေအနေကို ပုလဲမြို့နယ်ထဲက မီးရှို့ခံရတဲ့ ချောင်းဦးရွာ တောင်သူအမျိုးသမီးတစ်ယောက် ပြောပြတာကတော့

" တောတိုက်တွေမှာတောင် မထားရဲလောက်အောင် ဖြစ်တာပေါ့။ နီးစပ်ရာတွေမှာ ပို့ထားရတာပေါ့။ တချို့ကလည်း တခါတည်း သီးနှံတွေကို ရောင်းလိုက်ရတာပေါ့။ မဟုတ်ရင် ဒီလို ကပ်ဘေးရှိရင်ရှိဦးမယ်လေ။ အခုလည်း ရထားတဲ့သီးနှံ တန်းရောင်း၊ သူတို့ပေးတဲ့ဈေးနဲ့ရောင်း၊ ဒီအထုပ်အထည် ရှိရင် ဒီအထုပ်အထည်က အန္တရာယ်များတယ်လေ။ အဲ့တော့ပိုက်ဆံပဲ ထုတ်ကြတာပေါ့။"

တောင်သူတွေရဲ့ ဓလေ့ထုံးစံအရ ဆန်၊ ဆီ အပါဝင်စိုက်ပျိုးသီးနှံတွေကို တစ်နှစ်စာ မိသားစုစားဖို့အတွက် ချန်ထားပြီး ပိုတာတွေကို ရောင်းလို့ရတဲ့ဝင်ငွေနဲ့ အိမ်ဆောက်တာ၊ သားမီးတွေကို ပညာသင်ပေးတာ၊ ကျန်းမာရေး၊ လူမှုရေး၊ အလှူအတန်းတွေအတွက် အသုံးပြုကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နူန်းခန့်ဟာ တောင်သူလယ်သမားတွေဖြစ်ကြပြီး ‌တောင်သူလယ်သမားလူတန်းစားဟာ နိုင်ငံရဲ့ အရေးပါတဲ့ အဓိက လူတန်းစားတစ်ရပ်လည်းဖြစ်ပါတယ်။