ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီက ရဟတ်ယာဥ်တွေသုံးပြီး တိုက်နေတဲ့ ဒီပဲယင်းတိုက်ပွဲ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ဟာ တိုင်းမြို့တော် မုံရွာမြို့ရဲ့ မြောက်ဘက် မိုင် ၄၀ခန့် အကွာမှာ ရှိပါတယ်။
စစ်ကိုင်းတိုင်းက ဒေသကာကွယ်ရေးတပ်တွေကို အရှိန်မြှင့် ပြီးစစ်ဆင်ရေးတွေလုပ်နေတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး အဲ့ဒီဒေသကို ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာခံ ၂ဦးနဲ့ အခြားရွာခံ ၃ဦး စုစုပေါင်း အနည်းဆုံး ၅ဦး သေဆုံးခဲ့တယ်လို့ သေဆုံးမှုစာရင်းကို သိရှိထားသူတွေထံက အတည်ပြု သိရှိရပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီ ရဟတ်ယာဥ် ၅ စီးဟာ ဒီပဲယင်း ညောင်လှ ရွာအနီးမှာ ခပ်နိမ့်နိမ့်ပျံလာပြီး ပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို ဘီဘီစီက ရရှိထားခဲ့ပြီး အဲ့ဒီရုပ်သံဖိုင်မှာ ရဟတ်ယာဥ်ပေါ်က ပစ်ခတ်တာကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ဆည်ကြီးရွာထဲကို ပြီးခဲ့တဲ့ ၃ရက်မှာ စစ်ကြောင်းတစ်ခုက ရွာအတွင်း ဝင်ရောက်ခဲ့ပြီး အဲဒီစစ်ကြောင်း ရွာကပြန်အထွက်မှာ မိုင်းနဲ့တိုက်ခိုက်ဖို့ ဒေသခံကာကွယ်ရေးတပ်တွေ ဘက်ကစီစဉ်ထားကြောင်းနဲ့ အဲဒီအစီအစဉ်ကို စစ်တပ်ဘက်ကသိရှိခဲ့တာကြောင့် အဲဒီစစ်ကြောင်းက ၃ရက်ကြာအောင် ရွာအတွင်းကနေ မထွက်တော့ဘဲ စစ်ကူလှမ်းတောင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲဒါကြောင့် မနေ့က နိုဝင်ဘာလ ၂၇ ရက်နေ့က စလို့ ရဟတ်ယာဉ် ၅စင်းနဲ့ တပ်တွေ စုနေခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဘက်ကလို့ ယူဆထားကြတဲ့ ရေဦး ဆည်ကြီးရွာနဲ့ ထိစပ်နေတဲ့ ဒီပဲယင်းမြို့နယ် ညောင်လှရွာကို ရဟတ်ယာဉ် ၄ စင်းက စစ်ကူတွေချပေးတာအပြင် ကျန်တဲ့တစ်စီးက အဲဒီအချိန်မှာပဲ ညောင်လှ ဘေးပတ်ဝန်းကျင်တစ်ဝိုက်ကို ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ထွက်ပြေးရသူ အများအပြားရှိပြီး၊ သေဆုံးသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
"ဒေသခံ PDF တွေက တူမီးသေနတ်ပဲရှိတာလေ၊ ဘာမှလည်း ရှိတာမဟုတ်တော့ သူတို့နဲ့ ယှဉ်တိုက်ဖို့က အဆင်မပြေတော့၊ ပြန်ထွက်မှ မိုင်းနဲ့တိုက်ဖို့လုပ်တာ သတင်းပေါက်သွားတာ" လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က ဒီပဲယင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မနေ့က ရဟတ်ယာဉ်နဲ့ ဒီပဲယင်းမြို့နယ် ညောင်လှ၊ ဝဲကြီး၊ မဲအိုး၊ လက်ယက်ကုန်း၊ ယဉ်ကျေး(ကျင်း)၊ နတ်မြား၊ သရက်တော၊ မူးကတွင်း စတဲ့ရွာတွေကို ဆက်တိုက်ဆိုသလို ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မနက် ၇နာရီကျော်ကနေ စလို ၁၁နာရီကျော်အထိ ညောင်လှရွာကို လက်နက်ကြီးတွေနဲ့ ယဉ်ကျေး(ကျင်း) ရွာတံတားပေါ်ကနေ ဆက်တိုက်ဆိုသလို ပစ်ခတ်ခဲ့တယ်လို့ ဆိုကြပါတယ်။
အခြား ရေဦးမြို့ နယ်ထဲက ဆည်ကြီးရွာနဲ့၊ ဒီပဲယင်းမြို့နယ်ထဲက ဝဲကြီးရွာတို့ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
"လက်နက်ကြီးတွေနဲ့ရော၊ လက်နက်ငယ်တွေနဲ့လည်းပစ်တယ် လူတွေကမရှိတော့ဘူး၊ ပြီးတော့မနေ့က ထွက်ပြေးလို့ ကျန်ခဲ့တဲ့ ဆိုင်ကယ်အစီး ၁၀၀ ကျော်ကို ညောင်လှ ဘုန်ကြီးကျောင်းထဲမှာ မီးရှို့ထားခဲ့တယ်" လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ရဟတ်ယာဉ်နဲ့ လာချထားတဲ့ စစ်တပ်နဲ့ ရေဦးမြို့နယ် ဆည်ကြီးရွာအတွင်းရှိခဲ့တဲ့ စစ်ကြောင်းတို့က ပူးပေါင်းကာ ညောင်လှ၊ ဝဲကြီးနဲ့ ယဉ်ကျေး(ကျင်း)ရွာတွေထဲမှာ ဝင်ရောက်ကာ တပ်စွဲထားပြီလို့ ထွက်ပြေးနေရသူတွေက ဘီဘီစီကို ပြောပါတယ်။
ထွက်ပြေးနေရသူတွေကလည်း ရုတ်တရက် ပစ်ခတ်ခံရတဲ့အချိန် ပြေးလွှားရတာကြောင့် နေထိုင်ရေး၊ စားသောက်ရေးအတွက် လုံလုံလောက်လောက် ရှိတဲ့အခြေအနေမျိုးမဟုတ်ဘဲ ရရာပစ္စည်း ယူဆောင်ပြေးလာကြရတာလို့ ထွက်ပြေးလာရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"အထုပ်အပိုးတွေလည်းမယူနိုင်ဘူး၊ စားစရာမပါတဲ့ သူတွေရော၊ ဆောင်းရာသီကို အနွေးထည်တောင် မယူနိုင်ခဲ့သူတွေလည်းရှိတယ်။ အခြားရွာတွေက ကူညီပေးတာတွေလည်း ရှိပါတယ်။" အဲ့ဒီအမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ပစ်ခတ်တိုက်ခိုက်မှုတွေက မြို့နယ်အများအပြားမှာ ဖြစ်နေပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း သောင်းနဲ့ချီ အထိရှိလာတဲ့ ဒေသတစ်ခု ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဒီပဲယင်းအနောက်ခြမ်း ဆပ်ပြာကျင်းရွာအပါအဝင် ကျေးရွာအချို့ကို တိုက်ခိုက်ခဲ့ပြီး ဒီပဲယင်းအနောက်ခြမ်းမှာ ကျေးရွာအုပ်စု ၅၈ အုပ်စုရှိတဲ့အထဲက ကျေးရွာ ၂၀ ကျော်ဟာ အိုးအိမ်ပစ်ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။