စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ အသတ်ခံရသူ ရုပ်အလောင်း ၂၀ ဝန်းကျင်ရှိ၊ မင်းကင်းက နေအိမ် မီးရှို့ခံရသူတွေ ရိက္ခာအခက်ခဲဖြစ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အသတ်ခံရသူ ရုပ်အလောင်း ၂၀ ဝန်းကျင်ရှိပြီး မင်းကင်းမြို့မှာ နေအိမ် မီးရှို့ခံရသူတွေ ရိက္ခာအခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းမူမြို့နယ်ထဲက ပဒတ္ထိုင်းကျေးရွာမှာ စစ်ကြောင်းထိုးခံရပြီးနောက်ပိုင်း ရွာသားတချို့ ရွာကိုပြန်လာချိန်မှာတော့ ချုံတွေကြားမှာ အသတ်ခံထားရတဲ့ လူငယ်တွေ၊ မီးရှို့သတ်ခံထားရတာတွေ၊ ရွာလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ‌အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၃ ယောက်၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး အသတ်ခံထားရတယ်လို့ ယူဆရတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အလောင်းတွေအပါအဝင် စုစုပေါင်း အယောက် ၂၀ ဝန်းကျင်လောက် တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" မီးရှို့သတ်ခံထားရတာတောင်မှ ခုတ်ထစ်ပြီးမှ အသတ်ခံထားရတာမျိုးတွေ ခန္ဓာကိုယ်အစိတ်ပိုင်း ပြတ်တောက်နေတာတွေ ‌ရှိတယ်။ အသက် ၁၃ နှစ်မိန်းကလေးကတော့ အသတ်ခံထားရတဲ့ ပုံစံကိုကြည့်ပြီး မုဒိန်းကျင့်ခံရတဲ့ပုံစံလို့ ယူဆလို့ရတာ။ ဟုတ် မဟုတ်တော့ မသိသေးဘူး။"

စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၃၁ မှာ လေကြောင်းကနေလည်း ပစ်ခတ်ခဲ့တာကြောင့် တချို့တွေက ထွက်မပြေးနိုင်ဘဲ ပိတ်မိပြီးကျန်နေခဲ့ကြတာပါ။ စစ်ကောင်စီတပ်တွေ ထွက်ခွာပြီး ဖေဖော်ဝါရီ ၃ ရက်လောက်မှာ ရွာသားတချို့ ပြန်လာချိန်မှာတော့ လမ်းဘေး၊ ချုံကြား၊ ဘုန်းကြီးကျောင်း နေရာတွေမှာ သေဆုံးနေတဲ့ရုပ်အလောင်းတွေအပြင် မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို မြင်တွေ့ကြရတာပါ။

သေဆုံးသူအရေအတွက် နဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရပြီး အသက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

စစ်ကောင်စီဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ အသတ်ခံထားရတဲ့ သူတွေအပြင် ပျောက်ဆုံးနေတဲ့သူ ၂၀ လောက်လည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်တစ်ပတ်လောက်နေရင် စစ်ကောင်စီတပ်တွေ ထပ်လာမယ်ဆိုတဲ့ သတင်းကြောင့် အခုချိန်မှာလည်း ရွာထဲကို ရွာသားတွေပြန်မလာရဲကြသေးပါဘူး။

မြင်းမူမြို့နယ်ကရွာလိုပဲ ဇန်နဝါရီ ၃၁ မှာပဲ စစ်ကြောင်းထိုး နှိမ်နှင်းခံရတဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က ဘင်ရွာဟာလည်း အခုချိန်မှာ ကျေးရွာရဲ့ သုံးပုံ နှစ်ပုံလောက်ဟာ မီးလောင်ပြင် ဖြစ်နေပါပြီ။

အသက် ၅၀ နီးပါးအရွယ် ဘင်ကျေးရွာသူတစ်ယောက်ဟာ မိသားစု ၇ ယောက်စာ တစ်နပ်လောက်စားလောက်ရုံ ရိက္ခာလေးယူပြီး ထွက်ပြေးခဲ့ရတာပါ။ သူရှောင်ပုန်းနေတဲ့ တောစပ်ကနေ သူတို့မိသားစု ၂၈ နှစ်ကြာ နေထိုင်ခဲ့တဲ့ အိမ် မီးလောင်နေတာကို ကြည့်နေခဲ့ရပါတယ်။

သူတို့မိသားစုတွေ ၂၈ နှစ်ကြာ တစ်စုတစ်ဝေးတည်း နေခဲ့တဲ့ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအိမ်ဟာ အခုချိန်မှာတော့ မီးလောင်ပြင်နေရာမှာ ပြာပုံအဖြစ်သာ ရှိပါတော့တယ်။

နှမ်းစိုက်တောင်သူတွေဖြစ်တာကြောင့် ဒီအိမ်လေး တောင့်တောင့်တင်းတင်းဖြစ်လာအောင် နှမ်းပေါ်တဲ့ ငွေရွှင်ချိန်စောင့်ပြီး တစ်ဆင့်ချင်း ဆောက်ခဲ့ကြတာပါ။ အခု ‌‌၂၀၂၂ ခုနှစ်ရဲ့ ဇန်နဝါရီ ၃၁ မှာတော့ စစ်တပ်အင်အား နှစ်ရာနီးပါးနဲ့ နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးခံရချိန် ထွက်ပြေးရပြီးနောက် သူ့အိမ်လေးဟာ နာရီပိုင်းအတွင်းမှာ ပြာအတိဖြစ်သွားခဲ့ပါတော့တယ်။

ဒါနဲ့ပတ်သက်ပြီး သူကတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြစ်တင်ပါတယ်။

"ကျွန်မတို့ ပြည်သူတွေနဲ့က ဒီကိစ္စနဲ့ မဆိုင်ဘူးလေ။ ပီဒီအက်ဖ်ကို လုပ်ချင်ရင်လည်း ပီဒီအက်ဖ်ကို လိုက်ရှာသင့်တယ်ရှင့်။ ပြည်သူတွေနဲ့ မဆိုင်တော့ ခေါင်းဆောင်လုပ်တဲ့ မင်းအောင်လှိုင်ကို ပြောချင်တာ။ သူအုပ်ချုပ်တာ မထိန်းနိုင်ဘဲ ကယောက်ကယက်လုပ်ပြီးတော့မှ တစ်နိုင်ငံလုံးကို ပြာကျအောင် လုပ်နေတာ သူမတရားဘူးလို့ ပြောချင်ပါတယ်။ မဆိုင်တဲ့သူကို မလုပ်ပါနဲ့။ ပြည်သူတွေကို နှိပ်စက်စရာမလိုဘူးလို့ ပြောချင်ပါတယ်။"

အိမ်ခြေ ၁၇၀ လောက်ရှိတဲ့ ဘင်ရွာမှာ မီးရှို့ခံရတဲ့ အိမ်တွေဟာ ၁၀၆ အိမ်ရှိပါတယ်။ တစ်နှစ်စာအတွက် စုဆောင်းထားတဲ့ ဆန်စပါးတေွ၊ ဆီတွေလည်း မီးရှို့ခံရတဲ့အထဲ ပါသွားပြီး လုံးဝမကျန်တော့တာကြောင့် တခြားကျေးရွာက ပြည်သူတွေက ကူညီကျွေးမွေးတဲ့ ထမင်းကို စားနေကြရပါတယ်။

ထမင်းလှူတာ ယူပြီးရင်တော့ တောစပ်မှာ ပုန်းနေရတဲ့နေရာကို ပြန်ကြရပါတယ်။ အကြောင်းကတော့ ဆွေမျိုးနီးစပ်အိမ်တွေပါ မီးလောင်တဲ့အထဲ ပါသွားတာကြောင့် ကပ်နေစရာ နေရာလည်း မရှိတော့ဘူးလို့ မီးဘေးသင့် ‌ဒေသခံတွေက ပြောကြပါတယ်။

" မီးလောင်ပြင်မှာ တဲထိုးပြီးလည်း မနေရဲဘူး။ စစ်ကြောင်းကို နှစ်ဖက်ညှပ်ထိုးခံထားရတာ ဘယ်လို လုံခြုံမလဲ။ ရွာမှာ လှူတာလေးတွေ လာယူပြီး တောထဲက အဆင်ပြေတဲ့နေရာမှာပဲ နေရတာပဲ" လို့ မီးဘေးသင့်ခံထားရတဲ့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

ဘင်ရွာအပြင် အုန္နဲဘုတ်ရွာက လေးအိမ်၊ အနောက်တောင်ရွာက သုံးအိမ်နဲ့ ချင်းတွင်းမြစ်ကမ်းဘေးမှာ တံငါအလုပ်နဲ့ အသက်မွေးနေကြရသူတွေရဲ့ နေအိမ် ၂၁ လုံးလည်း မီးရှို့ခံခဲ့ရပါတယ်။

ဘင်ရွာမှာ စစ်ကြောင်းထိုးချိန်က မပြေးနိုင်လို့ အဖမ်းခံလိုက်ရတဲ့ အသက် ၁ နှစ်ကျော်အရွယ် နို့စို့ကလေးကနေ အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အို အပါဝင် ဒေသခံ ၃၆ ယောက်ကိုလည်း စစ်တပ်က တခြားရွာတွေမှာ ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မပြေးနိုင်လို့ ပုန်းနေသူတွေကို စက်လှေပေါ် ဖမ်းခေါ်သွားပြီးနောက် ပန်းဆက်၊ အနောက်တောနဲ့ ကုန်းရင်ကျေးရွာတွေမှာ ချထားပေးခဲ့တယ်လို့ အဲဒီပြန်လွတ်လာသူတွေက မနေ့က ဖုန်းနဲ့ဆက်သွယ်လာကြပါတယ်။ ဒါပေမဲ့ တပ်စွဲထားတာတွေကြောင့် ပြန်လွတ်လာသူတွေက ကိုယ့်ရွာကိုယ် ပြန်လာလို့ မရသလို ဘင်ရွာကမိသားစုတွေကလည်း သွားခေါ်လို့မရသေးပါဘူး။

" အခုတော့ ပြန်လွတ်လာသူတွေက အဲ့ဒီရွာကနီးစပ်ရာ အမျိုးတွေအိမ်မှာ ခဏနေနေကြတယ်။ အခုဆို ရွာက ပြန်ပြီး နာလန်ထူဖို့ တော်တော်ရုန်းကန်ရဦးမယ်။ နာလန်ထူဖို့ထက် စစ်ကောင်စီတွေ ထပ်လာမှာကိုလည်း ကြောက်နေကြရတယ်"လို့ ဘင်ရွာ ဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

အခုဆိုရင် မြင်းမူမြို့နယ်နဲ့ မင်းကင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တော်တော်များများဟာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာကို ခံနေကြရပြီး နေအိမ်တွေ မီးရှို့ခံရတာ၊ ဖျက်စီးခံရတာ၊ ဒေသခံတွေအပစ်သတ်ခံရတာ၊ အဖမ်းဆီးခံရတာတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရပါတယ်။