ရှမ်းပြည်မြောက်ပိုင်းက မြေယာပြဿနာတွေ ဖြေရှင်းပေးဖို့တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တောင်သူတွေ အဓိကရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေယာပြဿနာ၊ စိုက်ပျိုးသီးနှံ ဈေးကွက် နဲ့ သဘာဝရင်းမြစ်ဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သတ်ပြီးအဖြေရှာဖို့ စက်တင်ဘာ ၂၃ရက်က တွေ့ဆုံပွဲတခုပြုလုပ် ကာ သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

အခက်ခဲရင်ဆိုင်နေရတဲ့ အချက် ၁၅ ချက်ပါ သဘောထားထုတ်ဖော်ချက်ကို သက်ဆိုင်ရာပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက တဆင့် ရှမ်းပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့တွေဆီ တင်ပြ သွားမယ်လို့ တောင်သူတွေက ပြောပါတယ်။

တောင်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ပတ်သတ်လို့ ကွတ်ခိုင်မြို့နယ်က တောင်သူ တဦး လည်းဖြစ် မြေယာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင်လည်းဖြစ်သူ ဦးခွန်ဖုန်းက မငြိမ်းချမ်းတဲ့အတွက် တောင်သူတွေမှာ မြေယာထိန်းသိမ်းမှုတွေကို သေချာမလုပ်နိုင်ပဲ မြေဆီတွေပျက်စီးလာတာကြောင့်ပါသလို လူငယ်တွေက တရုတ်နိုင်ငံကိုသွားရောက်လုပ်ကိုင်တာကြောင့် လုပ်သားရှားပါးလာတာကလည်း အခက် အခဲ တစ်ခုဖြစ်နေတယ် လို့ပြောပါတယ်။

သဘောထားထုတ်ပြန်ချက်တွေထဲမှာ တိုင်းရင်းသားတွေရဲ့ရိုးရာဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုကို အသိအမှတ်ပြုတဲ့ဥပဒေမူဝါဒများပြဋ္ဌာန်းပေးရေးနဲ့ သိမ်းဆည်းခံထားရတဲ့မြေယာတွေ မူလပိုင်ရှင်ထံ ပြန်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြည်ပမျိုးစေ့တွေကို အစိုးရက ထိန်းချုပ်ပေးဖို့နဲ့ ဒေသရင်း သီးနှံမျိုးစေ့တွေနဲ့ ဈေးကွက်ကိုလည်း ဖော်ဆောင်ပေးဖို့ တောင်သူတွေက ထည့်သွင်းတောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်တွေအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်က ခွင့်ပြုချက်ရပြီး မလုပ်ကိုင်တဲ့ ကုမ္ပဏီတွေရဲ့မြေတွေကို ပြန်လည်စွန့်လွှတ်ဖို့ ဥပဒေအတိုင်းပြန် စိစစ်နေ တာတွေရှိပါတယ်။ ဒါပေမဲ့ ဒီမြေတွေကို တောင်သူတွေကိုဒီအတိုင်းတိုက်ရိုက်ပြန်ပေးလို့တော့မရဘူး။ အောက်ခြေမှာတောင်သူအချင်းချင်း မပြေလည်လို့ ပြန်လည်စွန့်လွှတ်လိုက်တဲ့မြေတွေရှိပေမဲ့ ပေးလို့မရ သေးတာတွေလည်းရှိနေတယ်။ဒါကြောင့် တောင်သူအချင်းချင်းပြေလည်အောင် ဖြေရှင်းဖို့လိုအပ်တယ် လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ စိုက်ပျိုးရေးသီးနှံဈေးကွက် ပြဿနာနဲ့ လုပ်သားရှားပါးမှု အခက်အခဲ တွေအပြင် မကြာခဏဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေး လုပ်ငန်း တွေကို တစိုက်မတ်မတ် လုပ်ကိုင်နိုင်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။