ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာပေါင်းကျ အနောက်ဘက်ပိုင်းက လှည်းမောင်းသံ
လက်ကိုင်ဖုန်းကနေ ဖုန်းသံထွက်လာရုံရှိသေး ဒေါ်စန်းမိုးဖုန်းကို ကောက်ကိုင်လိုက်ပါတယ်။
တောထဲပြေးနေတဲ့ သားနှစ်ယောက်နဲ့ သမီးတို့ဆီက မနေ့က တစ်နေ့လုံး အဆက်အသွယ် မရတာကြောင့် စိုးရိမ်နေချိန် သားအကြီးရဲ့ ဖုန်းနံပါတ်နဲ့ ဖုန်းဝင်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့တွေကို ကြောက်လန့်ပြီး တောထဲပြေးရှောင်နေရင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာက မိသားစုတွေ အချင်းချင်း အဆက်အသွယ်မရ ဖြစ်နေကြတာပါ။
ဒါပေမယ့် ဒေါ်စန်းမိုး စိုးရိမ်နေတာထက် ပိုဆိုးနေတဲ့ အခြေအနေကို သူတို့ ရင်ဆိုင်နေကြရပုံပါ။ ဖုန်းဆက်တာက သားအကြီးလည်းမဟုတ်ဘဲ သားအငယ် ဖြစ်နေပါတယ်။
"မေကြီးလား မေကြီးရေလုပ်ပါဦး။ ကိုကို့ကို ခေါ်လို့မရတော့ဘူး။ ကိုကို့ဗိုက်က မလှုပ်တော့ဘူး။ ရင်ဘတ်ကလည်း အသံမကြားရတော့ဘူး။ ကိုကို သေနတ်မှန်ထားတယ်။ မမလေးလည်း သေနတ်မှန်ထားတယ်။ မေကြီး သားတို့ဆီ လာခဲ့ပါ။ သားကြောက်တယ် မေကြီး။"
တစ်ဖက်ဖုန်းထဲကနေ အဆက်မပြတ်ပြောနေတဲ့ သားငယ်ရဲ့ အသံကို ဒေါ်စန်းမိုး ကြားတဝက် မကြားတဝက်နဲ့ ငိုင်တွေ သွားပါတယ်။
သားနဲ့သမီးကို တွေ့ချင်ရင် လိုက်ခဲ့ဖို့ စစ်သားတွေက ပြောတဲ့အကြောင်း သားအငယ်က ပြောခဲ့တာပါ။
ဒါကြောင့် အသက် ၅၀ ကျော် ဒေါ်စန်းမိုး သူကိုယ်တိုင် တောထဲတောင်ထဲ ပြေးနေရင်းနဲ့ သားနဲ့သမီးသေနတ်မှန်တဲ့နေရာကို လာခဲ့ဖို့ ခေါ်တဲ့အခါ ဘာကိုမှ မကြောက်နိုင်တော့ပါဘူး။
လှည်းတစ်စီးငှား၊ အတူနေ ၇ နှစ်အရွယ် မြေးမကလေး (သေနတ်မှန်တဲ့သားအကြီးရဲ့သမီး)ကို တင်ခေါ်ပြီး လှည်းကို ကိုယ်တိုင် ဒုန်းစိုင်း မောင်းသွားပါတယ်။
မနက် ၃ နာရီ ထပြီး ပြေးခဲ့ကြရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှာ ရှိတဲ့ ကာပေါင်းကျရွာကို တန့်ဆည်ဘက်ကနေ စစ်ကောင်စီတပ်တွေ ဝင်လာပြီဆိုတဲ့ သတင်းစကားက သြဂုတ် ၂၆ ရက် မနက်အရုဏ် ၂ နာရီကျော် ကတည်းက ရွာအရှေ့၊ရွာအနောက် ပျံ့နှံ့နေခဲ့တာပါ။
ဒါကြောင့် အိပ်ကောင်းတဲ့ မနက် ၃ နာရီ အချိန်မှာပဲ ကာပေါင်းကျတစ်ရွာလုံး တစ်နိုင်တစ်ပိုင် ဆန်ထုတ်တွေ၊ အဝတ်ထုတ်တွေ ဆွဲလို့ တောထဲ စပြေးကြပါတယ်။
ကာပေါင်းကျရွာက အမျိုးသမီးတစ်ဦးက သူတို့ မိသားစု ၁၂ ယောက်နဲ့ ရွာထဲက တခြား ငါးယောက်၊ ခြောက်ယောက်လောက် စုပြီး ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဖမ်းခံရမှာ စိုးရိမ်စိတ်နဲ့ သူတို့တွေ မနက် ၃ နာရီကတည်းက ၉ နာရီအထိ မနားတမ်း ပြေးခဲ့ကြရတယ်လို့ ဆက်ပြောပါတယ်။
အဲဒီလို ကာပေါင်းကျရွာထဲကနေ ပြေးကြတဲ့ အိမ်ခြေ ၇၀၀ ကျော်က ဒေသခံတွေထဲ ဒေါ်စန်းမိုးရဲ့ သားအကြီး အသက် ၃၀ နှစ် အရွယ် ကိုမိုးဆွေဦး၊ အသက်၂၄ နှစ် အရွယ် သမီး မေနန်းနွယ် နဲ့ အသက် ၁၅ နှစ်အရွယ် သားအငယ်တို့ မောင်နှမ သုံးယောက်လည်း အပါအဝင်ပါ။
နောက်ထပ် အငယ်ဆုံး သားတစ်ယောက်ကလည်း ပြေးနေပေမယ့် လူစုကွဲသွားလို့ တခြားတစ်နေရာ ရောက်သွားတာပါ။
စစ်ကောင်စီတပ်တွေ ရွာထဲကို ဘာကြောင့် လာတာလဲဆိုတာ ဒေသခံတွေ သေချာ မသိကြပါဘူး။
ရွာထဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်ဆိုပြီး လာရှာတာဆိုတဲ့ ဒေသခံ တချို့ရဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
ဧပြီလထဲမှာတော့ ကာပေါင်းကျရွာသားတချို့ရဲ့ နေအိမ်တွေကို တစ်ရွာတည်းသား လူ ၂၀၀ လောက်က ဖျက်ဆီးလို့ နေအိမ် ၉ လုံးမှာ ပျက်စီးမှုတချို့ရှိခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့တယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
ရွာခံတွေကတော့ သတင်းပေးတွေကြောင့် စစ်ကောင်စီတပ်တွေ ရောက်လာကြပြီး ကာပေါင်းကျရွာကို အရင် လာခဲ့ဖူးတဲ့ ၇ ကြိမ်လောက်မှာ အိမ်တွေ ဖျက်ဆီးခံရတာ၊ အိမ်မွေးတိရစ္ဆာန်တွေယူသွားတာ၊ အိမ်တွေထဲက ပစ္စည်းတွေကို မွှေနှောက်ရှာဖွေတာတွေ ရှိတယ်လို့ ပြောကြပါတယ်။
ဒါတင်မက လူတချို့ကိုဖမ်းဆီးတာကြောင့် စစ်ကောင်စီတပ်တွေလာပြီဆိုတာနဲ့ ရွာမှာမနေရဲလို့ ပြေးကြတာလို့ ဘီဘီစီက မေးမြန်းခွင့်ရတဲ့ ရွာခံတွေက ပြောကြပါတယ်။
"ရွာမှာ PDF ရှိလို့လည်း မဟုတ်ဘူး။ တိုက်ပွဲလည်း မရှိဘူး။ ဒါပေမယ့် အရင် ၇ ခါလောက် ဒီလိုပဲ လာဖူးတယ်။ မွှေနှောက်တယ်။ ဖမ်းတယ်ဆိုတော့ ကာပေါင်းကျ တစ်ရွာထဲကိုမှ တန့်ဆည်နယ်ထဲမှာ ပိုမဲနေတယ်လို့ ခံစားလာရတယ်။ ကြောက်လာတယ်" လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
၇ ကြိမ် လောက် ပြေးခဲ့ဖူးပြီ
သြဂုတ် ၂၆ရက်က စခဲ့တဲ့ ကာပေါင်းကျ ဖြစ်စဉ်မှာ လူနှစ်ထောင်ကျော်လောက်ဟာ အိုးပစ်အိမ်ပစ်ပြီးတောထဲမှာ ထွက်ပြေးနေကြရပါတယ်။
အရင် ၇ ကြိမ်လောက် ပြေးဖူးကြလို့ တခါပြေးရင် တစ်လလောက်ကြာတယ်လို့ ဆိုကြပါတယ်။ အခုတော့ ရွာလယ်ခေါင်က ကာပေါင်းကျ အ.ထ.က ခွဲကျောင်းမှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားတယ်လို့ ဆိုပါတယ်။
တောထဲထွက်ပြေးနေကြတဲ့ ရွာသားတွေဆီကို ကာပေါင်းကျရွာအနီးအနားက တခြားရွာတွေက ရွာအခြေအနေကို လှမ်းပြောပြကြပါတယ်။ သြဂုတ်လ ၂၇ ရက်မှာ ကာပေါင်းကျရွာက နေအိမ်တချို့မှာ မီးလောင်တယ်လို့ ပြောပြကြပါတယ်။ ရွာသားတွေကတော့ သွားမကြည့်ရဲလို့ သူများပြောတာပဲ သိကြတယ်လို့ ဆိုပါတယ်။
" ရွာဘက်ကနေ မီးတောက်တွေ မြင်တယ်။ မီးညွန့်တွေမြင်ရတယ်ပေါ့။ ရွာမီးလောင်တယ် ပြောကြတယ်။ တချို့ကတော့ သေနတ်နဲ့လိုက်ပစ်တာကနေ မီးလောင်တာဖြစ်မယ်လည်း ပြောကြတယ်" လို့ ရွာခံတစ်ဦးက ပြောပါတယ်။
မီးလောင်တာနဲ့အတူ နောက်ထပ်ဒေသခံလူငယ်နှစ်ဦးလည်း သေဆုံးတယ်လို့ ပြောကြပါတယ်။ သေနတ်မှန်တဲ့ ဒေါ်စန်းမိုး သားအကြီးလည်း သေဆုံးခဲ့ပါတယ်။
ဒါကြောင့် ဒေါ်စန်းမိုးရဲ့ သားအကြီး ကိုမိုးဆွေဦး သေနတ်မှန်သေဆုံးမှု အပါအဝင် ဆိုရင် ကာပေါင်းကျရွာမှာ သြဂုတ် ၂၆ ရက် ဖြစ်စဉ်နောက်ပိုင်း လူငယ် ၃ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။
ကာပေါင်းကျရွာ မီးလောင်တာနဲ့ ပတ်သက်လို့ ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
လေးနာရီကြာ လှည်းမောင်းပြီးမှ သားနဲ့သမီးကိုတွေ့ရ
ဒေါ်စန်းမိုးဟာ သားအငယ်ဖုန်းဆက်ချိန် ညနေ ၅ နာရီကနေ ည ၉ နာရီခွဲအထိ လှည်းကို မောင်းခဲ့ရတာပါ။
မိုးရွာလို့ လမ်းတွေမကောင်းတဲ့အပြင် တောထဲမှာ လမ်းမှားနေတာကြောင့်လည်း ခရီးက ပိုကြာခဲ့ပါတယ်။ သူက လှည်းမောင်းနေကျမဟုတ်လို့ လမ်းမှာလည်း အတော် ဒုက္ခရောက်ခဲ့ပါတယ်။ လှည်းပေါ်ပါလာတဲ့ မြေးလည်း ညနေစာ မစားရလို့ ဆာလောင်နေပါပြီ။ သူကတော့ သေနတ်မှန်ထားတဲ့ သား၊သမီးတွေ အသက်ဘေးလွတ်ဖို့ တစ်လမ်းလုံး မျက်ရည်ကျရင်း ဆုတောင်းနေခဲ့တာပါ။
ဒါပေမဲ့ သားနဲ့သမီးဆီရောက်တော့ ဒေါ်စန်းမိုး ဆုတောင်း မပြည့်ပါဘူး။ အသက်မရှိတော့တဲ့ သားအကြီးရဲ့ ခန္ဓာကိုယ်ကို ဘေးမှာထားပြီး လက်မောင်းမှာ သေနတ်မှန်ထားတဲ့ သမီးငယ်ရဲ့ သွေးတွေကို သုတ်ပေးရင်းနဲ့ ကြောက်လန့်နေတဲ့ သားအငယ်ကို အားပေးရင်း တောထဲက တဲလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့နဲ့ ဒေါ်စန်းမိုးတို့မိသားစု တစ်ညတာ ကုန်လွန်ခဲ့ရပါတယ်။
"သူတို့မောင်နှမသုံးယောက်ကလည်း ပြေးကြတာပဲ။ သူတို့နေတဲ့ တောထဲကနေ နီးစပ်တဲ့ရွာမှာ ဗိုက်ဆာလို့ ထမင်းထွက်ရှာစားကြတာလို့ ပြောတယ်။ အဲဒီမှာ ထမင်းစားနေရင်း စစ်တပ်က တောနင်းရှာတာနဲ့ တိုးကြတယ် ပြောတယ်။ အဲဒီမှာ မိုးပေါ်ထောင်ပြီး သေနတ်ပစ်သံကြားတော့ သူတို့က ကြောက်တော့ ထွက်ပြေးရင်း ထိတယ်လို့ ပြောတယ်" လို့ ကာပေါင်းကျ ဒေသခံတစ်ဦးက ပြောပါတယ်။
မနက်လင်းချိန် သား ဈာပနအတွက် စီစဉ်၊ သမီးကို ဆေးရုံပို့
သွေးတွေအလိမ်းလိမ်းနဲ့ အသက်မဲ့နေတဲ့ သားကို သေနတ်မှန်တဲ့ တောထဲနေရာမှာ သင်္ဂြိုဟ်ပေးမယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ပြောပေမယ့် ဒေါ်စန်းမိုးက လက်မခံခဲ့ပါဘူး။
သားကို သူနေတဲ့နေရာမှာပဲ သင်္ဂြိုဟ်မယ်လို့ ဒေါ်စန်းမိုး ဆုံးဖြတ်ခဲ့ပါတယ်။ သမီးကို ဆေးရုံပို့ချင်တယ်ပြောတော့ မုံရွာစစ်ဆေးရုံမှာ စီစဉ်ပေးမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပရဟိတလူနာတင်ယာဥ်ကို ရှာရပါတယ်။ တောထဲအထိ လူနာတင်ယာဥ်မရောက်နိုင်တာကြောင့် လှည်းနဲ့ ရွာထိပ်ကို သွားကြရပြန်ပါတယ်။
သားအကြီးအလောင်းကို သူများလှည်းပေါ်တင် ၊ ဒဏ်ရာတွေနဲ့ သမီးကိုလည်း လှည်းပေါ် ထိုင်ခိုင်း၊ မြေးမလေးနဲ့ သားအငယ်ကို နှစ်သိမ့်ချော့မော့လို့ သူကိုယ်တိုင် လှည်းမောင်းပြီး သွားရပါတယ်။
သမီးကို လူနာတင်ယာဥ်ပေါ် ပို့အပြီးမှာတော့ သားအကြီးကို အဲဒီနေ့မှာပဲ သင်္ဂြိုဟ်ဖို့ ရွာခံတချို့က ကူညီ ဆုံးဖြတ်ပေးပါတယ်။
ဒေါ်စန်းမိုးကတော့ လူနာတင်ယာဉ်ပေါ် နောက်ဆုံးမှတက်ပြီး ဒဏ်ရာတွေနဲ့ သမီးလက်ကို ဆုပ်ကိုင်၊ မြေးမလေးကို ဖက်လို့ မုံရွာစစ်ဆေးရုံကို လိုက်သွားခဲ့ကြပါတယ်။
ကာပေါင်းကျရွာသားတစ်ဦးက သူမြင်ရတွေ့ရတဲ့ ဒေါ်စန်းမိုးတို့ မိသားစုအကြောင်းကို အခုလို ပြောပြပါတယ်။
"နီးစပ်ရာ ရွာကလူတချို့က ကူညီပေးလိုက်ကြတယ်။…မြင်ရတာနဲ့ကို တော်တော် ဝမ်းနည်းဖို့ ကောင်းတယ်ဗျာ။ ဒါမျိုးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျွန်တော်တို့ မြင်စမ်းစေချင်တယ်။ မိခင်တစ်ယောက်ရဲ့ သောကတွေကိုဗျာ။"