ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပဟေဠိဆန်တဲ့ စစ်တပ်ထိပ်ပိုင်း အပြောင်းအရွှေ့များ
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ကာကွယ်ရေးဦးစီးချုပ်(လေ) ရာထူးကနေ အနားပေးလိုက်တဲ့ သတင်းဟာ စစ်ရေးနဲ့နိုင်ငံရေး စိတ်ဝင်စားသူတွေအတွက် စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်းပြီးတဲ့နောက် တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ထဲမှာပါတဲ့ လေတပ် ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ကို ပထမဆုံး လဲလိုက်တာလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နေရာကို စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်က ဆက်ခံပါတယ်။
ဒါပေမဲ့ စစ်ဦးစီးအရာရှိချုပ်(လေ)နေရာကို မခန့်အပ်သေးဘဲ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို အရင်ဖယ်ရှားလိုက်တာကြောင့် အလျင်စလိုနိုင်တဲ့ ဒီဖယ်ရှားမှုကို အရေးယူမှုတစ်ခုအဖြစ် ရှုမြင်သူတွေလည်းရှိပါတယ်။
မျက်စိလည်စရာ အနားပေးမှု
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က မိထ္ထီလာကို ရောက်လာပြီး တပ်မတော်(လေ) လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၃) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို တက်ရောက်ခဲ့သေးတာပါ။
အဲ့ဒီအခမ်းအနားမှာ သူမိန့်ခွန်းပြောတော့ ''နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား'' ပြောကြားပါတယ်လို့ သုံးနှုန်းပြီး လေးစားမှုကိုပြခဲ့သေးတာပါ။
ဒါဟာသူ့ရဲ့ ကာကွယ်ရေး ဦးစီးချုပ် (လေ) ရာထူးနဲ့ နောက်ဆုံးကျောင်းဆင်းပွဲဖြစ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ သူ့ရဲ့တာဝန်သက်တမ်း ကုန်ဆုံးတော့မယ်ဆိုတာ သိပေမယ့် ကာကွယ်ရေး ဦးစီးချုပ် (လေ) နေရာမှာ ဆက်ထားလိမ့်မယ်လို့ မျှော်လင့်ခဲ့သေးတယ်လို့ တပ်တွင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ လမ်းစဉ်ပါတီ ခေတ်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ရဲ့ သားအငယ်ဆုံး ဖြစ်ပါတယ်။
သူဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၆) ဆင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ မြိတ်လေတပ်စခန်း ဌာနချုပ်မှူး၊ ၂၀၁၅ မှာ စစ်ဦးစီး အရာရှိချုပ် (လေ)နဲ့ ၂၀၁၈ မှာ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဖြစ်လာသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါကြောင့် လေချုပ်ဖြစ်လာပြီး ၄ နှစ်အကြာမှာ ရာထူးကအနားပေးခံရတာလည်း ဖြစ်ပါတယ်။
သူဟာ ဦးသိန်းစိန်အစိုးရရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၆ မှာ ဗိုလ်မှူးချုပ် မောင်မောင်ကျော် ပဲရှိသေးတာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာပဲ ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်လာပြီး ဗိုလ်ချုပ်ကြီးအဆင့်ထိ ရာထူးတိုးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် မိသားစုရဲ့ လေတပ်နဲ့နှီးနွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ရိုက်တာ သတင်းဌာနက လွန်ခဲ့တဲ့လအနည်းငယ်က ဖွင့်ချခဲ့ပါတယ်။
ဒီကိစ္စတွေကြောင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ကနေ အနားပေးခံရတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေကြပေမယ့် ဗိုလ်ချုပ်ကြီးရာထူးနဲ့ ကောင်စီထဲမှာဆက်ထားလို့ မျက်စိလည်စရာ ဖြစ်ကုန်ကြပါတယ်။
ကောင်စီထဲက ဗိုလ်ချုပ်ကြီးတွေ
ကာကွယ်ရေးဦးစီးချုပ်(လေ) ရာထူးကိုစွန့်လွှတ်လိုက်ရပေမယ့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးအဖြစ်ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။
ဒါဟာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရဲ့လမ်းကို လိုက်သွားရတာလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဟာ ကာကွယ်ရေးဦးစီးချုပ်(ရေ)တာဝန်ကို စွန့်လွှတ်ခဲ့ရပေမယ့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ပါလာပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး တာဝန်ပေးထားလို့ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကိုလည်း ဘာတာဝန်ထပ်ပေးမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ထူးခြားတာက လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဟာ ကောင်စီဝင်မဖြစ်သလို ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင်လည်း စစ်ကောင်စီထဲပါမလာပါဘူး။
ဒါ့အပြင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို စစ်ကောင်စီထဲ ထည့်ထားပေမယ့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ကောင်စီထဲ ပါမလာပြန်ပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကို လည်း စစ်ဥပဒေချုပ်တာဝန်ကို စွန့်လွှတ်ခိုင်းပြီး ကောင်စီအတွင်းရေးမှူးတာဝန်ပဲ သီးသန့်ယူခိုင်းခဲ့ပါသေးတယ်။
ကကနကောင်စီအမိန့် အသက်ဝင်ခြင်းလား
အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အစောဆုံးလုပ်ဆောင်ချက်တွေထဲက တစ်ခုက ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ ကို ထုတ်ပြန်စေတာဖြစ်ပါတယ်။
ညွှန်ကြားလွှာ ၁/၂၀၂၁ ဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် အရေးကြီးတဲ့ ညွှန်ကြားလွှာဖြစ်ပါတယ်။
သူတို့ရဲ့ အမြင့်ဆုံးရာထူးမှာ အချိန်ဘယ်လောက်အထိ နေရမလဲဆိုတာကို အဆုံးအဖြတ်ပေးတာကြောင့်ပါ။
၁/၂၀၂၁ အရ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးဟာ အသက်ကန့်သတ်ချက်မရှိတော့ပေမဲ့ သူတို့အောက်က ရာထူးတွေကတော့ အသက် ကန့်သတ်ချက် ရှိနေပါတယ်။
ဗိုလ်ချုပ်ကြီးတွေဆိုရင် ၄ နှစ် တာဝန်ထမ်းဆောင်ခွင့်ရှိပြီး လိုအပ်ရင် ၂ နှစ်ထက်မပိုသော သက်တမ်းအထိ ထပ်တိုးနိုင်ပါတယ်။
ဗိုလ်ချုပ်ကြီးအဆင့်အတွက် တာဝန်သတ်မှတ်ချက် တွေကတော့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) တို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကကနကောင်စီအမိန့်အရဆိုရင် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ဗိုလ်ချုပ်ကြီးတာဝန် ၄ နှစ်ထမ်းဆောင်ပြီးတာကြောင့် ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန်ကိုစွန့်လွှတ်ရတာပဲဖြစ်ပါတယ်။
သူ့ကို ဗိုလ်ချုပ်ကြီးနေရာမှာ ဆက်ထားထားတာမို့ ၂ နှစ်ထက်မပိုသော သက်တမ်းနဲ့တိုး ဆက်နေနေတာလို့ နားလည်ရပါတယ်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ ကောင်စီထဲ အဲ့ဒီလို သက်တမ်းတိုးပြီး ဆက်နေနေတာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးတွေကတော့ ၅ နှစ် တာဝန်ထမ်းဆောင်ခွင့်ရှိပြီး ရာထူးမတိုးမြှင့်ဘဲ သတ်မှတ်ကာလကျော်လွန်ရင် အငြိမ်းစားပေးရမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်အဆင့်က ၆ နှစ်၊ ဗိုလ်မှူးချုပ်အဆင့်က ၇ နှစ်နဲ့ ဗိုလ်မှူးကြီးအဆင့်က ၈ နှစ် အဆင့်ဆင့်သတ်မှတ်ထားပါတယ်။
တပ်ရာထူး အပြောင်းအလဲတွေ ခပ်စိပ်စိပ်ဖြစ်
ကာကွယ်ရေးဦးစီးချုပ်(လေ) အပြောင်းအလဲ မဖြစ်ခင်မှာပဲ စစ်ဥပဒေချုပ် နဲ့ တပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ရာထူး နေရာတွေ အပြောင်းအလဲ ဖြစ်ခဲ့ပါသေးတယ်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ရဲ့ စစ်ဥပဒေချုပ် နေရာကို တပ်မတော်အင်အားဖြည့်တင်းရေးက ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသက်နောင် ရောက်လာပြီး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြင့်သွားပါတယ်။
အလားတူ တပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် လည်း အရန်အင်အားကိုရောက်သွားပါတယ်။သူ့နေရာကို ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးမင်းဦးက ဆက်ခံပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဖြစ်လာပါတယ်။
သူဟာ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ကမှ စစ်ကောင်စီဥက္ကဋ္ဌ ကပေးတဲ့ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။
ဒါ့အပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှုးနေရာလည်း အပြောင်းအလဲဖြစ်ခဲ့ပါတယ်။
နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် ဟာ နယ်စပ်ရေးရာ ဒုဝန်ကြီး ဖြစ်သွားပြီး အရန်အင်အားကို ရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သန်းထိုက်က ဗိုလ်ချုပ်အဆင့်တိုးမြှင့်ခံရပြီး နမခ တိုင်းမှူး ဖြစ်လာတာပါ။
ဒီအပြောင်းအလဲကတော့ ထိပ်ပိုင်းရာထူးတွေလိုမဟုတ်ဘဲ PDF တွေကို မထိန်းချုပ်နိုင်လို့ ပြောင်းလိုက်တာလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို လည်း အငြိမ်းစားပေးခဲ့သေးတာပါ။
အခုလကုန်မှာ အရေးပေါ်ကာလပြဋ္ဌာန်းချက် တစ်နှစ်ပြည့်မှာမို့ သက်တမ်းထပ်တိုးတဲ့အခါ စစ်ကောင်စီထဲမှာ အပြောင်းအလဲတွေဖြစ်လာမလားလို့ အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။