ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အထူးသံ ဆွန်းကော်ရှန်းရဲ့ နေပြည်တော် ခရီးစဥ်အကြောင်း ဘေဂျင်းဘက်က ဘာပြောလဲ
မြန်မာစစ်ခေါင်းဆောင်နဲ့ တရုတ် အထူးသံတမန် ဆွန်းကော်ရှန်းတို့ တွေ့ဆုံကြတဲ့ သတင်းကို တရုတ်ပြည်မကြီး အစိုးရ နိုင်ငံခြားရေးဌာနက အတည်ပြု ဖြေကြားပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ တရုတ်ပြည်မကြီး အစိုးရ နိုင်ငံခြားရေးဌာနရဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ရှန်ကျန်း ရုပ်သံ သတင်းဌာနရဲ့ အမေးကို ပြောခွင့်ရ ကျောင်လီကျန်းက အတည်ပြုတာ ဖြစ်ပါတယ်။
အဲဒီ နိုဝင်ဘာ ၁၆ သတင်းစာ ရှင်းလင်းပွဲဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့ အွန်လိုင်း ဗီဒီယိုကနေ တဆင့် ဆွေးနွေး စကားပြောခဲ့ကြတဲ့ နေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပါတယ်။
တရုတ်- အမေရိကန် ဆက်ဆံရေး သမိုင်းမှာ နိုင်ငံခေါင်းဆောင် နှစ်ယောက် အခုလို အွန်လိုင်းကနေ တဆင့် ထိပ်သီးဆွေးနွေးပွဲ လုပ်တာ ပထမဆုံး အကြိမ် ဖြစ်ပြီး၊ အဲဒီ အစည်းအဝေး အပြီးမှာ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီး ရှဲ့ဖန်းက ခေါင်းဆောင်တွေ ဘာတွေ ပြောဆိုခဲ့ကြသလဲ ဆိုတာ သတင်းထောက်တွေကို ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် တစ်နေ့တည်းမှာ ရှိနေတဲ့ နိုင်ငံခြားရေး ဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း သမ္မတ နှစ်ဦးရဲ့ ဆွေးနွေးပွဲ အကြောင်းကပဲ အဓိက လွှမ်းမိုး နေခဲ့ပါတယ်။
ဆွန်းကော်ရှန်း ခရီးစဥ်အကြောင်း အတည်ပြု
ကွမ်းတုံပြည်နယ် အခြေစိုက် ရှန်ကျန်းရုပ်သံ ဌာနကတော့ မြန်မာပြည်ရောက် တရုတ် အထူးသံ ဆွန်းကော်ရှန်းရဲ့ ခရီးစဥ် အကြောင်း မေးမြန်းခဲ့တာမှာ ပြောခွင့်ရ ကျောင်လီကျန်းက အတည်ပြု ဖြေကြားပါတယ်။
တရုတ် အစိုးရ နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးသံ ဆွန်းကော်ရှန်းဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး အာဆီယံ သဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေး အပါအဝင် မြန်မာ-အာဆီယံ ဆက်ဆံရေး၊ အာဆီယံ-တရုတ် ဆက်ဆံရေး တွေအကြောင်း အမြင်ခြင်း ဖလှယ်ခဲ့ကြတယ် ဆိုတဲ့ သတင်းကို အတည်ပြု ပေးနိုင်လား ဆိုပြီး ရှန်ကျန်းရုပ်သံက မေးတာ ဖြစ်ပါတယ်။
အထူးသံ ဆွန်းကော်ရှန်းဟာ မြန်မာပြည်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ သွားခဲ့တယ်၊ ခရီးစဥ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုအစိုးရရုံး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့နဲ့ တွေ့ခဲ့ကြတယ်လို့ ပြောခွင့်ရ ကျောင်က အတည်ပြုပါတယ်။
မြန်မာနိုင်ငံထဲက သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး အနေနဲ့ ဖွဲ့စည်းပုံ အပါအဝင် ဥပဒေ မူဘောင်ထဲကနေ တွေ့ဆုံဆွေးနွေး ကြရာကတဆင့် နိုင်ငံရေး ဆိုင်ရာ အဖြေရှာနိုင်ရေးကို မြန်မာရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်က အားပေးတယ် ဆိုပြီး မြန်မာပြည် စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီးနောက်ပိုင်း တရုတ် နိုင်ငံခြားရေး ဌာန ပြောလေ့ရှိနေတဲ့ သူတို့ရဲ့ တရားဝင် ရပ်တည်ချက်ကို ပြောခွင့်ရ ကျောင်က ဦးစွာ ပထမ ထပ်လောင်း ပြောကြားပါတယ်။
တရုတ်အစိုးရရဲ့ ရပ်တည်မှု
အဲဒီနောက်မှာတော့ အာဆီယံ မိသားစုဝင် အရေးကြီးတဲ့ နိုင်ငံဖြစ်တဲ့ မြန်မာဟာ သဘောတူမှု ၅ ချက် အကောင်အထည်ဖော်ရေး အာဆီယံနဲ့ လက်တွဲလုပ်ရေး အပေါ်မှာ တရုတ်က တက်ကြွစွာ အားပေးတယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။
မြန်မာနိုင်ငံထဲ လူမှုအဖွဲ့အစည်းအတွင်း တည်ငြိမ်ရေး နဲ့ ဒီမိုကရေစီ ပြုပြင်ရေးဆီ စောလျှင်စွာ ပြန်သွားနိုင်ရေးတို့ အတွက် တရုတ် အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ တက်ကြွစွာ ပါဝင် သွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
အထူးသံတမန် ဆွန်းဟာ စင်္ကာပူနဲ့ ဘရူနိုင်း နိုင်ငံတို့ကိုလည်း သွားရောက်ခဲ့တယ်လို့ ပြောခွင့်ရ ကျောင်က သူ့ရဲ့ ဖြေကြားချက်ထဲ ထည့်သွင်း ပြောဆိုသွားပါတယ်။
အထူးသံ ဆွန်းကော်ရှန်းနဲ့ကြား တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်က ပြောကြားချက်ထဲမှာတော့ စစ်ကောင်စီချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဥ်တွေ၊ ဦးတည်ချက်တွေ အကြောင်း ဆွေးနွေးကြတယ် ဆိုတဲ့ အပေါ် အသားပေးထားပါတယ်။
ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲ မြန်မာ-အာဆီယံ ဆက်ဆံရေး၊ အာဆီယံ-တရုတ် ဆက်ဆံရေး အကြောင်းအရာတွေ ပါဝင်တယ်လို့တော့ စစ်ကောင်စီဘက်ကလည်း အတည်ပြုထားတာ ရှိပါတယ်။
အာဆီယံနဲ့ကြား ဆက်ဆံရေး နောက်တဆင့်မြှင့်မယ် ဆိုတဲ့ တရုတ်ရဲ့ ရည်မှန်းချက်
တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေကြား အခု နိုဝင်ဘာလ နှောင်းပိုင်းမှာ အထူး ထိပ်သီးဆွေးနွေးပွဲ လုပ်ဖို့ တရုတ်ဘက်က စီစဥ်ထားပါတယ်။
အဲဒီ အစီအစဥ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ အာဆီယံ ထိပ်သီးညီလာခံမှာ ပါဝင်ခဲ့တဲ့ တရုတ် ဝန်ကြီးချုပ် လီကာချန်းက အကြံပြု တင်ပြခဲ့တာ ဖြစ်ပြီး အာဆီယံဘက်ကလည်း ကြိုဆို သဘောတူခဲ့ကြပါတယ်။
အမေရိကန်ကလည်း ထိုးဖောက် ဩဇာလွှမ်းနိုင်ဖို့ ကြိုးစားနေတဲ့ အာဆီယံဒေသမှာ တရုတ်အစိုးရ အနေနဲ့ ရှိရင်းစွဲ ဆက်ဆံရေးတွေကို ပိုတိုးမြှင့်လိုတဲ့ သဘောဆန္ဒ ရှိနေတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။
ဒါ့ကြောင့် သမ္မတရှီနဲ့ အာဆီယံ ခေါင်းဆောင်တွေကြား ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်ကို တရုတ်ဘက်က သီးသန့် စီစဥ်လာကြတာ ဖြစ်ပြီး၊ အာဆီယံနဲ့ကြား တိုးမြှင့်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ဆက်ဆံရေးကို တရုတ်ဘက်က "ဘက်ပေါင်းစုံ ဗျူဟာမြောက် သဘောတူမှု" ဆိုတဲ့ ခေါင်းစဥ် ပေးထားပါတယ်။
ဘေဂျင်းအစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ် ကတည်းက အာဆီယံ နိုင်ငံတွေ အပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန် နိုင်ငံတွေပါ ပါဝင်ပြီး အာရှ ပစိဖိတ် ဒေသတွင်း ဘက်ပေါင်းစုံ စီးပွားရေး မိတ်ဖက် ဆက်ဆံရေး သဘောတူ စာချုပ် RCEP ဆိုတာကို လက်မှတ်ထိုး ထားပါတယ်။
ဒါပေမယ့် အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံတချို့ ဟာ စာချုပ်ကို အတည်ပြုဖို့ ကျန်နေသေးတာကြောင့် တကယ်တမ်း RCEP ဟာ အသက်ဝင် မလာနိုင် ဖြစ်နေပါတယ်။
တရုတ် အနေနဲ့ RCEP ကို အသက်ဝင်အောင် လုပ်ကြဖို့ ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး တုန်းကလည်း တိုက်တွန်းခဲ့သလို၊ တပြိုင်တည်းမှာပဲ အာဆီယံနဲ့ကြား ဆက်ဆံရေး နောက်တဆင့် မြှင့်မယ် ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို ချပြပြီး သမ္မတရှီနဲ့ကြား အထူး ထိပ်သီးဆွေးနွေးပွဲ တစ်ရပ် ကျင်းပဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။
ရှီ-အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဌ ပါဝင်ခွင့် ရမှာလား
အထူးသံ ဆွန်းကော်ရှန်းရဲ့ အခု နိုဝင်ဘာလလယ် နေပြည်တော် ခရီးစဥ်ဟာ ရှီ-အာဆီယံ ထိပ်သီးညီလာခံမှာ စစ်ကောင်စီ ဥက္ကဌ ပါဝင်ခွင့် ရအောင် လာပြီး လမ်းဖွင့်ပေးတာ ဆိုတဲ့ အမြင်မျိုးတွေ အကဲခတ်တွေကြား ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။
နေပြည်တော် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာတွေ အာဆီယံ-မြန်မာ ဆက်ဆံရေး၊ အာဆီယံ-တရုတ် ဆက်ဆံရေး အကြောင်းတွေ ပါဝင်တယ်လို့ နှစ်ဘက်လုံးက ပြောလာပေမယ့် ဘယ်လို သဘောတူမှုတွေ၊ ကတိကဝတ်တွေ ရခဲ့သလဲ ဆိုတာတော့ အသေးစိတ်တွေ မပြောကြသေးပဲ ရှိနေပါတယ်။
ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ ချန်ထားခံရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ အခု သမ္မတ ရှီနဲ့ တွေ့ဆုံပွဲမှာ ပါဝင်ခွင့် ရလာမယ် ဆိုရင် နိုင်ငံတကာ ဆက်ဆံရေး၊ သံခင်းတမန်ခင်း ဆိုင်ရာ အောင်မြင်မှု တစ်ခု ဖြစ်လာမယ်လို့ ရှုမြင်နေကြပါတယ်။
ရှီ-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တရုတ်ရဲ့ အကြံပြုချက်ကို အတော်လေး ကြိုဆို ထောက်ခံခဲ့ကြသူတွေထဲ မြန်မာ့ ဒီမိုကရေစီ အရေးကို အားပေးပြီး စစ်ကောင်စီ အပေါ် ဖိအားပေးရေးမှာ တက်ကြွ ခဲ့ကြတဲ့ စင်္ကာပူ၊ မလေးရှား လို နိုင်ငံတွေလည်း ပါဝင်နေပါတယ်။
ဒီတစ်ခေါက် ရှီ-အာဆီယံ အစည်းအဝေးမှာတော့ စစ်ကောင်စီ ဥက္ကဌကို ပါဝင်ခွင့် ပေးဖို့ တရုတ်ဘက်က ပြောလာခဲ့ရင် အာဆီယံ ခေါင်းဆောင်တွေ လက်ခံမှာလား၊ သဘောထား ဘယ်လို ရှိမလဲ ဆိုတာ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။
တရုတ် အထူးသံကတော့ မြန်မာပြည်ကိုတင်မက စင်္ကာပူနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူနိုင်း တို့ကိုပါ သွားရောက်ခဲ့ကြောင်း ဘေဂျင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရရဲ့ ထုတ်ဖော် ပြောဆိုမှုကြောင့် သိလာရပြီ ဖြစ်ပါတယ်။
"မြန်မာအရေး ကိုင်တွယ်ဖြေရှင်းရေးမှာ အာဆီယံကို ဦးစီးဦးဆောင် ကမကထ လုပ်ဖို့ တရုတ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တဖွဖွ ပြောနေရင်းမှာပဲ၊ တကယ်တမ်း အာဆီယံ အဖွဲ့တွင်းမှာတော့ မြန်မာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကို တာဝန်ယူ မချမှတ် နိုင်ဘူး ဆိုရင် အဓိပ္ပာယ်" မရှိလှဘူးလို့ NUG ရဲ့ အာဆီယံ ဆိုင်ရာ သံအမတ် ဦးဘိုလှတင့်က ဘီဘီစီကို ပြောပါတယ်။
တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ဖြစ်စေ အခု ကျင်းပဖို့ ရှိတယ်ဆိုတဲ့ ထိပ်သီးညီလာခံမှာ စစ်ကောင်စီ ဥက္ကဌသာ မြန်မာကို ကိုယ်စားပြု ပါဝင်ခွင့်ရလာခဲ့ရင် အာဆီယံ အနေနဲ့ မြန်မာအရေး ဦးဆောင် ဖြေရှင်းနိုင်စွမ်း တကယ်ရှိရဲ့လား၊ ယုံကြည်ကိုးစားဖွယ် ရှိနိုင်မှာလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာလိမ့်မယ်" ဆိုပြီးတော့လည်း ဦးဘိုလှတင့်က ပြောပါတယ်။
"မြန်မာ အရေးနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့အတွင်းမှာကို ခိုင်မာ ညီညွတ်တဲ့ မူဝါဒ ချမှတ်ထား နိုင်မှသာ နိုင်ငံတကာက တွန်းအားပေးနေသလို အာဆီယံ လမ်းကြောင်းနဲ့ မြန်မာ့အရေး အဖြေရှာနိုင်ဖို့ ဆိုတာ မျှော်လင့်ချက် ရှိလိမ့်မယ်" လို့လည်း ဦးဘိုလှတင့်က ဆိုပါတယ်။