ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၁ မြန်မာ့စီးပွားရေးသုံးသပ်ချက် အပိုင်း ၃ - စီးပွားကျုံ့ခြင်းရဲ့ အကျိုးဆက်
စီးပွားရေးကျုံ့ခြင်းဒဏ်ကို ခံစားကြရတဲ့ စီးပွားရေးကဏ္ဍအသီးသီး ရောင်းလိုအားနဲ့ ဝယ်လိုအားနှစ်ခုစလုံး တပြိုင်တည်း ကျဆင်းတာဟာ စျေးကွက်ထိုင်းမှိုင်းနေတဲ့လက္ခဏာ ဖြစ်ပါတယ်။
ကမ္ဘာမှာ ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းကြီးဖြစ်တော့ စီးပွားရေးထိုင်းမှိုင်းသွားပါတယ်။
အဲဒီအချိန်မှာ စီးပွားရေးပညာရှင်တွေ နိုင်ငံရေးသမားတွေက လူတွေ စျေးဝယ်ချင်လာအောင် ငွေကို သုံးချင်ဖြုန်းချင်လာအောင် နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်ကြရပါတယ်။ ဘဏ်မှာ ငွေတွေ မစုချင်အောင် ဘဏ်စုငွေအပေါ်က အတိုးနှုန်းတွေကို လျှော့ချပစ်တာမျိုးတွေ လုပ်ပါတယ်။
ဒါပေမဲ့ အခုဗမာပြည်မှာ လူတွေမသုံးမဖြုန်းတာက သုံးနိုင်တဲ့စွမ်းအားမရှိလို့ဖြစ်နေတာပါ။ ဒါ့အပြင် သုံးနိုင်သူကလည်း သုံးနိုင်သလောက်မသုံးဘဲ အတတ်နိုင်ဆုံး ချွေတာကြပါတယ်။ ဒါကလည်း နိုင်ငံရေးမတည်ငြိမ်လို့ ၊ စစ်ဖြစ်နေလို့၊ တိုင်းပြည်စီးပွားရေးအခြေအနေကို ယုံကြည်စိတ်ချမှုမရှိကြလို့ဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။
အဲသလိုအခြေအနေတွေက တခြားစီးပွားရေးကဏ္ဍတွေအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နေသလဲဆိုတာ ဆက်လက်လေ့လာပါမယ်။
စိုက်ပျိုးရေးလုပ်ငန်း
စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းဟာ သဘာဝချင်း နီးစပ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ ကံကြမ္မာနဲ့ မွေးမြူရေးလုပ်ငန်းတွေရဲ့ ကံကြမ္မာကလည်း တထပ်တည်းနည်းပါးပါပဲ။ စိုက်ပျိုးရေးလုပ်ငန်းအတွက် သွင်းအားစုတွေ အားလုံး ရှားပါး၊ စျေးတက်နေတယ်။ ထုတ်ကုန်တွေ စျေးမရပါဘူး။
နိုင်ငံခြားကနေ အများစုတင်သွင်းရတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လောင်စာဆီနဲ့ လယ်ယာလုပ်ငန်းသုံးပစ္စည်း စက်ကရိယာတွေက စျေးတက်နေပါတယ်။
ဒါ့အပြင် အသေးစားစိုက်ပျိုးရေး လုပ်ငန်းသမားတွေဟာ ချေးငွေနဲ့ လုပ်ငန်းစကြရပါတယ်။ အစိုးရကချေးတဲ့ အထူးသဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေနဲ့ ပုဂ္ဂလိကထံကချေးငွေတွေကို မှီခိုအားထားကြရပါတယ်။ တခါတလေမှာ ငွေကြိုပေးစနစ်နဲ့ သီးနှံတွေကို မစိုက်ခင်ကတည်းက ကြိုရောင်းထားတာမျိုးတွေ လုပ်တတ်ပါတယ်။ အခုဖြစ်နေတဲ့ ဘဏ်စနစ်ပျက်စီးမှုကြောင့် အစိုးရချေးငွေလည်း မလွယ်၊ ပုဂ္ဂလိကချေးငွေလည်းခက်ခဲတဲ့အဖြစ်နဲ့ ရင်ဆိုင်တိုးကြရပါတယ်။ ဒါဟာ သိပ်အဓိကကျတဲ့ သွင်းအားစုတခု ရှားပါးခြင်းပြဿနာ ဖြစ်ပါတယ်။
နောက်ပြဿနာတခုက မွေးမြူရေးသမားလိုပဲ စိုက်ပျိုးရေးသမားမှာလည်း ခြံထွက်စျေးနှုန်း farmgate price စျေးကျတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါ့အပြင်ကိုဗစ်ကြောင့် နယ်စပ်စီးပွားရေးပိတ်တာက အခါခါ၊ စစ်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးမကောင်းတာက ခဏခဏပါ။
"ကျွန်တော်တို့ ခါတိုင်းစိုက်နေကျ ဖရဲသီးဆိုရင် ဒီနှစ် မစိုက်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ တရုတ်ပြည်နယ်စပ်ကုန်သွယ်ရေး မူမမှန်လို့ဗျ။ အိတ်စ်ပို့မထွက်တော့တဲ့ ကုန်တွေအားလုံး စျေးကျတယ်ဗျ။ အဲဒီတော့ တောင်သူတွေလည်း စိုက်ပျိုးရေးကို ပုံစံပြောင်းလုပ်နေကြရပါတယ်ဗျာ။"
ဒီနှစ်ထဲမှာ ပဲအမျိုးမျိုး ပြည်ပတင်ပို့မှု ရှိတန်သလောက်ရှိပါတယ်။ အဲဒီတော့ တချို့ဖရဲခင်းတွေနေရာမှာ ပဲခင်းတွေ အစားထိုး ဝင်ရောက်လာပါတယ်။
ပုပ်သိုးကုန်စည် perishable goods အမျိုးအစားမှာပါတဲ့ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးနဲ့ ကုန်စိမ်းအမျိုးမျိုးဟာ ဒီနှစ်ထဲမှာ တော်တော်ဒုက္ခရောက်ခဲ့ကြပါတယ်။
သြဂုတ်လထဲက ရှမ်းပြည်နယ် ကလော၊ ပင်လောင်း၊ ပင်းတယ၊ ညောင်ရွှေနဲ့ အောင်ပန်းကုန်စည်ဒိုင်တို့မှာ ကုန်စိမ်းစျေးထိုးကျခဲ့ပါတယ်။ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုပ်သီး၊ ဂေါ်ဖီထုပ်၊ ပဲသီးစိမ်းတွေကို လမ်းဘေးမှာ အမြောက်အမြား စွန့်ပစ်ထားတာ တွေ့ခဲ့ရပါတယ်။ ငွေကုန်ခံ၊ လူပန်းခံပြီး ရင်းနှီးစိုက်ပျိုးထားတဲ့သီးနှံတွေဟာ လတ်လတ်ဆတ်ဆတ်ဖြစ်ပါလျက်နဲ့ အလကားပေးလို့တောင် ယူသူမရှိအောင် တန်ဖိုးမဲ့ဖြစ်ရတာဟာ ဝမ်းနည်းကြေကွဲစရာကောင်းပါတယ်။
ပုပ်သိုးကုန်စည်တွေ စျေးကွက်ပျက်ပြီဆိုရင် အလကားပေးလို့တောင် ယူသူမရှိလို့ အလုပ်သမားခ၊ ကားခ ထပ်အကုန်ခံပြီး လွတ်ရာကျွတ်ရာမှာ သွားပြီးစွန့်ပစ်ရတတ်ပါတယ်။
ဘဏ်လုပ်ငန်းကျွမ်းကျင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီးက အခုလို သတိပေးထားပါတယ်။
"စိုက်ပျိုးရေးထွက်ကုန်သီးနှံတွေက ပြည်တွင်းမှာ အပြန်အလှန် ကူးသန်းရောင်းဝယ်နိုင်တဲ့အား လျော့သွားရင် ပြဿနာရှိတယ်ဗျ။ တောင်သူက သူမကိုက်တော့ရင် မစိုက်တော့တဲ့ဟာမျိုး လာမှာလေ။ သူ့အတွက် ဝမ်းစာတို့ ငွေပေါ်တို့ နည်းနည်းလည်ပတ်ရုံစိုက်ပြီး လျှော့စိုက်တာတို့ လုပ်လာနိုင်တယ်။ အဲဒါမျိုးက ကုန်စျေးနှုန်းမှာ ထိလာနိုင်တယ်။"
မန္တလေးက ပွဲစားဦးစိုးကတော့ အခုလို ပြောပြပါတယ်။
"ကျွန်တော်တို့လုပ်ငန်းက ကျပ်တော့ကျပ်လာတာပေါ့ဗျာ။ အရင်တုန်းက တရုတ်ကို တွဲကားတွေနဲ့ ထွက်တယ်။ တွဲတသိုက်ကြီးသွားတော့ ကုန်ကျစရိတ်သက်သာတာပေါ့ဗျာ။ ဟိုရောက်တော့ တန်းချရတာ။ အခုကိုဗစ်ဖြစ်ပြီးတော့ ကွန်တိန်နာထဲ ပြန်ထည့်ရတာမျိုးတွေလုပ်လာတော့ စရိတ်တက်တာပေါ့ဗျာ။ ဒါ့အပြင် ငွေပေးငွေယူကလည်း ဗမာပြည်ဘဏ်စနစ်က တပတ်လား၊ တရက်လား၊ အဲဒီထက် ပိုလွှဲလို့မရဘူး ဘာညာတွေ လုပ်တော့ လုပ်ရကိုင်ရတာ ကျပ်တာပေါ့ဗျာ။ လုပ်တော့လုပ်နေရတာပေါ့ဗျာ။ ကျပ်တာပေါ့။ တောင်သူတွေကလည်း ဒါမှမစိုက်ရင် စားစရာမရှိတော့လည်း စိုက်တော့စိုက်ရတာပေါ့။ ဒါပေမဲ့ တချို့လည်း လျှော့စိုက်ကြတာပေါ့။ လုပ်ငန်းတွေက ရပ်ပစ်လိုက်လို့လည်း မရတော့ အဖြစ်ပေါ့ဗျာ။"
စားအုန်းဆီအခက်၊ ပဲဆီအချက်
စီးပွားရေးလုပ်ငန်းအားလုံး အကျပ်ရိုက်နေချိန်မှာ နည်းနည်းပြေလည်သက်သာလာတဲ့ လုပ်ငန်းတခုကတော့ ပြည်တွင်းက ဆီစက်တွေပါ။ ဆီစက်လုပ်ငန်းတွေဟာ စားအုန်းဆီရဲ့ထိုးနှက်ချက်ကြောင့် လုပ်ငန်းတော်တော် လေးလံထိုင်းမှိုင်းနေရာကနေ အခုလုပ်ငန်းပြန်သွက်လာပါတယ်။
ပြည်သူအများဟာ ဆင်းရဲကျပ်တည်းကြတဲ့ အတွက် ကျန်းမာရေးစံချိန်စံညွှန်းနဲ့မကိုက်ညီတဲ့ စာအုန်းဆီကို စျေးချိုချိုနဲ့ ဝယ်စားနေကြရတာ ကြာပါပြီ။ ကုန်ကြမ်းစျေးကြီး၊ ထုတ်လုပ်စရိတ်ကြီးတဲ့ ပဲဆီ၊ နှမ်းဆီဟာ လုပ်ငန်းမတွင်ကျယ်နိုင်အောင်ဖြစ်ခဲ့ကြရပါတယ်။
အခုချိန်မှာ ဒေါ်လာစျေးတက်လို့ ပြည်ပသွင်းကုန် စားအုန်းဆီစျေးတွေတက်တော့ စားအုန်းဆီစျေးနဲ့ ပဲဆီနှမ်းဆီစျေးဟာ မနီးရိုးစွဲ ဖြစ်လာပါတယ်။ စားအုန်းဆီစျေးက ၄၀၀၀ ကျပ်၊ ၄၅၀၀ ကျပ်စျေးဖြစ်နေချိန်မှာ ပဲဆီ၊ နှမ်းဆီစျေးက ၅၀၀၀ ကျပ်ဝန်းကျင် ဖြစ်နေပါတယ်။
အထည်ချုပ်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းအမျိုးမျိုး
အထည်ချုပ်လုပ်ငန်းတော်တော်များများ လုပ်ငန်းရပ်ဆိုင်းသွားပါတယ်။ အထည်ချုပ်ရဲ့ အခက်အခဲတွေက အမျိုးမျိုးပါ။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စက်ရုံတွေပိတ်ရတာက ဒုက္ခတမျိုးပါ။
အလုပ်သမားသမဂ္ဂတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးလို့ အလုပ်သမားတချို့ ထွက်ပြေးကြရတာ၊ လုပ်သားရှားပါးတာက နောက်ထပ်ပြဿနာတခုဖြစ်ပါတယ်။
တခြားကုန်ထုတ်လုပ်ငန်းကြီးတွေနဲ့အတူ အထည်ချုပ်လုပ်ငန်းတော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာတခုကို ဒေါက်တာဘွဲ့ရစီးပွားရေးပညာရှင်က အခုလို ပြောပြပါတယ်။
"တော်တော်များများ ရပ်သွားပြီ။ မကိုက်တော့ဘူး။ ကုန်ကြမ်းမရလို့ ရပ်တာလည်း ပါတယ်။ အလုပ်သမားနဲ့ ပြဿနာကြောင့်၊ အခု ကိုဗစ်ကြောင့်အစုံပဲ။ ဘဏ်ကိစ္စကြောင့် လစာထုတ်ပေးရတာကိုက သူတို့မှာ အခက်အခဲရှိတယ်။ လစာထုတ်ပေးဖို့ ငွေကျပ်သိန်း ၅၀၀ လိုမယ်။ ဘဏ်က သိန်း ၂၀၀ ပဲပေးမယ် ဆိုတာမျိုး။ အဲဒီမှာကိုလုပ်ရတာ တော်တော်ခက်နေပြီ။ အနောက်တိုင်းက reatailers ကြီးတွေ Marks and spencer တို့ Primark တို့ H&M တို့ စသည်ဖြင့် သူတို့က ကုန်မအပ်ကြတာကလည်း ပြဿနာပဲ။ သူတို့က လူ့အခွင့်အရေးမှတ်တမ်းတွေကြည့်မယ်။ သူတို့ဆီက ကုန်သွယ်ရေးဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ရှိနေတယ်။ အခုတချို့ အော်ဒါလက်ကျန်လေးရှိရင်ရှိမယ်။ အဲဒါပြီးရင်ပြီးပြီ။ တခြားကုန်ထုတ်လုပ်ငန်းတွေလည်း အဲသလိုပဲ။ လစာပေးဖို့ကိုက ခက်တယ်။ ပြီးတော့ ပြည်ပကတင်သွင်းရတဲ့ သွင်းအားစုတွေ အကုန်စျေးတက်တယ်။ လောင်စာဆီစျေးတက်တယ်။ ဒီတော့ ကုန်ထုတ်လုပ်ငန်းတွေလည်း အလုပ်အကိုင်မကောင်းကြဘူး။ တော်တော်များများ ရပ်ကုန်ပြီ။"
၂၀၂၁ ခုနှစ်မေလရဲ့ ပြည်တွင်းအခြေစိုက် မော်တော်ကားထုတ်လုပ်မှုတန်ဖိုးဟာ ၂၀၂၀ ခုနှစ်မေလ ထုတ်လုပ်မှုတန်ဖိုးထက် ၇၇ ရာနှုန်းလျော့ကျသွားတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကုန်ထုတ်လုပ်ငန်းအားလုံးဟာ ပြည်ပသွင်းကုန်စျေးကြီးခြင်း၊ သူတို့လုပ်ငန်းထုတ်ကုန်တွေကို ဝယ်မဲ့သူမရှိခြင်း၊ လောင်စာဆီစျေးကြီးခြင်း၊ ကုန်ကြမ်းရှားပါးခြင်း၊ ကျန်းမာရေးပြဿနာကြောင့် အလုပ်သမားခက်ခဲခြင်းဆိုတာတွေကို တပုံစံတည်းခံစားနေကြရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ငွေသားရှားပါးခြင်း၊ ဘဏ်ငွေပေးချေမှုခက်ခဲခြင်း၊ အလုပ်သမားကို လစာပေးဖို့ ခက်ခဲခြင်း၊ ခေတ်ကာလအခြေအနေအရ အရှုံးအမြတ်စွန့်စားရတဲ့အန္တရာယ်များခြင်း စတဲ့အချက်တွေကြောင့် လုပ်ငန်းနှေးကွေးလေးလံနေကြပါတယ်။
အင်တာနက်ကနေ တနိုင်တပိုင် အွန်လိုင်းရောင်းချတဲ့ စီးပွားရေးလုပ်ငန်းတချို့ ဒီနှစ်ထဲမှာ ထွန်းကားလာပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအခြေအနေသင့်တင့်ကောင်းမွန်ကြပါတယ်။ ကိုဗစ် ၁၉ ကပ်ဘေးကြောင့် အိမ်တိုင်ရာရောက်ပို့ဆောင်မှုလုပ်ကြတဲ့ ဒလီဗရီ လုပ်ငန်းတွေ အလုပ်ကောင်းမွန်ကြပါတယ်။ မရှိမဖြစ်တဲ့ စားသောက်ကုန်လုပ်ငန်းတွေ စီးပွားရေးသင့်တင့်ကြပါတယ်။
ယေဘုယျအားဖြင့်တော့ စီးပွားရေးလုပ်ငန်းအများစုဟာ ပျက်သူပျက်၊ ယာယီရပ်သူရပ်၊ အရှုံးပေါ်သူပေါ်ဖြစ်နေကြပြီး မြန်မာ့စီးပွားရေးသမိုင်းမှာ အလွန်ရှားပါးတဲ့ စီးပွားရေးကသောင်းကနင်းဖြစ်စဉ်ကြီးကို ရင်ဆိုင်နေကြရပါတယ်။