သံချပ်ကာ အမြောက်ကားတွေ ထုတ်နိုင်ဖို့ ယူကရိန်းက စက်ရုံဆောက်ပေး

ယူကရိန်းလုပ် BTR သံချပ်ကာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ယူကရိန်းလုပ် BTR သံချပ်ကာ

မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာသိမ်း ခဲ့တဲ့ ဖေဖေါ်ဝါရီလ နောက်ပိုင်းမှာကို ယူကရိန်း နိုင်ငံက စစ်လက်နက် ပစ္စည်းတွေ မြန်မာပြည်ထဲ ဆက်လက်ဝင်ရောက် နေခဲ့တယ်လို့ စစ်ရေး သုတေသီတွေက ပြောပါတယ်။

ယူကရိန်းရဲ့ နိုင်ငံပိုင် စစ်လက်နက် ကုမ္ပဏီဖြစ်တဲ့ ယူကရိုဘရွန်ဆားဗစ် ဟာ လေယာဉ် အစိတ်အပိုင်း ၁၆၄ ကီလို အလေးချိန် ပမာဏထိ အောင် ၂၀၂၁ မေလ အတွင်း မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ အမေရိကန် အခြေစိုက် ဒဖဲန့်စ်ပို့စ် စစ်ရေးစာစောင်က ရေးပါတယ်။

ဒါ့အပြင်၊ ယူကရိန်းရဲ့ အင်ဂျင်ကုမ္ပဏီဖြစ်တဲ့ မော်တော်ဆစ်ခ်ျလည်းပဲ ဖေဖေါ်ဝါရီ ၁ ရက် နောက်ပိုင်း အင်ဂျင်နဲ့ အင်ဂျင်စက် အစိတ်အပိုင်းတွေ မြန်မာပြည်ကို ပို့တာ နှစ်ကြိမ် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒုတိယ တစ်ခေါက်ပို့တာ မေလနှောင်းမှာ ဖြစ်ပြီး တာဘိုအင်ဂျင် အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ဒဖဲန့်စ်ပို့စ် စာစောင်က ရေးပါတယ်။

အဲဒီကာလဟာ မြန်မာအာဏာသိမ်း စစ်တပ်က ကရင်ပြည်နယ် မုထရော (ဖာပွန်) ခရိုင်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် ဒေသခံတွေ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးကြရတဲ့ အချိန် ဖြစ်ပါတယ်။

ယူကရိန်း အစိုးရပိုင် လက်နက် ကုမ္ပဏီတွေ ဖြစ်တဲ့ ယူကရိုဘိုရွန်ပရွန်နဲ့ ယူကရာစပက် အိတ်ဇ်ပို့ တို့ဟာလည်း မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ကြား စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး ဆိုင်ရာ ဖက်စပ် လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ယူကရိန်း နိုင်ငံက စစ်လက်နက် ပစ္စည်းတွေ မြန်မာပြည်ထဲ ဆက်လက် ဝင်ရောက်နေခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ယူကရိန်း နိုင်ငံက စစ်လက်နက် ပစ္စည်းတွေ မြန်မာပြည်ထဲ ဆက်လက် ဝင်ရောက်နေခဲ့

သံချပ်ကာကား ကိုယ်တိုင်ထုတ်နိုင်ဖို့ ယူကရိန်းဆီက အကူအညီရ

စစ်ကောင်စီရဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံးနဲ့ ယူကရိန်း ကုမ္ပဏီတွေ ဖက်စပ် ပူးပေါင်းပြီး BTR-4 သံချပ်ကာ လူတင်ယာဉ်တွေ၊ MMT-40 အပေါ့စား တင့်ကားတွေနဲ့ 2SIU တင့်ကားသုံး ဟောင်ဝစ်ဇာ အမြောက်တွေ ထုတ်လုပ်နိုင်တဲ့ စက်ရုံ တည်ဆောက်ဖို့ ပြုလုပ်နေကြတာ ဖြစ်တယ်လို့ နားလည် ရပါတယ်။

အရှေ့တောင်အာရှက နိုင်ငံတစ်ခုနဲ့ကြား အပေါ့စား သံချပ်ကာ ယာဉ်အမျိုးမျိုး အတွက် အပို ပစ္စည်းတွေ ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ဖို့ စာချုပ်ချုပ်ဆိုထားတယ် ဆိုပြီး ယူကရာစပက် အိတ်ဇ်ပို့ ဘက်က ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းကတည်းက ထုတ်ပြောဖူးပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံလို့ နာမည်တပ် မပြောပါဘူး။ စစ်ရေးသုတေသီတွေကတော့ ယူကရာစပက် အိတ်ဇ်ပို့ရဲ့ ၂၀၂၀ အောက်တိုဘာ ကြေညာချက်ဟာ မြန်မာနဲ့ကြား စာချုပ်ကို ရည်ညွှန်းတာ ဖြစ်ကြောင်း အခုအခါမှာ ပေါ်လွင်လာခဲ့ပြီလို့ ပြောကြပါတယ်။

ယူကရိန်းဟာ အဲဒီအချိန် စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက မြန်မာ စစ်တပ်ကို လက်နက် အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ၊ နည်းပညာတွေ ရောင်းချမှု အတွက် နိုင်ငံတကာ မျက်နှာစာမှာ အဝေဖန် ခံနေခဲ့ရပြီး ဖြစ်ပါတယ်။

အဓိက ဝေဖန်သူကတော့ ကုလ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထူထောင်တဲ့ မြန်မာ့အရေး အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့က ဖြစ်ပါတယ်။

မြန်မာ စစ်တပ်ရဲ့ လက်နက် ပစ္စည်း ထုတ်လုပ်နိုင်စွမ်း အခြေခံ အဆောက်အဦးကို ထောက်ပံ့ ကူညီနေသူတွေထဲ ယူကရိန်း ပါ၀င်ပြီး၊ နိုင်ငံတကာ ကန့်ကွက်မှုတွေ၊ ဆုံးဖြတ်ချက်တွေ ရှိနေပေမယ့် ယူကရိန်း အနေနဲ့ လုံး၀ ကိုယ်ရှိန် မသတ်ဘူးလို့ အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့က စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက အစီရင်ခံစာ ထုတ်ထားတာ ရှိပါတယ်။

လက်နက်စက်ရုံ ပြီးစီးပြီလား

ဓာတ်ပုံ ရင်းမြစ်, ယူကရိုဘိုရွန်ပရွန်

ဓာတ်ပုံ ပုံစာ, လက်နက်စက်ရုံ ပြီးစီးပြီလား

စက်ရုံစီမံကိန်း အထမြောက်ပြီလား

အခု မြန်မာစစ်တပ်အတွက် တည်ဆောက်ပေးနေတဲ့ လက်နက်စက်ရုံ ပြီးစီးပြီလား ဆိုတာကို ဒဖဲန့်စ်ပို့စ်က ယူကရိုဘိုရွန်ပရွန်ကို မေးတဲ့ အခါမှာတော့ အဲဒီ ယူကရိန်း ကုမ္ပဏီ ပြောခွင့်ရ ဂျူလီယာ မာကို အတည်ပြုတာ မလုပ်သလို၊ ငြင်းလည်း မငြင်းပါဘူး။

ယူကရိုဘိုရွန်ပရွန်ရဲ့ စီးပွားရေး ဆိုင်ရာ လုပ်ဆောင်မှုတွေဟာ အများကို ထုတ်ပြောစရာ မလိုပဲ လုံခြုံစွာ လျှို့ဝှက်ထားနိုင်ခွင့် ရှိတဲ့အပြင်၊ စီးပွားဘက် ဖြစ်သူရဲ့ သဘောတူညီမှု မရှိပဲနဲ့ ထုတ်ပြောလို့ မရတာမျိုးတွေလည်း ရှိတယ်ဆိုပြီး ဂျူလီယာ မာကိုက ပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်နဲ့ နည်းပညာတွေ ပေးနေတာဟာ ဥပဒေနဲ့ ညီရဲ့လား ဆိုတာထက် ပိုပြီး ကျင့်ဝတ်ပိုင်း အရ မှန်ရဲ့လား ဆိုတဲ့ မေးခွန်းမျိုး ထုတ်ရမှာ ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူ တချို့က ထောက်ပြ ကြပါတယ်။

ဗီဒီယို ပုံစာ, ဒီးမော့ဆိုမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တိုက်ပွဲဖြစ်

အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့

မြန်မာစစ်တပ်ရဲ့ တကျော့ပြန် စစ်အာဏာသိမ်းမှု အပေါ် တုန့်ပြန်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၂၀၀၂၁ ဇွန်လ ဆုံးဖြတ်ချက် ချမှတ်တဲ့ အခါမှာ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ စီးဝင်နေမှု ရပ်တန့်ရေး ဆိုတဲ့ အချက် ပါဝင်ပါတယ်။

အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ မဖြစ်မနေ လိုက်နာ ဖော်ဆောင်ရမယ်ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ပေမယ့် ထောက်ခံ အတည်ပြုတဲ့ နိုင်ငံပေါင်း ၁၁၉ နိုင်ငံထဲမှာ ယူကရိန်းလည်း အပါအ၀င် ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗော်လိုဒမီယာ ဇလင်စကီးဟာ သူ့နိုင်ငံဟာ ရုရှားရဲ့ အာဏာရှင်စနစ် လောင်းရိပ်က လွတ်အောင် ဒီမိုကရေစီ အရေး တိုက်ပွဲ ဝင်နေတဲ့ နိုင်ငံဖြစ်တယ် ဆိုပြီး ကြိမ်ဖန်များစွာ ပြောဖူးသူ ဖြစ်ပါတယ်။

လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို တန်ဖိုးထားကြောင်းလည်း သမ္မတ ဇလင်စကီးက ပြောလေ့ ရှိပါတယ်။

အပေါ့စား သံချပ်ကာ ယာဉ်အမျိုးမျိုး အတွက် အပို ပစ္စည်းတွေ ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ဖို့ စာချုပ်ချုပ်ဆိုထား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အပေါ့စား သံချပ်ကာ အမျိုးမျိုး အတွက် အပို ပစ္စည်းတွေ ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ဖို့ စာချုပ်ချုပ်ဆိုထား

မြန်မာပြည် စစ်အာဏာ သိမ်းခံရပြီးတဲ့နောက် မြန်မာအရေး ကုလ အထွေထွေညီလာခံမှာ ပြောကြဆိုကြတုန်းက ယူကရိန်းရဲ့ ကုလသံအမတ်က သမ္မတ ဇလင်စကီး ပြောဆိုလေ့ ရှိထားတာတွေကို ပဲ့တင်ထပ်ပြီး ပြောခဲ့ပါတယ်။

"ပြည်သူတွေရဲ့ ရွေးချယ်မှု အခိုးယူခံရတာမျိုးဟာ ဘယ်လောက် နာကျင်ရသလဲ ဆိုတာ ယူကရိန်း ပြည်သူတွေ အသိဆုံးပဲ"လို့ သံအမတ် ကေလက်ဆီယာက ပြောခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာပြည်ထဲက ဒီမိုကရက်တစ် အင်အားစုတွေနဲ့ အတူ ခိုင်မြဲစွာ ရပ်တည်မယ်၊ သူတို့ဟာ သူတို့ ရွေးချယ်တဲ့သူတွေရဲ့ ခေါင်းဆောင်မှုအောက်မှာပဲ နေပိုင်ခွင့် ရှိသူတွေ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

အဲဒီလို မြန်မာ့ ဒီမိုကရေစီရေးကို အားပေးကြောင်းပြောပြီး၊ လက်နက် စီးဝင်မှု ရပ်တန့်ရေး အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံမဲ ပေးခဲ့တဲ့ ယူကရိန်းဟာ လက်တွေ့မှာတော့ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ကြား စစ်လက်နက် ထုတ်လုပ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်ရှိနေတာ ဖြစ်တယ်လို့ စစ်ရေး အကဲခတ်တွေက ထောက်ပြ ဝေဖန်လာတာ ဖြစ်ပါတယ်။

ယူကရိန်း ပြောခဲ့တာတွေဟာ စကားလုံးတွေ သက်သက်မျှသာ ဖြစ်ပြီး၊ အနှစ်သာရ ရှိမနေဘူးလို့ ဒဖဲန့်စ်ပို့စ် စစ်ရေးစာစောင်က ဝေဖန်ထားပါတယ်။