ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ်အတန်ကြာပိတ်ထားတဲ့ တောင်သူလယ်သမား အသက်အာမခံ ပြန်ဖွင့်
မြန်မာ့အာမခံလုပ်ငန်းက နှစ်အတန်ကြာ ပိတ်ထားခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ အသက်အာမခံကို အောက်တိုဘာ ၁ရက်နေ့က စပြီးပြန်လုပ်ခွင့် ပေးတော့မှာ ဖြစ်ပါတယ်။
အရင်က ၁၉၈၀ ကနေ ၁၉၈၉ ခုနှစ်အထိ အသက်အာမခံကို ရောင်းချရာက လုပ်ငန်းအရှုံးပေါ်တယ်ဆိုပြီး ၂၈ နှစ်ကြာ ပိတ်ထားခဲ့ရာကနေ ဒီလို ပြန်ဖွင့်ပေးခဲ့တာပါ။
ဒီအသက်အာမခံက နှစ်တို အာမခံအမျိုးအစား ဖြစ်ပြီးတော့ တနှစ်တာအတွင်း ဒဏ်ရာရတာတွေ ဆေးရုံတက်တာတွေအတွက် သုံးကြိမ်ခွင့်ပြုထားပါတယ်။
ဆေးရုံတစ်ခါတက်မယ်ဆိုရင် ငွေတစ်သောင်းနှုန်းနဲ့ တနှစ်အတွက် ငွေကျပ် သုံးသောင်းနှုန်းရရှိမှာဖြစ်ပါတယ်။
အသက် ၁၆ နှစ်ကနေ အသက် ၆၀ အထိ လယ်ယာလုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ကိုင်နေတဲ့ လူတွေလုပ်ကိုင်နိုင်တယ် အာမခံအမျိုးအစားနဲ့ ပတ်သက်လို့ မြန်မာ့အာမခံ လုပ်ငန်းက အထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်းက ဘီဘီစီကို ပြောပြပါတယ်။
ဒီအာမခံ ရောင်းချမှုမှာ မြန်မာ့အာမခံရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၊ သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်စတာတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ပရီမီယံကြေး ၁၀ရာခိုင်နှုန်းကို ရောင်းချပေးတဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေကို ၁၀ ရာခိုင်နှုန်းပေးမှာ ဖြစ်ပြီးတော့ ၉၀ ရာခိုင်နှုန်းကို မြန်မာ့အာမခံက ယူမှာဖြစ်ပါတယ်။
ဒီလို တောင်သူလယ်သမားတွေကို အသက်အာမခံသာမက သီးနှံအာမခံတွေပါ ထားဖို့ ဆန်စပါးအသင်းချုပ်က ဒုဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
အခုအခါ အရင်အစိုးရတွေလက်ထက်က သိမ်းဆည်းထားတဲ့ လယ်မြေတွေကို တချို့နေရာတွေမှာ ပြန်ရရှိနေပီဖြစ်ပေမဲ့ လယ်သမားတွေရဲ့ ဘဝတွေတိုးတက်ရေး အတွက်ကတော့ ဒီထက် နိုင်ငံတော် အစိုးရ အစီအမံတွေ လိုအပ်နေသေးတယ်လို့ ဝေဖန်နေတာ တွေလည်းရှိပါတယ်။