ဆာဆာကာဝါရခိုင်ခရီးစဉ်အပြီး သုံ့ပန်းတွေ ပြန်လွှတ်ကြောင်း အေအေ ကြေညာ

ရခိုင်လက်နက်ကိုင် အဖွဲ့ AA က ဖမ်းထားတဲ့ သူတွေ ပြန်လွှတ်ပေးဖို့ ရှိတယ် ဆိုပြီး နိပွန် ဖောင်ဒေးရှင်း ဥက္ကဌ ယိုဟေး ဆာဆာကာဝါက စစ်တွေမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီးတဲ့နောက် နာရီအတန်ကြာတဲ့ အခါ စစ်သား ရဲသား ၁၅ ယောက်ကို ပြန်လွှတ်လိုက်ပြီ ဆိုတဲ့ အေအေရဲ့ ထုတ်ပြန်ချက် ထွက်လာပါတယ်။

ပြန်လွှတ်တဲ့ သုံ့ပန်း ၁၅ ယောက်ထဲမှာ ရာထူးအဆင့် အကြီးဆုံး ဖြစ်ဟန်တူတဲ့ ဆေးဗိုလ်ကြီး ရဲလင်းစိုးကို နာမည်နဲ့တကွ ပြောပြီး အေအေအင်ဖိုဒက်စ် ရဲ့ ရုရှား ဆိုရှယ်မီဒီယာ ဗီကေ အကောင့် ကနေ တဆင့် ကြေညာတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်၊ တနင်္လာနေ့ ညဦးပိုင်း ၇ နာရီခွဲ အချိန်မှာ ပုဏ္ဏားကျွန်းမြို့နယ်ထဲက တောင်ပေါက်နဲ့ ဒီပါရုံ နှစ်ရွာကြား ကျောက်ကွင်း နေရာအနီးမှာ စစ်သား ရဲသား စုစုပေါင်း သုံ့ပန်း ၁၅ ယောက်ကို ဗိုလ်မှူး ဇေခိုင်ဟိန်း လက်ထဲ ပြန်ထည့် ပေးလိုက်တယ်လို့ ဆိုပါတယ်။

လွှတ်ပေးရတဲ့ အကြောင်းတွေထဲ ကျန်းမာရေး အခြေအနေပေါ် အခြေခံနဲ့ ကိုဗစ်နိုင်တင်း ကူးလာခဲ့ရင် ဆိုတဲ့ အချက်ကို ထည့်စဥ်းစားပြီး လွှတ်ပေးတာလို့ အေအေက ဆိုပါတယ်။

ဒီလို လွှတ်ပေးတဲ့ အတွက် အပြန်အလှန်အနေနဲ့ အကျဥ်းထောင်တွေထဲမှာ ရှိနေတဲ့ အေအေ တပ်ဖွဲဝင်တွေ လွတ်မြောက်ရေးကိုလည်း လိုလားတယ်လို့ တပါတည်း တောင်းဆိုထားတာ တွေ့ရပါတယ်။

မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်မှု အကြောင်းကိုတော့ ထည့်သွင်း ပြောမထားပါဘူး။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်ထဲက နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ

နိုင်ငံခြား ကိုယ်စားလှယ်တွေ အဆင့်မြင့် သံတမန်တွေ နေပြည်တော်ကို အဝင်အထွက်များနေတဲ့ အခု ရက်ပိုင်းမှာ စစ်ကောင်စီက သိုဝှက်မထားပဲ လှုပ်ရှားမှုတွေ အကြောင်း ပေါ်ပေါ်ထင်ထင်ပဲ လူအများကို ပေးသိနေတာကတော့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါရဲ့ ခရီးစဥ်ပဲ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဥ်ကို ကူညီဖို့ တာဝန်ပေးထားတဲ့ ဘေဂျင်းက နိုင်ငံခြားရေး အဆင့်မြင့် အရာရှိ ဆွန်းကော်ရှန်းရဲ့ နေပြည်တော်ခရီးစဥ်နဲ့ နှိုင်းယှဥ်ရင် အထူးသံဆွန်းရဲ့ ဩဂုတ်လ တစ်ပတ်ကြာ ခရီးတုန်းကလိုပဲ အခုတစ်ခေါက်မှာလည်း စစ်ကောင်စီက ခပ်ဆိတ်ဆိတ်ပဲ နေနေပါတယ်။

(အရင်တခေါက်တုန်းကတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောမှ ဆွန်းကော်ရှန်း လာသွားတယ်ဆိုတာ သိခဲ့ရပြီး၊ အခုတစ်ခေါက်မှာတော့ တရုတ် အထူးသံတမန် ရောက်နေတဲ့ အကြောင်း၊ စစ်ခေါင်းဆောင်နဲ့ တွေ့တဲ့အကြောင်း ဆိုတာလောက်ထိ တော့ စစ်ကောင်စီဘက်က အတည်ပြုပါတယ်)

မစ္စတာ ဆာဆာကာဝါလည်း နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ပြီး ရက်ပိုင်းမှာပဲ ရခိုင်ကို နိုဝင်ဘာ ၁၅၊ တနင်္လာနေ့မှာ သွားပါတယ်။

အေအေနဲ့တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာကနေ အပစ်ရပ်သွားအောင် အဓိက ကြားဝင်ခဲ့သူဟာ မစ္စတာ ဆာဆာကာဝါ ဖြစ်တယ်လို့ နိုင်ငံတကာ ပဋိပက္ခများ စောင့်ကြည့်လေ့လာရေး အဖွဲ့က ဆိုထားပါတယ်။

အခု ခရီးစဥ်မှာလည်း မစ္စတာ ဆာဆာကာဝါက သူ ရခိုင်ထိလာတာဟာ အပစ်ရပ်နေတာ ၂ နှစ်ပြည့်ချိန် အခြေအနေတွေကို လာပြီး လေ့လာတာလို့ ဆိုပါတယ်။

အေအေခေါင်းဆောင်တွေနဲ့ အွန်လိုင်းက တဆင့် တွေ့ဆုံပြီး လက်ရှိ အပစ်ရပ်နေတဲ့ အနေအထားအတိုင်း ဆက်ထိန်းထားနိုင်ဖို့ ကိစ္စတွေ ပြောဆို ဆွေးနွေးခဲ့တယ်လို့လည်း စစ်တွေ သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန် ငြိမ်းချမ်းရေး သံတမန်က ထုတ်ပြောပါတယ်။၏

ဒါ့အပြင် အေအေဘက်က သုံ့ပန်းတွေ လွှတ်လာပေးမယ် ဆိုပြီးတော့လည်း တပါတည်း တင်ကြို ပြောသွားခဲ့တာ ဖြစ်ပြီး၊ တကယ်လည်း ညပိုင်းရောက်တဲ့ အခါ အထက်မှာ ပြောထားသလို အေအေက စစ်သားနဲ့ရဲ ၁၅ ယောက် ပြန်လွှဲပေးလာတာ ဖြစ်ပါတယ်။

ဆာဆာကာဝါရဲ့ ဆိုင်းလင့် ဒစ်ပလိုမေစီ

နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ ယိုဟေးဆာဆာကာဝါကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေ စပြီး တာဝန်ပေးပါတယ်။

"ကျွန်တော်ဟာ မြန်မာနိုင်ငံထဲမှာ လူသာချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ အပါအဝင် လှုပ်ရှားမှုတွေ နှစ်ရှည်လများ လုပ်ကိုင်နေသူ ဖြစ်တဲ့ အတွက် အရပ်သား တစ်ယောက် ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေး အကျိုးဆောင် အထူးသံတမန် တာဝန်ကို ဂျပန်အစိုးရက ကျွန်တော့်ကို ပေးပါတယ်။

အဲဒီ အထူးသံဆိုတဲ့ ရာထူးတာဝန်မှာ ဘာတွေ လုပ်ဆောင်ရမယ် ဆိုပြီး အသေ သတ်မှတ်ထားတာ၊ ကန့်သတ် ပြဌာန်းထားတာ မရှိပါဘူး။

ကျွန်တော်ကတော့ မြန်မာနိုင်ငံထဲက အဖွဲ့တိုင်း၊ အုပ်စုတိုင်းနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ ပြောတာတွေကို နားထောင်ပါတယ်။ ဆွေးနွေးပွဲ စကားဝိုင်းတွေဆီ အရောက်သွားကြဖို့ တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲ ပါဝင် ပတ်သက်နေသူတွေ အားလုံးရဲ့ ယုံကြည်မှုကို ရဖို့ဆိုတာ ငြိမ်းချမ်းရေးတမန်ရဲ့ အဓိက တာဝန်ပဲလို့ ပြောရင် ရပါတယ်" ဆိုပြီး ဆာဆာကာဝါ ကိုယ်တိုင် သူ့ရဲ့ ဘလော့ဂ်စာမျက်နှာမှာ အခုနှစ်လယ်ပိုင်းမှာပဲ ရေးသားခဲ့ပါတယ်။

"မြန်မာပြည်မှာ ကိုယ့်စကားဟာ သူများကို အရှက်တကွဲ အကျိုးနည်း ဖြစ်မသွားစေဖို့ အတော်လေး ဂရုစိုက်ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်လည်းပဲ ကိုယ်ဘာပြောသလဲ ဆိုတာအပေါ် ဂရုစိုက်ပြီး အတော်ထိန်းပါတယ်။ တစ်ခုခု မှတ်ချက်စကား ပြောပြီဆိုရင် လူအများက ဝိုင်းအာရုံစိုက်တာ ခံရတဲ့ အတွက် ထိန်းထိန်းသိမ်းသိမ်း ပြောရပါတယ်" လို့လည်း ဆာဆာကာဝါက ဆိုပါတယ်။

လူမျိုးစုနွယ်တွေ ၁၃၅ မျိုး ရှိတယ်ဆိုတဲ့ မြန်မာနိုင်ငံထဲက အရေးကိစ္စတွေဟာ ဂျပန်က တချို့သူတွေ ထင်နေသလို တဖြောင့်တည်း ရှင်းရှင်းလင်းလင်း ရှိနေတာ မဟုတ်ပါဘူး လို့ ဆာဆာကာဝါက ပြောဆိုရင်းမှာပဲ သူကျင့်သုံး နေတဲ့ သံခင်းတမန်ခင်း နည်းဟာ ဆိုင်းလင့် ဒစ်ပလိုမေစီ နည်းပဲလို့ ဝန်ခံ ပြောကြားထားတာ တွေ့ရပါတယ်။

"ဆိုင်းလင့် ဒစ်ပလိုမေစီ" အသံမဆူညံစေတဲ့ သံခင်းတမန်ခင်း နည်း ဆိုတာ တော်တော်လေး ပျော့ပျော့ပြောင်းပြောင်း သဘောထားနဲ့ အငြင်းသာဆုံး ချည်းကပ်တာ ဖြစ်တယ်လို့ နိုင်ငံတကာ ဆက်ဆံရေး ပညာရပ်မှာ ဖွင့်ဆိုကြပါတယ်။

"ဘယ်လို ဝေဖန်မှုတွေ အပုပ်ချမှုတွေ ရှိနေပါစေ၊ မြန်မာနိုင်ငံထဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဖြေရှင်းရေးမှာ ကူညီနိုင်ဖို့ ကျွန်တော် နေ့စဥ် ကြိုးစားအားထုတ် နေပါတယ်။ ကျွန်တော့်ရဲ့ မစ်ရှစ် ၊ ရည်မှန်းချက် အထမြောက် အောင်မြင်ဖို့ ဆိုင်းလင့် ဒစ်ပလိုမေစီ နည်းကိုပဲ အခိုင်အမာ စွဲကိုင်သွားမယ်" လို့ မစ္စတာ ဆာဆာကာဝါက ရေးထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂျပန်ဓား

မစ္စတာ ဆာဆာကာဝါ ပြောတဲ့ ဆိုင်းလင့် ဒစ်မလိုမေစီ ငြင်သာစွာ ချည်းကပ်ခြင်း နည်းလမ်း ဆိုတာကို ဖော်ပြနေတာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆိုတဲ့ နိုင်ငံရေး တောင်းဆိုမှုမျိုးကို စစ်ကောင်စီ အပေါ် သူကနေ ဖိအားပေး ပြောတာမျိုး မတွေ့ရပါဘူး။

ဒါပေမယ့် သူနဲ့ သူ့ရဲ့ နိပွန်ဖောင်ဒေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေတွေ ဖြစ်တယ် ဆိုတဲ့ အချက်ကို ထင်ထင်ရှားရှား ပြသနေတဲ့ အကြောင်းအရာတချို့ကို ဆာဆာကာဝါက ရေးပါတယ်။

အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂျပန်ဓား အကြောင်း ဖြစ်ပါတယ်။

ဂျပန် တော်ဝင် တပ်မတော်ကနေ ဗိုလ်ချုပ်ကို ပေးတဲ့ ဓားကို ပြန်လည် မွမ်းမံထိန်းသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နိပွန် ဖောင်ဒေးရှင်းကို တာဝန်ပေးထားတယ်လို့ မစ္စတာ ဆာဆာကာဝါက ဆိုပါတယ်။

"မစ္စ အောင်ဆန်းစုကြည်က အဲဒီတာဝန်ကို ၂၀၂၀ တုန်းက ပေးထားတာ။ အခု ဂျပန် နိုင်ငံ အနောက်ပိုင်း အိုကာယာမာနယ်မှာ ရှိတဲ့ ပညာရှင်တွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂျပန်ဓားကို ထိန်းသိမ်းမွမ်းမံနေကြတယ်။ အခြေအနေ အတော်လေး ကောင်းနေတယ်" ဆိုတဲ့ မစ္စတာ ဆာဆာကာဝါရဲ့ အရေးသားဟာ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကြားမှာ ထားရှိတဲ့ ဆက်ဆံရေး အကြောင်း သိသာစေပါတယ်။

"ဖခင်ဗိုလ်ချုပ်ရဲ့ဓားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထဲ တစ်နေ့ ကိုယ်တိုင်ကိုယ်ကျ ပြန် အပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်" လို့ မစ္စတာ ဆာဆာကာဝါက ဆိုထားပါတယ်။