မြန်မာနိုင်ငံသား ၂၅ သန်းဆင်းရဲငတ်မွတ်မှု ကြုံတွေ့နိုင်တဲ့အန္တရာယ်

“မြန်မာပြည်မှာ ငတ်သေတဲ့မသာ မရှိပါဘူး” လို့မကြာခဏပြောသံကြားရဖူးပါတယ်။ ဘောဂဗေဒအမြင်နဲ့ပြောရရင် အဲဒီအပြောဟာ တော်တော်တိမ်တဲ့အမြင်လို့ ဆိုရမှာပါ။ ငတ်သေတယ်ဆိုတာ ရက်ပေါင်း ၂၀ ၊ ၃၀ ဆက်တိုက်ထမင်းမစားရလို့ သေသွားတယ်ဆိုတာမျိုးကိုမှ ငတ်သေတယ်ခေါ်တာမဟုတ်ပါဘူး။ ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်ရဲ့ ပြောဆိုချက်ကို စဉ်းစားကြည့်ပါ။

“အခုလည်း လူတွေငတ်နေတာပဲလေ။ ငတ်နေလို့ WFP တို့ဘာတို့က ထောက်ပံ့နေရတယ်။ ရပ်ကွက်ထဲမှာ ၅၀၀ တန်ထမင်းဆိုင်ဆိုတာမျိုးနဲ့ လူအချင်းချင်း ကူညီရိုင်းပင်းနေကြရတယ်။ ငတ်တယ်ဆိုတာက ထမင်းနှစ်နပ်စားတဲ့သူက တနပ်ပဲလျှော့စားရတာမျိုး၊ အသားဟင်းနဲ့မစားနိုင်လို့ ငပိရည်၊ တို့စရာနဲ့စားရတာမျိုးပေါ့။ အဟာရပြည့်၀အောင်မစားနိုင်တာ ငတ်တာပဲလေ။”

ထမင်းမစားနိုင်လို့ ပြောင်းဆန်ကိုပဲ ထမင်းလုပ်ပြီး ချက်စားရတာကလည်း ငတ်တာပါပဲ။ အသားဟင်းမစားနိုင်လို့၊ အဟာရပြည့်ဝအောင်မစားနိုင်လို့ ရောဂါမျိုးစုံဝင်ရောက်လာတာမျိုး၊ အဲသလိုဝင်လာတဲ့ ရောဂါကိုလည်း ဆေးကောင်းဝါးကောင်းနဲ့ စနစ်တကျမကုသနိုင်လို့ အသက်ဆုံးရှုံးရတာမျိုးတွေ မြန်မာနိုင်ငံမှာ အမြောက်အမြားရှိပါတယ်။ ဒီလိုသေဆုံးမှုမျိုးကို လူတော်တော်များများက ကျန်းမာရေးမကောင်းလို့ ရောဂါနဲ့ သေဆုံးတာလို့ မှတ်ချက်ချပေမဲ့ ဘောဂဗေဒရှုထောင့်ကနေ သုံးသပ်ရင် ဒါမျိုးဟာ ငတ်သေတာပဲဖြစ်ပါတယ်။

အလုပ်လက်မဲ့ဦးရေ ရုတ်တရက်တိုးတက်များပြားလာခြင်း

ကမ္ဘာတလွှား ကိုဗစ်ကပ်ဘေးကြောင့် ၂၀၂၀ ခုနှစ်ဒီဇင်ဘာလမှာ နိုင်ငံရပ်ခြားသွားအလုပ်လုပ်ရာက အိမ်ပြန်လာကြတဲ့ မြန်မာအလုပ်သမားအရေအတွက် ၄ သိန်း ၂ သောင်းရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကထုတ်ပြန်တဲ့ ဆင်းရဲမွဲတေမှုအပေါ် ကိုဗစ်နဲ့အာဏာသိမ်းမှုရဲ့သက်ရောက်မှုများအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်က နှစ်ထပ်ကွမ်း နစ်နာပါတယ်။ ပြည်ပကနေ ပြည်တွင်းကို တင်ပို့နေကျ လွှဲငွေ Remittance မရတော့တာက တမျိုးနစ်နာပါတယ်။ ပြည်တွင်းမှာ အလုပ်လက်မဲ့တွေ တိုးပွားများပြားပြီး ဖြေရှင်းရခက်ခဲတဲ့ ပြဿနာဖြစ်လာတာက နောက်တမျိုးနစ်နာပါတယ်။

သူတို့ပြန်မလာခင်ကတည်းက ပြည်တွင်းမှာ အလုပ်လက်မဲ့တွေ လိုတာထက်ပိုရှိနေပြီးသားပါ။ ကိုဗစ်ကြောင့် လုပ်ငန်းအများအပြားရပ်ဆိုင်းသွားတော့ အလုပ်သမားအများအပြား အလုပ်လက်မဲ့ဖြစ်ကုန်ကြပါတယ်။ ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ အလုပ်သမားအများအပြား အလုပ်လက်မဲ့ ဖြစ်ကုန်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းသေးတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားလာပြီး သူ့ရဲ့အကျိုးဆက်အဖြစ် လက်နက်ကိုင်တိုက်ခိုက်မှုတွေပါ ဖြစ်ပွားလာတော့ လက်လီဆိုင်၊ ကုန်စုံဆိုင်လေးတွေ၊ လက်ဖက်ရည်ဆိုင်တွေကအစ ပိတ်သွားတာတွေ များသထက်များလာကြပါတယ်။ အစားအသောက်နဲ့ ပစ္စည်းမျိုးစုံကို ရောင်းချတဲ့သူတွေတိုးပွားလာပါတယ်။ ဝယ်ချင်သူထက်ရောင်းချင်သူက ပိုများနေပါတယ်။ အဲသလိုစျေးရောင်းကြသူတွေအနက် ကိုဗစ်ကာလမှာ စားသုံးသူအတွက် အထောက်အပံ့ဖြစ်စေသလို အလုပ်လက်မဲ့တချို့ကိုလည်း အလုပ်အကိုင်ရစေတဲ့ လုပ်ငန်းအမျိုးအစားတခုရှိပါတယ်။ အဲဒါကတော့ ကိုဗစ်နောက်ပိုင်းမှာ ပိုပြီးထွန်းကားတွင်ကျယ်လာတဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်ရောင်းချပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ အွန်လိုင်းကနေ ကြော်ငြာရောင်းချပြီး စာတိုက်ကနေ ပစ္စည်းပို့ပေးတဲ့အရောင်းလုပ်ငန်းတချို့လည်း တစုံတရာအလုပ်ဖြစ်ကြပါတယ်။

အာဏာသိမ်းမှုနဲ့ ကိုဗစ်နှစ်မျိုးပေါင်းနှိပ်စက်တဲ့ဒဏ်ကို အဆိုးဆုံးခံရတဲ့ လုပ်ငန်းတွေကတော့ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့ဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မကောင်းတဲ့လုပ်ငန်းကများများ၊ ကောင်းတဲ့လုပ်ငန်းနည်းနည်း၊ နည်းနည်းတောင်မှတော်တော်ကို နည်းနည်းပဲရှိတယ်ဆိုတာ အပိုင်း ၂ နဲ့ အပိုင်း ၃ မှာ အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။

အလုပ်လက်မဲ့ပြီဆိုမှတော့ ဝင်ငွေမရှိတော့ဘူး၊ ဝင်ငွေမရှိရင် မိသားစုစားဝတ်နေရေး သိသိသာသာကျပ်တည်းမယ်ဆိုတာ ပြောစရာမလိုတဲ့ကိစ္စပါ။ ဝင်ငွေနည်းလာတဲ့အတွက် (ရှေ့ဆောင်းပါးတွေမှာ ရေးသားခဲ့သလို) စားသုံးသူတွေရဲ့ ဝယ်ယူနိုင်တဲ့စွမ်းအား purchasing power ဟာ သိသိသာသာ ကျဆင်းလာပါတယ်။

ရှိတာထုတ်ရောင်းစားကြရ

မြို့နေဆင်းရဲသားတွေရဲ့ ၂၇ ရာနှုန်းဟာ အိမ်မှာရှိတဲ့မော်တော်ဆိုင်ကယ်ကို ထုတ်ရောင်းခဲ့ကြရတယ်လို့ ကုလသမဂ္ဂ UNDP ရဲ့ ပြည်သူ့လိုအပ်ချက်စစ်တမ်းကောက်ယူတွေ့ရှိချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆိုင်ကယ်ဟာ မြို့နေဆင်းရဲသားတွေရဲ့ အဓိက မြို့တွင်းခရီးသွားယာဉ်ဖြစ်ပါတယ်။ အဲသလို အရေးပါတဲ့ ဆိုင်ကယ်ကို ထုတ်ရောင်းရတယ်ဆိုတာဟာ စီးပွားရေးကျဆင်းမှုကို မြင်သာအောင် မီးမောင်းထိုးပြနေတဲ့သဖွယ်ဖြစ်နေပါတယ်။ တချို့ကတော့ ဆိုင်ကယ်စီးတာကို စစ်ကောင်စီက နည်းအမျိုးမျိုးနဲ့ ကန့်သတ်ချုပ်ချယ်လာတဲ့အတွက် သုံးစွဲရတာခက်ခဲလာတဲ့အတူတူ စားဝတ်နေရေးပြေလည်အောင် ထုတ်ရောင်းချကြတာပါ။ ဒါပေမဲ့ ဆိုင်ကယ်တွေ ထုတ်ရောင်းရတာဟာ နယ်မြို့တွေမှာဆိုရင် လူလတ်တန်းစားနဲ့ ဆင်းရဲသားတွေရဲ့ စီးပွားရေးဘဝ၊ လူမှုရေးဘဝကို များစွာထိခိုက်နစ်နာစေပါတယ်။

မြို့ပြနေမိသားစုတွေရဲ့ ၇၅ ရာနှုန်းဟာ သိမ်းဆည်းစုဆောင်းထားတဲ့ ရွှေထည်တွေကို စီးပွားရေး အဆင်မပြေလို့ ရောင်းချခဲ့ကြရပြီး ကျေးလက်နေမိသားစုတွေရဲ့ ၆၃.၇ ရာနှုန်းဟာလည်း ရွှေထည်ရောင်းချခဲ့ရတယ်လို့ အဲဒီစစ်တမ်းမှာပဲ ဖော်ပြထားပါတယ်။ ကျေးလက်ဒေသမှာ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်ကို ထုတ်ရောင်းခဲ့ရသူက ၃၃ ရာနှုန်းရှိပါတယ်။ ဒါ့အပြင် ခုတင်၊ စက်ဘီး၊ ထမင်းဟင်းချက်တဲ့ အိုးခွက်ပန်းကန်၊ စာအုပ်၊ လှေနဲ့ မိုဘိုင်းဖုန်းထုတ်ရောင်းခဲ့ရသူတွေလည်း ရှိကြတယ်လို့ဖော်ပြထားပါတယ်။

လူလတ်တန်းစားကိုဆွဲခေါ်သွားခြင်း

အောက်ဆုံးအလွှာလူတန်းစားတွေရဲ့ ဝယ်ယူနိုင်စွမ်းအား ယုတ်လျော့ကျဆင်းမှုဟာ လူလတ်တန်းစားရဲ့ကံကြမ္မာကိုပါ သူတို့နဲ့ တပါတည်းအဖော်ခေါ်သွားပါတယ်။ လူလတ်တန်းစားတွေရဲ့ ကုန်ထုတ်လုပ်ငန်းအားလုံးဟာ သွင်းအားစုစျေးကြီးပြီး ထုတ်ကုန်စျေးကျတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ လူလတ်တန်းစားကုန်ထုတ်လုပ်သူတွေသာမက လက်လီရောင်းချသူလူလတ်တန်းစားရော၊ စားသောက်ဆိုင်တွေပါ အဲဒီအမျိုးအစားထဲမှာ အကျုံးဝင်ပါတယ်။

ကြက်၊ ဝက်မွေးမြူရေး၊ တပိုင်တနိုင် မိသားစု ကုန်ထုတ်လုပ်ငန်း၊ မိသားစုရောင်းဝယ်ရေးလုပ်ငန်း အစရှိတဲ့လုပ်ငန်းတွေ အားလုံးဟာ စီးပွားရေးကျဆင်းမှုဒဏ်ကို သိသိသာသာခံကြရပါတယ်။

ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်က အခုလိုသုံးသပ်ပါတယ်။

“စနစ်က ပုံမှန်မလုပ်တော့ဘူး။ ဘရိတ်ဒေါင်းဖြစ်သွားပြီလို့ ပြောလို့ရတယ်။ paralyse ဖြစ်သွားတဲ့သဘောပေါ့။ ဒါကြီးက နာတာရှည်ရောဂါဖြစ်သွားပြီး တော်တော်နဲ့ ပြန်ကောင်းဖို့မလွယ်ဘူးထင်တယ်။လူတွေရဲ့စီးပွားရေးက ကျပ်သထက်ကျပ်ဖြစ်လာမယ်။

UN ပြောသလို မှန်ပါတယ်။ မြန်မာပြည်မှာ လူတန်းစား ၂ ခုပဲရှိတော့မယ်။ ချမ်းသာတဲ့လူတန်းစားနဲ့ ဆင်းရဲသားလူတန်းစားနှစ်မျိုးပဲရှိတော့မယ်။ အလယ်အလတ်လူတန်းစားပျောက်သွားမယ်။ ဝင်ငွေမရှိတော့တဲ့လူတွေ အများဆုံးဖြစ်လာတယ်။ အဆိုးဆုံးကတော့ အောက်ခြေလူတန်းစားဖြစ်မယ်။ သူတို့က ရောင်းစရာလည်းမရှိ။ ငှားစရာ ချေးစရာပေါင်စရာမရှိ။ သူ့အထက်ကလူလတ်တန်းစားမှာလည်း မကြာခင်မှာ ရောင်းစရာပေါင်စရာရှိတာလည်းကုန်ဆုံးတော့မယ်။

တတိုင်းပြည်လုံးစီးပွားရေး ပြိုဆင်းနေတဲ့ အဆိုဝါးဆုံးအခြေအနေရောက်နေတာဟာ ၁ ကိုဗစ်။ ၂ အာဏာသိမ်းမှုကြောင့်တတိယအနေနဲ့ဒီ နှစ်ခုပေါင်းကြောင့် compound effect ဆိုတာမျိုးပေါ့။ ဘယ်သူမှ အသက်ရှူမချောင်တော့ဘူး။ ဘယ်သူတော့ အလုပ်ဖြစ်နေတဲ့သူဆိုတာမျိုး မရှိသလောက်ပဲ။ လူတိုင်းအခြေအနေဆိုးကြုံတွေ့နေရတယ်။”

စစ်အာဏာသိမ်းမှုကို တနိုင်ငံလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတဲ့အထဲမှာ အစိုးရဝန်ထမ်းအမျိုးမျိုးလည်း ပါဝင်ပါတယ်။ အစိုးရဝန်ထမ်းအမျိုးမျိုးရဲ့ CDM ဆိုတာ အင်္ဂလိပ်ဘာသာနဲ့ကတော့ civil disobedience movement ပါ။ မြန်မာလိုဆိုရင် အနုနည်းနဲ့အာဏာဖီဆန်တဲ့လှုပ်ရှားမှုပါ။ တကယ်တော့ သပိတ်မှောက်တာပါပဲ။ သပိတ်မှောက်တယ်ဆိုတာ အငြိမ်းချမ်းဆုံးအသွင်သဏ္ဌာန်နဲ့ ဆန္ဒပြတာဖြစ်ပါတယ်။ ဒါပေမဲ့ CDM လုပ်တဲ့လူတွေကို အစိုးရက အမြောက်အမြား အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အလုပ်ထုတ်ရုံသာမက ဖမ်းလည်းဖမ်းပါတယ်။ ဒါ့ကြောင့် CDM သမားတွေဟာ အလုပ်လက်မဲ့တွေဖြစ်ကုန်ပြီး ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်ကြရပါတယ်။ ဘီဘီစီက ဆက်သွယ်မေးမြန်းလို့ သိရှိရသမျှထဲမှာ မုန့်ပဲသရေစာလုပ်ရောင်းသူ၊ ကလေးကစားစရာပြုလုပ်ရောင်းချသူ၊ ရှမ်းခေါက်ဆွဲဆန်ပြားပြုလုပ် ရောင်းချသူ၊ ဆိုက်ကားနင်းသူ၊ စသည်ဖြင့်အမျိုးမျိုးတွေ့ရပါတယ်။ CDM ဝန်ထမ်းတော်တော်များများဟာ ဒီကာလမှာ အလယ်အလတ်လူတန်းစားဘဝကနေ အောက်ခြေလူတန်းစားဘဝကို ရုတ်တရက် ယာယီနိမ့်ဆင်းသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီယာယီကာလဟာ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ကြပါဘူး။

ကုန်စျေးနှုန်း

ပြီးခဲ့တဲ့နှစ်မှာ ကုန်ပစ္စည်းအများစုရဲ့ ကုန်စျေးနှုန်းတက်ခဲ့ပါတယ်။ ကုန်ပစ္စည်းအများရဲ့ ပျမ်းမျှစျေးနှုန်းဘယ်လောက်တက်သွားသလဲဆိုတာ စားသုံးမှုစျေးဆနှုန်းကိန်း CPI (consumer price index) ကိုကြည့်ရပါတယ်။ စားသုံးမှုစျေးဆနှုန်းကိန်းဆိုတဲ့စကားက သာမန်ပြည်သူနဲ့ သိပ်မရင်းနှီးတဲ့စကားလုံးပါ။ လိုရင်းကိုပြောရရင်တော့ ကုန်စည်အများအပြားရဲ့ ပျမ်းမျှကုန်စျေးနှုန်းပါပဲ။ ၂၀၁၂ ခုနှစ်ကို အခြေခံကိန်း ၁၀၀ အဖြစ်ထားပြီးတွက်ချက်တဲ့ ကုန်စျေးနှုန်းနှိုင်းယှဉ်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တခုလုံးမှာ ၁၆၀ နည်းပါးအထိရောက်အောင်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဇူလိုင်လမှာတော့ ၁၇၂ အထိတက်သွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ၁၉၀ အထိတက်သွားပါတယ်။ ဆိုလိုတာက ၂၀၁၂ ခုနှစ်တုန်းက ၁၀၀ ကျပ်တန်တဲ့ပစ္စည်းတခုဟာ ၂၀၁၆ ခုနှစ်မှာ ၁၆၀ ကျပ်စျေးရှိပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ၁၇၂ ကျပ် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ၁၉၀ ကျပ်စျေးအထိမြင့်တက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါဟာ မြန်မာအစိုးရ ဗဟိုစာရင်းအင်းဌာနက ထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းတွေအပေါ် အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။

ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ ပတ်သက်ပြီး ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်က အခုလိုသုံးသပ်ပါတယ်။

“ကုန်စျေးနှုန်းဆိုတာက ပြည်တွင်းထုတ်ကုန်တွေဆိုရင် သွင်းအားစုတွေရဲ့ ကုန်ကျစရိတ်နဲ့ဆိုင်တယ်။ သွင်းအားစုတွေက အကုန်စျေးတက်ကြတယ်။ ဒါပေမဲ့ သူတို့ရောင်းတဲ့ ထုတ်ကုန်တွေ စျေးတက်သင့်သလောက်တော့ မတက်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပြည်ပတင်ပို့မှုကျဆင်းသွားတော့ ပြည်တွင်းမှာပဲ ရောင်းရလို့။ ဒါ့အပြင် ပြည်တွင်းကလူတွေက ဝယ်မစားနိုင်တော့လည်း စျေးက တက်သင့်သလောက်တင်ရောင်းလို့ မရဘူး။ စျေးတင်ရင် ဝယ်နိုင်တဲ့လူမရှိဘူး။ သွင်းကုန်တွေတန်ဖိုးဘယ်လောက်တက်သလဲဆိုတာကတော့ ဒေါ်လာစျေးတက်သွားသလောက်တက်တာပေါ့၊အခုလောလောဆယ် ရွှေစျေး၊ ငွေစျေး၊ ဒေါ်လာစျေးထိန်းထားတယ်။ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းထားတယ်။ ရွှေစျေးမတက်အောင် ထောက်လှမ်းရေးလွှတ်ထားပြီး ဒေါက်ထောက်ကြည့်ထိန်းထားတာရှိတယ်။ ဒါ့ကြောင့် အခိုက်အတန့်ထိန်းနိုင်တယ်။ ဒါကရေရှည်တော့ မဖြစ်နိုင်ဘူး။

အစိုးရက ငွေစက္ကူရိုက်ထုတ်ပြီး စီးပွားရေးပမာဏ ကျုံ့နေတာကို ပြန်ချဲ့နိုင်တဲ့ စွမ်းအားမရှိသေးဘူး။ မရှိသေးတာကလည်း ငွေစက္ကူရိုက်ဖို့ကို အခက်အခဲရှိနေပုံရတယ်။ နိုင်ငံရေး မတည်ငြိမ်သေးလို့ မလုပ်နိုင်တာလည်း ဖြစ်နိုင်တယ်။ တကယ်လို့ သူတို့အဲဒါတွေလုပ်လာပြီ ဆိုရင် အများကြီးပိုဆိုးလာမယ်။

အခုလောလောဆယ်ဆိုးနေတယ်။ ဒါပေမဲ့ အခုလောလောဆယ်ဆိုးနေတာက အများကြီးအဆိုးကြီးမဟုတ်ဘူး။ နောင်ဆိုပိုဆိုးလာဖို့ရှိတယ်။”

အခြေခံအကျဆုံးစားသောက်ကုန်ဖြစ်တဲ့ ဆန်စျေးသိပ်အလွန်အကျွံမတက်ခဲ့တာတခုက လူများစုပြည်သူလူထုကြီး အတွက် သက်သာရာရစေခဲ့ပါတယ်။ ဒါပေမဲ့ ဆန်စျေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အရိပ်လက္ခဏာတရပ်ကို တွေ့မြင်ရပါတယ်။ အဲဒါကိုတော့ ဆန်ကုန်သည်ကြီးတဦးက အခုလိုပြောပြပါတယ်။

“အခုအချိန်ကဆန်သစ်ပေါ်ချိန်ပါရှင့်။ ခါတိုင်းနှစ်ဆန်သစ်ပေါ်ချိန်ဆိုရင် ဆန်သစ်စျေးက ဆန်ဟောင်းစျေးထက်အများကြီးပိုနိမ့်ပါတယ်။ ဒီနှစ်တော့ ထူးခြားတာက ဆန်သစ်စျေးနဲ့ ဆန်ဟောင်းစျေးက သိပ်မကွာပါဘူး။ အတူတူနည်းပါးဖြစ်နေပါတယ်။ အဲဒါက ဘာလို့လဲဆိုတော့ ဆန်သစ်လှောင်တဲ့သူများနေလို့ ဆန်သစ်စျေးတက်နေတဲ့သဘောပါ။ ဆန်သစ်က ထမင်းအိုးသိပ်မတက်ဘူးလေ။ အဲဒီတော့ စားသုံးသူက ဆန်သစ်ကို ဆန်ဟောင်းနဲ့ စျေးတူပေးမစားဘူး။ စျေးချင်းတူရင် ထမင်းအများကြီးပိုရတဲ့ ဆန်ဟောင်းကိုပဲ ဘယ်သူမဆိုစားကြမှာပဲ။ ဆန်လှောင်တဲ့သူကျ ဆန်ဟောင်းကလှောင်လို့မရဘူး။ နောက်ထပ်တနှစ်ထပ်လှောင်ရင် ဆန်တွေပိုးထိုးကုန်မှာပေါ့။ ဆန်သစ်ကပဲလှောင်လို့ရတယ်။ အဲဒါကြောင့်ပြောတာပေါ့။ ဆန်သစ်စျေးမြင့်နေတယ်ဆိုတာ ဆန်လှောင်တဲ့သူများနေတယ်ဆိုတဲ့ လက္ခဏာပဲလို့။”

ဆန်လှောင်တဲ့သူများတာဟာ နောင်နှစ်မှာ ဆန်စျေးတက်မယ်လို့ တွက်ထားကြလို့ဖြစ်ပါတယ်။ သူတို့တွက်ချက်မှုမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့လှောင်တာများတဲ့အတွက်ကိုပဲ ဆန်စျေးဟာ တက်နိုင်ခြေများနေပါတယ်။ ဒါမျိုးဟာ မုချဧကန်လို့တော့ ပြောလို့မရပါဘူး။ အရေးကြီးတဲ့ တခြားအခြေအနေပြောင်းလဲမှု တခုခုဖြစ်ပေါ်လာရင် ဆန်စျေးခန့်မှန်းချက်ဟာလည်း ပြောင်းလဲမှုရှိသွားနိုင်ပါတယ်။ ဥပမာ ဆန်ကိုပြည်ပတင်ပို့ခွင့် မပြုတော့ဘူးဆိုတာမျိုး ဖြစ်လာခဲ့ရင် အခြေအနေ တမျိုးတမည်ဖြစ်သွားကောင်းဖြစ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဆန်အရောင်းအဝယ်ကို ခရိုနီကြီးတချို့က ချုပ်ကိုင်ထားဆဲဖြစ်တဲ့အတွက် ပိုစိုးရိမ်ရပါတယ်။ အဲဒီခရိုနီကြီးတွေက ဆန်တွေကြိုက်သလောက် နိုင်ငံခြားတင်ပို့ခွင့်ရသွားတယ်ဆိုပြန်ရင်လည်း စျေးကွက်အခြေအနေ အများကြီးပြောင်းလဲတာမျိုးဖြစ်သွားနိုင်ပါတယ်။

အတိတ်ကာလ စစ်အာဏာရှင်ခေတ်ကောင်းစားစဉ်က တပ်မိသားစုဝင်ခရိုနီတွေ ဆန်လှောင်ချင်တဲ့အခါ ပြည်ပဆန်တင်ပို့တဲ့ export လုပ်ငန်းကို ပိတ်ထားပြီး ဆန်စျေးကျအောင် လုပ်ပေးတဲ့ အစဉ်အလာမျိုးရှိခဲ့ဖူးပါတယ်။ အဲသလို ဆန်စျေးကျချိန်မှာ တပ်မိသားစုဝင်ခရိုနီက ဆန်ကိုဝယ်ယူထားပြီး အလုံအလောက်စုဆောင်းမိတဲ့အချိန်ကျမှ export ပြန်လုပ်ခွင့်ပေးခဲ့ဖူးတဲ့ မှတ်တမ်းမျိုးရှိခဲ့ပါတယ်။ အခုလို နိုင်ငံရေး မငြိမ်သက်ချိန်မှာ အဲသလို အခွင့်အာဏာ အလွဲသုံးစားလုပ်မှုမျိုးကြောင့် စျေးနှုန်းမတည်မငြိမ်ဖြစ်မှာကိုလည်း ပညာရှင်တချို့က စိုးရိမ်ပူပန်ကြပါတယ်။

ဒီနှစ်အတွင်း ရွှေစျေး၊ ဒေါ်လာစျေးတွေ အဆမတန်မြင့်တက်သွားတဲ့အခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာစျေးထိန်းချုပ်ဖို့ ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၆၉.၈ သန်းကို ဖေဖော်ဝါရီလ ၃ ရက်နဲ့ ဇူလိုင်လ ၈ ရက်ကြားကာလအတွင်းမှာ ၁၆ ကြိမ်ခွဲပြီး ရောင်းချခဲ့ပါတယ်။ ဒါဟာရည်ရွယ်ချက်ကောင်းနဲ့လုပ်တဲ့ ဆောင်ရွက်ချက် အဖြစ် ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်က ကြိုဆိုပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်းနဲ့နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်ကြီးကတော့ ငွေကုန်သလောက် အလုပ်မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။

“ဗဟိုဘဏ်ကဒေါ်လာထုတ်ရောင်းပေးတယ်ဆိုရာမှာ ဘယ်ကနေ ထုတ်ရောင်းတာလဲဆိုတော့ ဒေါ်လာတရားဝင် ရောင်းဝယ်ခွင့်ရတဲ့ဘဏ်တွေ သူတို့အခေါ် AD (authorise dealer) ကနေ တဆင့်ထုတ်ရောင်းပါတယ်။ အဲသလို ထုတ်ရောင်းရာမှာ ခက်တာက မြန်မာနိုင်ငံက ဘဏ်တွေက ပရော်ဖက်ရှင်နယ်မဆန်တာတွေ အများကြီးရှိနေတယ်။ ဘဏ်ကြီးတွေရဲ့နောက်မှာ ဘဏ်ပိုင်ရှင် စီးပွားရေးသမားကြီးတွေ ခရိုနီဆိုပါတော့ဗျာ။ သူတို့ရှိနေတယ်။ ဘဏ်တွေက စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေတွေအတိုင်းလုပ်ကြတာမဟုတ်ဘူးဗျ။ ကိုယ်နဲ့နီးစပ်ရင်နီးစပ်သလို လုပ်နေကြတာ။ တိုတိုပြောရရင်တော့ ဗဟိုဘဏ်က စျေးလျှော့ပြီး ထုတ်ရောင်းလိုက်တဲ့ဒေါ်လာတွေဟာ စျေးကွက်ထဲသိပ်များများစားစားရောက်သွားကြတာမဟုတ်ဘူးဗျ။ ခရိုနီတွေရဲ့အိတ်ထဲရောက်သွားကြတာ။ အပြင်ဘက်စျေးကွက်ပေါက်စျေးထက် သက်သက်သာသာနဲ့ရောင်းပေးတော့ သူတို့အိတ်ထဲသူတို့ထည့်ပြီး လှောင်ထားလိုက်ကြတာပေါ့ဗျာ။”

ဗဟိုဘဏ်ဟာ ခရိုနီတွေအတွက် ဒေါ်လာထုတ်ရောင်းပေးသလို ဖြစ်ခဲ့တယ်လို့ ဘဏ်လုပ်ငန်းနဲ့နီးစပ်သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ အကျပ်အတည်း

စစ်ကောင်စီဟာ လက်ရှိအခြေအနေမှာ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းသာမက စီးပွားရေး အကျပ်အတည်းကိုပါ ရင်ဆိုင်ကြရပါတယ်။

စစ်ကောင်စီကို အစိုးရအဖြစ်အသိအမှတ်မပြုရေး CDM လှုပ်ရှားမှုတွေကြောင့် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်တွေ မရရှိတာဟာ စစ်ကောင်စီအတွက်တော့ ကြီးမားတဲ့နစ်နာချက်တခုဖြစ်ပါတယ်။ CDM လှုပ်ရှားမှုကြောင့် အခွန်မရသလို စီးပွားရေး ဆိုးဆိုးဝါးဝါး ထိခိုက်ကျဆင်းမှုကြောင့် အခွန်မပေးနိုင်ကြသူတွေလည်း အများအပြားရှိပါတယ်။ ဒါ့ကြောင့် အစိုးရဝင်ငွေအားလုံးရဲ့ ၃၀ ရာနှုန်းဖြစ်တဲ့ အခွန်ငွေကို စစ်ကောင်စီဟာ မရရှိဘဲ အကြီးအကျယ်ထိခိုက်နစ်နာနေပါတယ်။ အောင်ဘာလေထီကရတဲ့ဝင်ငွေကလည်း သိပ်ကျဆင်းသွားတဲ့အတွက် ဆုငွေကိုတောင် လျှော့ချပစ်ခဲ့ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ စောစောပိုင်းမှာ လျှပ်စစ်မီတာခ လုံးဝမပေးဆောင်ကြတဲ့အတွက်လည်း ဝင်ငွေထိခိုက်နစ်နာခဲ့ပါတယ်။ အခုအခါ လျှပ်စစ်မီတာခ ကြွေးကျန်တွေကို ကြိုးစားကောက်ခံတဲ့အခါ ရတန်သလောက်ရပေမဲ့ လုံခြုံရေး အစောင့်အရှောက်နဲ့ ကောက်ယူရတဲ့နေရာ တော်တော်များများရှိနေတဲ့အတွက် အပိုစရိတ်ကုန်ကျမှုတွေရှိနေပြန်ပါတယ်။ အာဏာမသိမ်းမီက ကောက်ခံရရှိတဲ့ မီတာခနဲ့နှိုင်းစာရင် အာဏာသိမ်းပြီးနောက်ရရှိတဲ့ မီတာကြေးကောက်ခံရရှိငွေဟာ ကျပ်ငွေ ၁၀၀ ဘီလျံ အမေရိကန်ဒေါ်လာ သန်း ၆၀ လောက်လစဉ်လျော့နည်းသွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင်လထုတ်မြန်မာ့စီးပွားရေး စစ်တမ်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရင်စစ်အာဏာသိမ်းအစိုးရတွေက ဒီလိုအခြေအနေမျိုးကြုံတွေ့ရတဲ့အခါ ငွေစက္ကူအသစ်အမြောက်အမြားရိုက်နှိပ်ပြီး သူတို့အကျပ်အတည်းကို ဖြေရှင်းထွက်ပေါက်ရှာလေ့ရှိပါတယ်။ အခုအချိန်မှာတော့ ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်သုံးသပ်သလို ငွေစက္ကူအသစ်ရိုက်နှိပ်ရေးဟာ စစ်ကောင်စီအတွက် အမှန်တကယ်အခက်အခဲရှိပုံရပါတယ်။ တကယ်လို့ ငွေစက္ကူအသစ်ရိုက်နှိပ်ပြီး သူတို့အကျပ်အတည်းကို ဖြေရှင်းခဲ့ရင်လည်း စျေးကွက်ထဲမှာ ငွေစက္ကူအများအပြားစီးဝင်လာပြီး ငွေဖောင်းပွမှုနှုန်း သိပ်မြင့်မားသွားနိုင်ပါတယ်။ ကုန်စျေးနှုန်းတွေ အဆမတန်ထိုးတက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ငွေစက္ကူအသစ်မရိုက်နှိပ်နိုင်တာဟာ တိုင်းပြည်စီးပွားရေးကို စီမံခန့်ခွဲနေတဲ့ စစ်ကောင်စီအတွက် ကြီးမားတဲ့ အခက်အခဲတရပ်ဖြစ်နိုင်ပေမဲ့ အများပြည်သူအတွက်တော့ ကံကောင်းထောက်မတာလို့ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အဲသလို စစ်ကောင်စီက ငွေစက္ကူအသစ်မရိုက်နှိပ်နိုင်တဲ့အပြင် စားသုံးသူတွေရဲ့ ဝယ်ယူနိုင်စွမ်းအား purchasing power ကျဆင်းနေသည့်တိုင် ၂၀၂၂ ခုနှစ်မှာ ၆.၅ ရာခိုင်နှုန်း ငွေကြေးဖောင်းပွဦးမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ ဆင်းရဲမွဲတေမှုခန့်မှန်းချက်

လာမဲ့နှစ်မှာ မြန်မာနိုင်ငံမှာ မြို့ပြနေလူတန်းစားရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၃ ဆမြင့်တက်သွားမယ်လို့ UNDP ကခန့်မှန်းထားပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် မြန်မာနိုင်ငံမှာ နေထိုင်သူလူဦးရေ ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုကို ခံစားရလိမ့်မယ်လို့ ဆိုထားပါတယ်။ ဆင်းရဲမွဲတေသူ ၄၈.၂ ရာခိုင်နှုန်းရှိလာလိမ့်မယ်လို့ ဆိုထားတဲ့အတွက် ၂၀၁၇ ခုနှစ်တုန်းက ဆင်းရဲမွဲတေသူပမာဏ ၂၄.၈ ထက် နှစ်ဆနည်းပါး မြင့်တက်သွားတာဖြစ်ပါတယ်။

အခုနောက်ဆုံးသတ်မှတ်ထားတဲ့ နိုင်ငံတကာဆင်းရဲမွဲတေမှု ဝင်ငွေသတ်မှတ်ချက်ကတော့ တနေ့ကို ၃ ဒေါ်လာနဲ့ ဆင့် ၂၀ (၆၀၀၀ ကျပ်ခန့်) ဖြစ်ပါတယ်။ နေ့စဉ်ဝင်ငွေဟာ အဲဒီပမာဏထက်လျော့နည်းတဲ့သူကို ဆင်းရဲမွဲတေသူလို့ ကုလသမဂ္ဂက သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီဝင်ငွေပမာဏထက်နိမ့်ကျတဲ့သူဦးရေဟာ ၂၅ သန်းလောက်ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် UNDP ကခန့်မှန်းထားတာဖြစ်ပါတယ်။

စီးပွားရေးအကျပ်အတည်းသက်သာအောင် ဘာလုပ်နိုင်မလဲ

အခုဖော်ပြခဲ့တဲ့ ဆင်းရဲမွဲတေမှုအလားအလာဟာ ဝင်ငွေနည်းပါးမှု၊ စီးပွားရေးပျက်စီးမှုကြောင့် ပေါ်ပေါက်လာနိုင်တဲ့ ဆင်းရဲမွဲတေမှုဖြစ်ပါတယ်။ စစ်ပွဲကြောင့် ကိုယ့်မြို့၊ ကိုယ်ရွာ၊ ကိုယ့်အိမ်မှာ မနေနိုင်ကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသူတွေဟာ အခုကိုပဲ အမြောက်အမြားရှိနေကြပါပြီ။ အဲဒီစစ်ဘေးတိမ်းရှောင်ကြရသူ ဒုက္ခသည်တွေဟာ အလုပ်အကိုင်နဲ့ စီးပွားရေးလည်းပျက်စီးရသလို၊ ပိုင်ဆိုင်မှုလည်း အနည်းနဲ့အများဆိုသလိုဆုံးရှုံးကြရပါတယ်။ ပြည်တွင်းပြည်ပနေ ပြည်သူလူထုရဲ့ ကူညီထောက်ပံ့ငွေကို အဓိကမှီခိုပြီး ရပ်တည်နေကြရတာဖြစ်ပါတယ်။ တချို့နေရာတွေမှာ အဟန့်အတားခံရတဲ့အတွက်ဖြစ်စေ၊ စစ်ရေးအခြေအနေကြောင့်ဖြစ်စေ အကူအညီအထောက်အပံ့ အလုံအလောက်မရောက်နိုင်တဲ့နေရာတွေလည်း ရှိနေပါတယ်။

ဒီအခက်အခဲကို ရေရှည်ပြေလည်နိုင်တဲ့ ဖြေရှင်းနည်းကတော့ စစ်ရပ်စဲဖို့နည်းလမ်းတခုပဲရှိပါတယ်။ စစ်ရပ်စဲဖို့ဆိုတာကလည်း နိုင်ငံရေးပြဿနာတွေပြေလည်မှာသာ ရပ်စဲနိုင်မှာ ဖြစ်ပါတယ်။ စစ်ရပ်စဲရုံသာမကဘဲ နိုင်ငံရေးပြဿနာတွေပြေလည်မှသာ CDM လှုပ်ရှားမှုတွေ၊ သပိတ်မှောက်ဆန္ဒပြလှုပ်ရှားမှုတွေပါ ရပ်တန့်ပြီး ငြိမ်းချမ်းနိုင်မှာဖြစ်ပါတယ်။

အဲဒါကြောင့် နိုင်ငံတကာသံတမန်တွေက နိုင်ငံရေး၊ စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရပ်တန့်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းကြပါတယ်။

ဒါပေမဲ့ ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေထဲမှာတော့ စစ်ကောင်စီနဲ့ ဆွေးနွေးဖြေရှင်းမှုကို မလိုလားသူက အများစုဖြစ်နေပါတယ်။ စစ်ကောင်စီနဲ့ဆွေးနွေးဖြေရှင်းတဲ့နည်းဟာ တကြိမ်တခါသာ ယာယီပြေလည်မှာဖြစ်ပြီး စစ်ကောင်စီနဲ့ စစ်အုပ်စုရှိနေသမျှမှာ အာဏာသိမ်းမှု၊ ပစ်ခတ်သတ်ဖြတ်မှုတွေဟာ ထပ်ကာထပ်ကာ ရှိနေဦးမှာဖြစ်လို့ အဆိုးကျော့သံသရာ (vicious circle) လည်ပတ်နေဦးမယ်လို့ ဆိုကြပါတယ်။

နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က စစ်တပ်ပြန်လည်အသစ်ဖွဲ့စည်းရေးကို ဆောင်ရွက်ရမယ်လို့ ပြောဆိုနေကြတဲ့အတွက် ဒါဟာ စစ်တပ်နဲ့စေ့စပ်ဆွေးနွေးလို့မရနိုင်တဲ့ အကြောင်းအရာဖြစ်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း ဆွေးနွေးဖြေရှင်းလိုတဲ့ အရိပ်အယောင်မျိုးဖော်ပြတာကို မတွေ့ရသေးပါဘူး။

ဒါဆိုကြုံတွေ့လာဖွယ်ရာရှိတဲ့ အငတ်ဘေးပြဿနာသက်သာနိုင်တဲ့ တခြားထွက်ပေါက်ရှိပါသေးသလား။ ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်ကတော့ အခုလိုဆိုပါတယ်။

“မြို့ပေါ်ကလူတွေလည်း ငတ်နေတာပဲ။ အစွန်အဖျားက စစ်ဖြစ်နေတဲ့ဒေသတွေ ချင်းပြည်နယ်ဘက်၊ စစ်ကိုင်းဘက်၊ မကွေးဘက်၊ ကယား၊ ကရင် အဲဒီနယ်မြေတွေမှာ စစ်ရှောင်စစ်ပြေးနေရတဲ့သူတွေကလည်း သူတို့လည်း ရိက္ခာတွေ မျှော်ကိုးပြီးနေရတာတွေပဲ။ အဲဒီတော့ ကမ္ဘာ့ကုလသမဂ္ဂတို့ ကမ္ဘာ့စားနပ်ရိက္ခာပရိုဂရမ်တို့က အကြီးအကျယ်ပေးနိုင်မှ လူတွေက အသက်ရှူလို့ရမှာပေါ့။ ဒါမှမဟုတ်ရင်တော့ ငတ်တလှည့်ပြတ်တလှည့်နဲ့နေကြရမယ်၊ သေတဲ့လူလည်း သေမယ်ပေါ့။ တချို့လည်း ဖြစ်အောင်ကြံဖန်နေကြရမှာပေါ့။ မြို့ပေါ်ကလူတွေလည်း တချို့ ထမင်းနှစ်နပ်စားရာကနေ တနပ်ပဲစားရမှာပေါ့။ အမှန်တော့ တို့ထင်တာက အစိုးရကိုက ဆင်းရဲသားတွေအတွက် အကူအညီအစီအစဉ်လုပ်ပေးရမှာ။ ကမ္ဘာမှာလည်း ကိုဗစ်ဖြစ်တော့ အဲသလိုတွေ လုပ်ပေးရတာပဲ။ အသက်ရှင်ရုံတော့ အစိုးရက ဖြစ်တဲ့နည်းနဲ့ စီစဉ်ပြီး ကျွေးသင့်တာပေါ့။ အစိုးရကလည်း လုပ်မပေးနိုင်ဘူးဆိုရင်တော့ နိုင်ငံတကာ intervention က လူသားချင်းဆိုင်ရာ အကူအညီအတွက်တော့ အနည်းဆုံးလာသင့်ပါတယ်။ နောက်ဆုံးစစ်ဖြစ်တဲ့နေရာတွေကို သွားဖို့ခက်ခဲရင်တောင် airlifting ဘာညာလုပ်ပေးရမှာပေါ့။ ဟယ်လီကော်ပတာတွေ ဘာတွေနဲ့ အစားအသောက်ချပေးရမှာပေါ့။ အဲသလိုမလုပ်ရင်တော့ လူတွေ အများကြီး ဒုက္ခရောက်သွားမှာပေါ့ဗျာ။ သူတို့ချင်းတိုက်တဲ့ကိစ္စကတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ စားနပ်ရိက္ခာပြဿနာဖြေရှင်းပေးတာမျိုးကတော့ ဖြစ်သင့်ပါတယ်။”

လွတ်လပ်ရေးရပြီးကတည်းက တောက်လျှောက် အဆက်မပြတ်ရှိလာတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ အထွဋ်အထိပ်ရောက်နေသလို အများပြည်သူရင်ဆိုင်ကြုံတွေ့ဖွယ်ရှိတဲ့ စီးပွားရေး၊ လူမှုရေး အကျည်အတည်းဟာလည်း အထွဋ်အထိပ်ကို ရောက်နေပြီလို့ ယူဆဖွယ်ရှိပါတယ်။