ယာခင်းနဲ့ အိမ်တို့ရဲ့ အ‌ဝေးက ဘဝများ

ပြီးခဲ့တဲ့ဧပြီလမှာ တိုက်ပွဲတွေစဖြစ်ခဲ့ပြီးနောက် သြဂုတ်လမှာ ရွာထဲကိုစစ်တပ်ဝင်လာလို့ သူတို့ ရွာက ထွက်လာခဲ့ရပါတယ်။

နွေရဲ့ အလွန် မိုးလည်းကုန်ခဲ့ပြီး ဆောင်းရာသီဝင်လာတဲ့အထိ သူတို့တောစပ်မှာ တဝဲလည်လည်နဲ့ နေထိုင်နေရဆဲဖြစ်ပါတယ်။

"စားသောက်ရေးဆိုလည်း အာဟာရပြည့်အောင် မစားရတော့ ကျန်းမာရေးထိခိုက်တယ်။ သက်ကြီးရွယ်အိုတွေ သေရင်လည်း တောစပ်မှာပဲ မြုပ်လိုက်ရတယ်" လို့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျ ကျေးရွာက စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကပေါင်းကျအနောက်ဘက်ပိုင်းမှာ စစ်ရှောင်နေရသူအရေအတွက်ဟာ ထောင်ချီရှိနေတယ်လို့ ဆိုပါတယ်။

တန့်ဆည်အနောက်ခြမ်းက ရွာတွေဖြစ်တဲ့ ကပေါင်းကျ၊လိပ်ခြံ၊ ဆိပ်ချီးကူး၊ ဆပ်ပြာအိုင်၊ ပန်းကာ (ပကာ)၊စင်းသင်း၊ခေါင်ယာ၊ တောင်ကျောင်းစတဲ့ ရွာတွေနဲ့အတူ စစ်ရှောင်နေရတဲ့ ရွာပေါင်း ၁၀ ရွာ ဝန်းကျင်လောက်ရှိနေတယ်လို့ဒေသခံရွာသားတွေက ပြောပါတယ်။

လက်ရှိအချိန်ထိလည်း တန့်ဆည်အနောက်ခြမ်းက ကပေါင်းကျနဲ့ လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေအင်အားအပြည့်နဲ့ တပ်စွဲထားဆဲဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုတွေ ရှိမနေပေမယ့် ရွာတွေထဲကထွက်မသွားဘူးလို့ ဒေသခံရွာသားတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှာ ရှိတဲ့ ကပေါင်းကျရွာကို တန့်ဆည်ဘက်ကနေ စစ်ကောင်စီတပ်တွေ ဝင်လာပြီဆိုတဲ့ သတင်းစကားက သြဂုတ် ၂၆ ရက် မနက်အရုဏ် ၂ နာရီကျော်က ရွာအရှေ့၊ရွာအနောက် ပျံ့နှံ့နေခဲ့တာပါ။

ဒါကြောင့် အိပ်ကောင်းတဲ့ မနက် ၃ နာရီ အချိန်မှာပဲ ကပေါင်းကျတစ်ရွာလုံး တစ်နိုင်တစ်ပိုင် ဆန်ထုပ်တွေ၊ အဝတ်ထုပ်တွေ ဆွဲလို့ တောထဲ စပြေးခဲ့ကြပါတယ်။

ကပေါင်းကျရွာက အမျိုးသမီးတစ်ဦးက သူတို့ မိသားစု ၁၂ ယောက်နဲ့ ရွာထဲက တခြား ငါးယောက်၊ ခြောက်ယောက်လောက် စုပြီး ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဖမ်းခံရမှာ စိုးရိမ်စိတ်နဲ့ သူတို့တွေ မနက် ၃ နာရီကတည်းက ၉ နာရီအထိ မနားတမ်း ပြေးခဲ့ကြရတယ်လို့ ဆက်ပြောပါတယ်။

အရင် ၇ ကြိမ်လောက် ပြေးဖူးကြလို့ တခါပြေးရင် တစ်လလောက်ကြာတယ်လို့ ဆိုကြပါတယ်။ အခုတော့ ရွာလယ်ခေါင်က ကပေါင်းကျ အ.ထ.က ခွဲကျောင်းမှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက တောထဲပြေးရင်း လူငယ် ၃ ဦး သေနတ်မှန်သေဆုံးခဲ့ပါတယ်။ အခုထိ ရွာထဲမှာတပ်စွဲထားဆဲဖြစ်ပြီး ယာခင်းကို ပြန်ဝင်ကြည့်တဲ့သူကို ပစ်လို့ အခုထိ ရွာနားမကပ်ရဲသေးဘူးလို့ ရွာသားတွေက‌ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းထဲကိုအ‌လောင်းမင်းတရား စစ်ဆင်ရေးဆိုပြီး စစ်ဆင်ရေးကို အရှိန်မြှင့်ပြီး လုပ်နေတယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရွာပေါင်း ၁၀ ရွာဝန်းကျင်လောက်ဟာ ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေက ရွာတွေအနီးတပ်စွဲထားတဲ့ အခြေအနေတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်အတွေ့အကြုံမရှိခဲ့တဲ့ သူတို့အတွက် အခုလို လချီကြာအောင် ကာလကြာရှည် စစ်ဘေးတိမ်းရှောင်နေရလို့ ဘက်ပေါင်းစုံက အခက်အခဲတွေနဲ့ကြုံနေကြရပါတယ်။

ဒေသခံတွေဟာ စစ်ဘေးရှောင်ဖို့အတွက် ပြင်ဆင်ချိန်မရကြသလို စစ်ဘေးရှောင်စခန်း သတ်မှတ်ချက်မရှိဘဲ နေထိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။ အဲဒီလို စခန်းသတ်မှတ်ချက်မရှိကြလို့ ဘေးလွတ်ရာတောတွေထဲမှာ ဖြန့်ကြက်နေထိုင်နေကြရတယ်လို့ ပြောပါတယ်။စစ်ရှောင်နေရာအတည်မကျ မရှိတဲ့အခြေအနေမှာ အမျိုးသမီးငယ်တွေအတွက်လည်း လုံခြုံမှုမရှိတဲ့ ခံစားချက်တွေနဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးတိမ်းရှောင်ရာမှာလည်း ပစ်ခတ်မှုတွေ၊ လက်နက်ကြီးအသံတွေ ကြောင့် နေရာတွေကိုလည်း အကြိမ်ကြိမ် ရွှေ့ပြောင်းစစ်ရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

'' အမျိုးသမီးငယ်တွေဆိုရင်လည်း အိပ်ရင်လည်းအကာအရံမရှိ၊ ရေချိုးရင်လည်းချောင်းတွေထဲပဲ အကာအရံ မရှိဘူး။ ဘယ်နေရာမှာလည်း အတည်တကျမရှိဘူး။အခုဆို စပြေးလာကတည်း ကပြောင်းနေရတာ လေးခါရှိပြီ"လို့ စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးငယ်တစ်ဦးက သူတို့ ကြုံတွေ့နေရတာတွေကို ပြောပြလာပါတယ်။

ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးဟာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စစ်ရှောင်ရတဲ့ ဒေသခံတွေ ပိုတိုးလာတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

စစ်ရှောင်ရမယ်လို့ မတွေးခဲ့ဘူးတဲ့ဒေသခံတွေ

သူတို့ဘဝမှာ စစ်ရှောင်ရမယ်လို့ မတွေးထားဘူးသလို စစ်ဘေးရှောင်အတွေ့အကြုံလည်း မရှိခဲ့တဲ့ အညာဒေသက ဒေသခံတွေဟာဆိုရင် စစ်ရှောင်ကူညီဖို့အဖွဲ့ အစည်းလိုမျိုးလည်း ဖွဲ့နိုင်တာ မရှိသေးပါဘူး။အဲဒီအတွက် အထောက်အပံ့တွေ ရဖို့ကလည်း လက်လှမ်းမှီနိုင်တာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါ့ကြောင့် လက်ရှိအခြေအနေမှာတော့ ဘေးလွတ်ရာတောတွေထဲမှာ အချင်းချင်းဝေမျှစားသောက်ရင်း တောထဲကလက်လှမ်းမှီနိုင်တဲ့ ဟင်းရွက်ရိက္ခာတွေနဲ့ပဲ နေ့စဉ်စားသောက်နေထိုင်နေရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်လည်းအားကောင်းခဲ့တဲ့ ကပေါင်းကျဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အာရုံစိုက်နှိမ်နင်းခံရတဲ့ ဒေသထဲမှာ အမြဲပါနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစလို့ ဒေသတွင်းတိုက်ပွဲတွေ ဆက်ဖြစ်တဲ့ သြဂုတ်လအထိရွာထဲကို စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ်ဝင်ရောက်ခဲ့တာကြောင့် ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ရတာ ၁၀ကြိမ်အထက်ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။

ကပေါင်းကျရွာဟာဆိုရင် အိမ်ခြေ ၇၀၀၊ လူဦးရေ ရှစ်ထောင်ဝန်းကျင်လောက်ရှိပြီး ရွှေမျှောလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ အဲဒီလုပ်ငန်းကို မှီခိုပြီးစီးပွားရေး ပြေလည်သူတွေများတဲ့ ရွာကြီးတရွာဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စပါးရိတ်သိမ်းရာသီရောက်ပေမယ့် တောင်ယာတွေဆီမပြန်နိုင်သူတွေ

တန့်ဆည်အနောက်ခြမ်းက ရွာအများစုကတော့ တောင်ယာလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုကြသူတွေများပါတယ်။ လက်ရှိအချိန်ဟာဆိုရင်လည်း ဆန်စပါးရိတ်သိမ်းရမယ့် အချိန်ဖြစ်ပေမယ့် တောင်ယာတွေဆီပြန်ဖို့ အခွင့်မသာခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။စပါးရိတ်သိမ်းချိန်ရောက်ပေမယ့် ရွာတွေအနီးတပ်စွဲထားတာကြောင့် နေရပ်မပြန်နိုင်ဘူးလို့ဒေသခံတွေ ကပြောကြပါတယ်။

ဒါ့ကြောင့်တိမ်းရှောင်ရတဲ့ ကာလရှည်ကြာလာတာနဲ့ အမျှ နေထိုင်ရေးအပြင် စီးပွားရေး အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။

" ရွာတွေထဲ တပ်စွဲထားတုန်းပဲလေ။တလောကဆို တစ်ယောက်က ယာခင်းနားကပ်သေးတယ်။ ဒါပေမဲ့ ပစ်လို့ ပြန်ပြေးလာရတယ်။စပါးရိတ်ချိန်မရိတ်တော့ ဘာဖြစ်မှာလဲ စိုက်ခင်းပျက်တာပေါ့။တိရစ္ဆာန်တွေလည်း သေလား သတ်စားပစ်လားလည်း မသိဘူး။အိမ်ဘယ်အချိန်ပြန်ရမှာလဲ မသိဘူး။ ဖြစ်နိုင်ရင်တော့ ရွာထဲကစစ်တပ်က ရဲဘော်တွေကို ထွက်သွားပေးဖို့ပဲ ပြောချင်ပါတယ်"လို့ တန့်ဆည်အနောက်ခြမ်းက ကျေးရွာသားတစ်ဦးက ပြောပါတယ်။

မမှန်းဆနိုင်တဲ့အိမ်ပြန်ရမယ့်ချိန်

စစ်ကိုင်းတိုင်း ၊ တန့်ဆည်အနောက်ခြမ်းက ရွာတွေအတွင်း စစ်ကောင်စီဘက်က အကြိမ်ကြိမ်ဝင်ရောက် စီးနင်းတာ၊နေအိမ်ဖျက်ဆီးခံရတာတွေ၊ နှစ်ဖက်တိုက်ပွဲတွေနဲ့ ရွာသားတွေ ထိခိုက်သေဆုံးရတာတွေ စတဲ့ အခြေအနေတွေကို ဆက်တိုက် ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း စစ်ကိုင်းတိုင်းအတွင်းကို စစ်ဆင်ရေးနာမည်တွေတပ်ပြီး အင်အားတိုးချဲ့ စစ်ရေးပြင်နေတာတွေရှိနေသလို ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကလည်းနေ့စဉ်လိုလို ဒေသတွင်းမှာ ဖြစ်ပေါ်နေပါတယ်။

အခုလို နိုင်ငံတဝန်းမငြိမ်သက်မှုတွေ၊ နှစ်ဖက်တိုက်ပွဲတွေကြားမှာပဲ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူတွေကလည်း နိုင်ငံဝန်းအများအပြားဆက်ရှိနေပါတယ်။ဒီအထဲကမှ တန့်ဆည်အနောက်ခြမ်းက ရွာသားတွေရဲ့ အိမ်ပြန်ချိန်ကလည်း မှန်းဆရခက်နေတုန်းပါလို့ ဆိုကြပါတယ်။